Friday, October 3, 2008

ပျောက်ဆုံးနေသည့် မကွေးတိုင်း အဖွဲ့ချုပ်လူငယ်တာဝန်ခံကို တွေ့ပြီ



ကိုသက် | အောက်တိုဘာ ၂၊ ၂၀၀၈

အဖမ်းခံထားရသည်မှာ တလရှိပြီဖြစ်ပြီး စစ်ကြောရေးစခန်းတွင် သေဆုံးသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် မကွေးတိုင်း အဖွဲ့ချုပ်လူငယ်တာဝန်ခံ ကိုအောင်မိုးလွင်ကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းရဲစခန်းတွင် တွေ့ခဲ့သည်ဟု မကွေးတိုင်း နတ်မောက်မြို့မှ ရန်ကုန်သို့လိုက်လာသည့် ဖခင်ဖြစ်သူ ဦးသိန်းအောင်က ပြောသည်။
“စမ်းချောင်းရဲစခန်းကိုသွားကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အောင်မိုးလွင်ပါလာတဲ့ရဲကားက စခန်းထဲဝင်လာတာ တွေ့တယ်။ အသက်သေသွားတာထက်စာရင် အခုလိုပြန်တွေ့ရတာကိုပဲ အတော့်ကို ၀မ်းသာပါတယ်။ နည်းနည်းတော့ စကားပြောလိုက်ရပါတယ်။ အောင်မိုးလွင်လဲ အံ့သြသွားပြီး ဘယ်လိုသိလို့ လိုက်လာသလဲ မေးတယ်ခင်ဗျ” ဟု ဦးသိန်းအောင်က ပြောသည်။

ကိုအောင်မိုးလွင်သည် စက်တင်ဘာလ ၂ ရက်နေ့က ယုဇနပလာဇာအရှေ့တွင် အဖမ်းခံရပြီး ရန်ကုန်တိုင်းရဲရုံး၌ ထိန်းသိမ်း ထားခြင်းကို ခံခဲ့ရသည်။ ရဲရုံး၌အဖမ်းခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှုများကိုလည်း ခံခဲ့ရပြီး ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ကြံ့ဖွံ့ရုံး ဗုံးပေါက်ကွဲမှုနှင့် အမှုတွဲထားကြောင်း သိရသည်။

ကိုအောင်မိုးလွင်ကို စမ်းချောင်းရဲစခန်းတွင် မှတ်ချက်ယူပြီး ကမာရွတ်စခန်းသို့ ဆက်လက်ပို့ဆောင်မည်ဟု ဦးသိန်းအောင် အား လိုက်လံကူညီနေသည့် မကွေးတိုင်း မြို့သစ်မြို့နယ် အန်အယ်လ်ဒီ လူငယ်တာဝန်ခံ ကိုဇော်မျိုးက ပြောသည်။

“အခုလို ဖမ်းချင်သလိုဖမ်းသွားပြီး ထားချင်ရာမှာထား၊ နှိပ်စက်ချင်သလို နှိပ်စက်တဲ့ အပြုအမူကိုတော့ ခံပြင်းတာပေါ့ဗျ။ မနေ့က ရန်ကုန်တိုင်းရဲရုံးမှာ အခန်းတိုင်းကိုဝင်မေးတော့ မသိဘူး၊ မရှိဘူးလို့ချည်း ပြောလွှတ်တယ်ဗျာ။ သူတို့က မသိဘူး ပြောလေ ပိုစိုးရိမ်လေ ဖြစ်ရတာပေါ့။ ကျနော်တို့က သေသွားတယ်ဆိုလည်း မိသားစုအနေနဲ့ ကောင်းမှုကုသိုလ်ပြုလုပ်ဖို့ အခွင့်အရေးများရှိမလားဆိုတဲ့အသိနဲ့ လိုက်စုံစမ်းတာပါ” ဟု ကိုဇော်မျိုးက ပြောသည်။

ယမန်နေ့က ကိုအောင်မိုးလွင်၏ ဖခင် ဦးသိန်းအောင်သည် ကိုဇော်မျိုးနှင့်အတူ ရန်ကုန်တိုင်း ရဲရုံးနှင့် အင်းစိန်ထောင်သို့ သွားရောက်စုံစမ်းခဲ့သော်လည်း ၎င်းဌာနများက မသိ၊ မရှိကြောင်းသာ ပြောဆိုသဖြင့် စိတ်လျှော့ကာ ပြန်ခဲ့ရသည်ဟု ဦးသိန်းအောင်က ပြောသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ရဲရုံးသို့ ထပ်မံသွားရောက်စုံစမ်းရာ ၎င်းဌာနက ယမန်နေ့ကပြောဆိုသည့်အတိုင်း ပြောဆိုခဲ့ သည်ဟုလည်း ဦးသိန်းအောင်က ပြောသည်။

ကိုအောင်မိုးလွင်သည် မကွေးတိုင်း နတ်မောက်မြို့မှ ရန်ကုန်သို့ လာရောက်လှုပ်ရှားနေသော တက်ကြွသည့် အန်အယ်လ်ဒီ ပါတီဝင်တဦးဖြစ်ပြီး လွန်ခဲ့သည့်နှစ်ကပေါ်ပေါက်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။

၂၀၀၇ ခု စက်တင်ဘာ ၂၆ ရက်နေ့ည မဂ္ဂင်ကျောင်းတိုက်ကို လက်နက်ကိုင်တပ်ဖွဲ့များ ၀င်ရောက်စီးနင်းချိန်က ၎င်းကျောင်း အတွင်း၌ရှိနေပြီး အိပ်ခ်ျအိုင်ဗီ လူနာဟန်ဆောင်ခဲ့သောကြောင့် ဖမ်းဆီးခြင်းမှ လွတ်မြောက်ခဲ့သည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း၌ မုန်တိုင်းဒဏ်ခံရသည့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။
http://www.irrawaddy.org/bur/news2008/October/Oct_02b_08.html

No comments:

 
/* EOT ----------------------------------------- */