Sunday, November 30, 2008

မွမ်ဘိုင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးနေပြီ



30 November 2008

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ၀င်ရောက်စီးနင်းထားတဲ့ အကြမ်းဖက်သမားတွေ ၃ ရက်တာ ၀င်ရောက်စီးနင်းထားတဲ့ ဖြစ်ရပ်ကြီး ပြီးဆုံးသွားပါပြီ။ အခုအစိုးရ လုပ်ဆောင်နေတဲ့ ကိစ္စတွေကတော့ ဒီဖြစ်ရပ်မှာ အသက်မသေကြေ ကျန်ရစ်သူ တွေကို ကူညီဖေးမဖို့၊ တိုက်ခိုက်မှုကြောင့် အပျက်အဆီးတွေ ဘယ်လောက် ရှိသွားလဲ တွက်ချက်ဖို့၊ သေဆုံးသွားသူတွေ အတွက် ၀မ်းနည်းပူဆွေးဖို့ ဒီတိုက်ခိုက်မှုတွေရဲ့ လက်သည်ကို ဖော်ထုတ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ဘာတွေ လုပ်ဆောင်ကြမလဲ ဆိုတာကို တွက်ချက်ကြဖို့ကို ၀န်ကြီးချုပ် မန်မိုဟန်ဆင်း နဲ့ နိုင်ငံရဲ့ ထိပ်တန်း စစ်ရေး၊ ထောက်လှန်းရေး အကြီးအကဲတွေ စုဝေးခဲ့ကြပါတယ်။ တချို့ အကြမ်းဖက် သမားတွေက မွမ်ဘိုင်းကို မော်တော်ဘုတ် နဲ့ လာခဲ့ကြတာမိုလို့ အိန္ဒိယကမ်း လုံခြုံရေးအတွက် စောင့်ကြည့်မှုတွေ ချက်ချင်းတိုးမြှင့်မယ်လို့ ပြည်တွင်း လုံခြုံရေး အထူးဝန်ကြီးတယောက်က ပြောပါတယ်။

မွမ်ဘိုင်းမြို့တ၀ှမ်း စစ်သွေးကြွတွေကို အကွက်ချ တပြိုင်နက် လုပ်ဆောင်မှုတွေ စတင်ခဲ့ပြီးတော့ နာရီပေါင်း ၆၀ အကြာ မှာတော့ တက်ဂ်ျမဟာ ဟော်တယ် မှာ နောက်ဆုံးပိတ် စစ်ဆင်ရေး လုပ်ဆောင်နိုင်ခဲ့ပြီးနောက် အကြမ်းဖက်သမား တွေရဲ့ စီးနင်းမှု အဆုံးသတ်သွားခဲ့တာပါ။ တိုက်ခိုက်မှုတွေ အတွင်းမှာ နိုင်ငံခြားသား ၂၂ ဦး အပါအ၀င် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ လုံခြုံရေး အဆင့်မြင့် အရာရှိတချို့လည်း ပါဝင်ပါတယ်။ တိုက်ခိုက်သူ စစ်သွေးကြွ ၁၁ ယောက်လည်း သေဆုံးသွားခဲ့ပြီးတော့ ပါကစ္စတန် စစ်သွေးကြွ တယောက်ကိုတော့ ဖမ်းမိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု တွေက လက်ရှ်ကာ အီဒိုက်ပါ ဆိုတဲ့ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွအုပ်စုရဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ တူတယ်လို့ အမေရိကန် ထောက်လှန်းရေး အရာရှိတွေက ပြောပါတယ်။

ဖတ်ကြည့်ချင်သေးလား....

ပေါင်းစားကြမလား...လက်နက်ချမလား..


mizzimanewsTV မှ

ဖတ်ကြည့်ချင်သေးလား....

၉၃ နှစ်ပြည့် အမေလူထုဒေါ်အမာမွေးနေ့အမှတ်တရ ဂုဏ်ပြုအယ်လ်ဘမ်


http://drlunswe.blogspot.com/

ဖတ်ကြည့်ချင်သေးလား....

Saturday, November 29, 2008

အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်

နန်းဒေ၀ီ ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 15:24 - မြန်မာစံတော်ချိန်


နယူးဒေလီ(မဇ္ဈိမ)။ ။ အတိုက်အခံများကို အီလက်ထရောနစ် အက်ဥပဒေအရ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လာခြင်းကြောင့် မြန်မာပြည်တွင်းရှိ အင်တာနက် သုံးသူများအတွင်း မလုံခြုံမှု ပိုမို ခံစားလာနေရသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအ၀င် ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အား အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မများတပ်ကာ အမြင့်ဆုံး ထောင်ဒဏ် ၄၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည့် နောက်ပိုင်း စိုးရိမ်မှု ပိုလာခဲ့ခြင်း ဖြစ်သည်။

"မလုံခြုံဘူး။ စိတ်လည်း ညစ်ရပါတယ်။ အခုဆို စာပို့ပြီးတာနဲ့ အကုန်ဖျက်ချရမလို ဖြစ်နေပြီ။ အင်တာနက် သုံးရုံနဲ့ ထောင်ချ အပြစ်ပေးတာတော့ မဖြစ်သင့်ပါဘူး။ သူတို့ (အာဏာပိုင်) တွေလည်း အင်တာနက် သုံးနေတာပဲ" ဟု အမည်မဖော်လိုသူ ပြည်တွင်း ဘလော့ဂ်ဂါတဦးက ပြောသည်။

ဟာသ သရုပ်ဆောင် ကိုဇာဂနာက သူ့အား အမှုစီရင်ချက် ချသည့်နေ့တွင် တရားခွင်၌ "ကျနော့်ကို (အိုင်) သုံးလုံးနဲ့ ထောင် ၄၅ နှစ်ချလိုက်တာ။ အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်" ဟု ဟာသနှောပြီးပြော ဆိုခဲ့ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြန်လည် ပြောပြသည်။

လွန်ခဲ့သည့် အောက်တိုဘာလအတွင်း စစ်တပ်မှ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား သိမ်းယူခဲ့ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တိုင်ကြားခဲ့သည့် လယ်သမား ၃ ဦးအား အီလက်ထရောနစ် အက်ဥပဒေဖြင့် ပုဒ်မတပ် တရားစွဲဆိုခဲ့သည်။

အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း အင်တာနက်ကို နေ့စဉ်အားကိုး အသုံးပြုနေရသည့် မီဒီယာသမားများ အနေဖြင့် စိုးရိမ်စရာ ရှိနေသည်ဟု ဆိုသည်။

"အကြမ်းဖျင်းတော့ စိုးရိမ်စရာ ကောင်းတယ်။ မီဒီယာသမားတွေဆိုတာကတော့ သတင်းနဲ့ပတ်သက်တာ အကုန်လိုက်ဖတ်ရတာလေ။ ဒါပေမဲ့ သုံးစွဲတဲ့လူ ကြည့်တဲ့ဆိုဒ်ကို ဘယ်သူက လိုက်ကြည့်နေလဲ ဆိုတာလဲ ရှိသေးတယ်။ တရားဝင် သုံးစွဲခွင့် ရတဲ့ဆိုဒ်တွေ ကြည့်ပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် ဘာမှမဖြစ်ပါဘူး" ဟု အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကပြောသည်။

"ကျနော်တို့ ကြည့်နေတဲ့ ဟာတွေက တရားဝင်ဆိုဒ်တွေ ခွင့်ပြုဆိုဒ်တွေ ကြည့်တာလေ။"

အီလက်ထရောနစ် အက်ဥပဒေသည် စစ်အစိုးရက သူနှင့် သဘောကွဲလွဲသူများအပေါ် စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်း အချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။

ယခုလို အီလက်ထရောနစ် အက်ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချခံရသူ အများစုသည် အာဏာပိုင်များ သတ်မှတ်ထားသည့် ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည့်အပြင် လက်ရှိ သုံးစွဲနေသူများကို ခြိမ်းခြောက်သည့် မတရားသည့် ဥပဒေ တခုသာဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောသည်။

"ဒီဟာက အတိုက်အခံတွေ၊ စာနယ်ဇင်း သမားတွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲချင်သူတွေကို နှိပ်ကွပ်ဖို့ လုပ်ထားတဲ့ ဥပဒေ။ မလုပ်ရဲအောင်၊ မသုံးရဲအောင် ခြိမ်းခြောက်နေတဲ့ မတရားတဲ့ ဥပဒေ၊ ဖိနိပ်မှုတခုပဲ ဖြစ်တယ်" ဟု သူက ပြောသည်။

သို့သော်လည်း လက်တွန့်သွားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသူများလည်း ရှိနေသေးသည်။

"ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ်ချမှာပဲ။ သူတို့တွေ ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပဲ ကြောက်အောင် ခြောက်ခြောက် ကျနော်တို့ လုပ်စရာတွေကို ဆက်လုပ်သွားမှာပဲ" ဟု ပြည်တွင်း ဘလော့ဂ်ဂါ တဦးက ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/2059-2008-11-27-09-07-47.html

ဖတ်ကြည့်ချင်သေးလား....

HRDB ဦးမြင့်အေးနဲ့ အဖွဲ့ဝင် တချို့ ထောင်ဒဏ် တသက်ချမှတ်ခံရ


28 November 2008
မြန်မာစစ်အစိုးရ ကနေ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ အနည်းဆုံး အယောက် ၂၂ ကို ဒီကနေ့ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပြန်ပါတယ်။ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူ ဦးမြင့်အေး အပါအ၀င် လှုပ်ရှားသူအချို့ ကိုတော့ ဖောက်ခွဲ ဖျက်ဆီးရေး အကြမ်းဖက်မှု ပုဒ်မတွေနဲ့ တသက်တကျွန်း အပြစ်ဒဏ် ပေးခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန်ဦး က တင်ပြထားပါတယ်။

ဒီကနေ့ ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံရတဲ့အထဲမှာ HRDP လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ က ဦးမြင့်အေး အပါအ၀င် အဖွဲ့ဝင်အချို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်တွေ၊ ၈၈ မျိုးဆက်နဲ့ ၂၀၀၇ မျိုးဆက်သစ် ကျောင်းသားတွေ၊ နောက် စာနယ်ဇင်းဖက်ဆိုရင် မြန်မာနေရှင်း ဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့ အားလုံး စုစုပေါင်း အနည်းဆုံး ၂၂ ဦး ရှိပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေးကိုတော့ ဖောက်ခွဲဖျက်ဆီးရေး ပုဒ်မနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး က အခုလို ပြောပါတယ်။

“ဦးမြင့်အေးက ပုဒ်မ ၃/၆ ဖေါက်ခွဲကူညီ ပေါ့နော်။ အဲဒါနဲ့ တသက်တကျွန်း၊ ရန်ရွှေက ဖေါက်ခွဲ နဲ့ တသက်တကျွန်း ပုဒ်မ (၃)။ နောက်တခါ ၁၇/၁ နဲ့ ၃ နှစ်။ ၁၃/၁ နဲ့ ၅ နှစ်၊ ၁၃/၅ နဲ့ ငါးနှစ်၊ ရန်ရွှေက ပေါင်း တသက်တကျွန်းနဲ့ ၁၃ နှစ်။ နောက် ဇော်ဇော်အောင်။ ဖေါက်ခွဲသုံးနဲ့ တစ်သက်တကျွန်း၊ ၁၇/၁ နဲ့ ၃ နှစ်၊ ၁၃/၁ နဲ့ ၅ နှစ်၊ တသက်တကျွန်းနဲ့ ရှစ်နှစ်။”

အခြား HRDP အဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် နောက်ထပ် ၄ ဦး ကိုလည်း ရွှေပြည်သာ တရားရုံးကနေ ထောင်ဒဏ် ၈ နှစ်စီ အမိန့် ချလိုက်တယ်လို့ သိရပါတယ်။ မြန်မာနေရှင်းဂျာနယ် က ကိုသက်ဇင်နဲ့ ကိုစိန်ဝင်းမောင် တို့နှစ်ဦး ကိုတော့ ၁၇/၂၀ ပုံနှိပ်အက်ဥပဒေ နဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ က ၁၃ ဦး ကိုလည်း ထောင်ဒဏ် ၆ နှစ်စီ အမိန့် ချခဲ့တယ်လို့ ကိုမောင်မောင်လေး ကပဲ အခုလို ပြောပါတယ်။

“ဒီနေ့ အရှေ့ပိုင်း ခရိုင် ရုံးကပေါ့နော် ကိုသိန်းသန်းထွန်း၊ ဇော်ထက်ကိုကို၊ ချစ်ကိုလင်း၊ မလေးလေးမွန်၊ မနိုဘယ်အေး (ခေါ်) မေဦး၊ မနွဲ့နှင်းရီနိုးနိုး၊ သရဖီသိမ့်သိမ့်ထွန်း၊ မအေးသီတာ၊ ကျော်ဇင်ထွန်း၊ ကိုကြည်သန်း၊ စောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း၊ မောင်သိုက်စိုး၊ ဒေါ်စန်းစန်းတင် အဲဒီ ၁၃ ယောက်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ သုံးကြိမ် စွဲပြီးတော့ ထောင်ဒဏ် ၆ နှစ် ချလိုက်တယ်။

အခုလို ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး ဖောက်ခွဲရေးပုဒ်မတွေနဲ့ အရေးယူခံရတဲ့ ကိုမြင့်အေး၊ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ မိသားစုဝင်တွေ ကတော့ သူတို့ကို အပြစ်စီရင်ခံတဲ့ တရားရေးစနစ်ဟာ မျှတမှုမရှိသလို၊ အခု အရေးယူခံရတဲ့ ပြစ်မှုတွေမှာလည်း ဘာမှ ထင်ရှားတဲ့ အထောက်အထားတွေ မရှိပါဘူးလို့ ပြောကြပါတယ်။

“ကိုမြင့်အေး ဟာ မြန်မာနိုင်ငံ ကသာမကဘူး ကမ္ဘာကပါ အသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးသမား တယောက် ဖြစ်ပါတယ်။ မနှစ်ကတုန်းက (၅၉) နှစ်မြောက် လူ့အခွင့်အရေးနေ့မှာဆိုလို့ရှိရင် လူ့အခွင့်အရေး ကောင်စီကနေ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးဆီက သ၀ဏ်လွှာ ပေးပို့ခြင်းခံရတဲ့သူ ဖြစ်ပါတယ်။ ဒီလို လူတယောက်ဟာ ဒီလို ဖောက်ခွဲပုဒ်မ နဲ့ တသက်တကျွန်း ချခံရတယ်ဆိုတာ မုန်တိုင်းထန်တဲ့ ရက်တွေပြီးလို့ရှိရင် လေပြေလာမယ့် ရက်တွေကို စောင့်မျှော်နေပါတယ် ဆိုတဲ့ စကားပဲ ပြောလိုပါတယ်။”

“တော်တော်ကို နည်းလမ်းမကျတဲ့ ကိစ္စတွေပါ။ ဘယ်ကမှ သတင်းမရဘူး။ ဖမ်းတာဆီးတာလည်း မသိဘူး။ ၂ လလောက် နေမှ သိတာ။ သိတော့ ဖမ်းထားတယ် ဒီလို ဖောက်ခွဲရေး ကိစ္စနဲ့ပတ်သက်ပြီး အဲလို သတင်းကြားလို့လိုက်တော့ ထောင်မှာ ရောက်နေတယ်။ တို့ မိဘတယောက် အနေနဲ့ကတော့ကွာ ဟုတ်တယ်ဆိုရင်တော့ မပြောလိုပါဘူး။ ဘာမှလည်း မသိရတာ၊ ဟုတ်လည်း မဟုတ်ဘဲနဲ့။ နောက်ပြီးတော့ ဦးနဲ့ ကိုယ်တိုင် အလုပ်လုပ်နေရင်းနဲ့ ဖြစ်တဲ့ဖြစ်ရပ်ပဲကွ၊ မမှန်မကန်ဆိုတော့ စိတ်ထိခိုက်ရတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ် အမှန်အကန်ဆိုရင် တို့ မပြောလိုပါဘူး။ မခံထိမခံသာ ဖြစ်တယ် ပေါ့ကွာ။ ပြောမယ် ဆိုလို့ရှိရင်တော့ သူတို့အခု လုပ်နေတဲ့ လုပ်ရပ်က အကုန်လုံး ရုံးမှာ ရှေ့နေတွေ မလိုက်နိုင်တဲ့ အဆင့်မှာတောင်မှပဲ တို့ လူစိမ်းတွေတောင်မှပဲ မမှန်ကန်ဘူးဆိုတာ ပေါ်လွင်နေတယ်။”

“ရင်ထဲမှာ ခံစားရတာက အပြင်ဘက်မှာ ထုတ်ဖော်လို့ရှိရင် ရှုံးရာ ကျမှာစိုးလို့ မျက်ရည်တစက်တောင် မကျခဲ့ပါဘူး။ ရင်ထဲမှာတော့ ခံစားရတာ အတိုင်းထက်အလွန်ပေါ့။ မွေးထုတ်ထားတဲ့ မိခင် ပဲ သားရယ်။ အန်တီသား က ရပ်ကွက်ထဲမှာလည်း ဘယ်သူနဲ့မှ ရန်မဖြစ်ဖူးဘူး။ သူများ သွေး ထွက်သံယိုဖြစ်အောင်လည်း မရိုက်နှက်ခဲ့ဘူး။ အဲဒီတော့ ဒီ ဗုံးကြီးကို သွားထောင်တယ်ဆိုတာ အန်တီ က လုံးဝ မယုံကြည်ဘူး။ ရပ်ကွက်ထဲက သူတွေကလည်း လုံးဝ မယုံကြည်ဘူး။ အန်တီ့သားက ဒါကြောင့်မိုလို့ သူတို့ လာပြောတဲ့အချိန်မှာ ခင်ဗျားသား က ကြံ့ခိုင်ရေး ရုံး ဗုံးဖေါက်တဲ့အထဲမှာ ပါတယ် ဆိုတော့ အန်တီ က မကြားဘူးတဲ့စကား ကြားလိုက်ရတဲ့အတွက် ရင်ထဲမှာ ဆို့ပြီးတော့ ပစ်လဲကျသွားတယ်။”

ဒါကတော့ ဖောက်ခွဲရေးပုဒ်မတွေနဲ့ တသက်တကျွန်း ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုမြင်အေး။ ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင် တို့ရဲ့ မိသားစုဝင်တွေ ပြောသွားတာပါ။ သူတို့ကို တော့ ကြံ့ခိုင်ရေး နဲ့ ဖွံဖြိုးရေးအသင်း ရန်ကုန်တိုင်း မြို့နယ်ရုံးတရုံးကို ဗုံးခွဲခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်တွေ အခုလို ချခဲ့တာပါ။ HRDP အဖွဲ့ဝင် ကိုမောင်မောင်လေး ကတော့ အာဏာပိုင်တွေ အနေနဲ့ ဦးမြင့်အေး ကို လူ့အခွင့်အရေး လှုပ်ရှားမှုတွေနဲ့ ဖမ်းမရလို့ အခု အမှုနဲ့ အကွက်ဆင် ဖမ်းခဲ့တာလို့ ယူဆပါတယ်။

“ရဲဘော်တွေနဲ့ ကျနော် လုပ်ခဲ့ကိုင်ခဲ့တဲ့တလျှောက် ဒီကိစ္စမျိုးတွေနဲ့ ပတ်သက်တာမျိုး တစုံတရာမှ ကျနော်တို့ စဉ်းစားခြင်း၊ တွေးခေါ်ခြင်းတောင် မရှိဘူး။ ဒါကြောင့် ဒီကိစ္စကို ၁ အချက် လုံးဝ ငြင်းတယ်။ ၂ အချက် - အခုလို စွပ်စွဲတဲ့အချက်တွေက ကျနော်တို့ ဖမ်းဆီးသွားတဲ့ အနေအထားမျိုးမှာ သော်လည်းကောင်း၊ စစ်ကြောရေးကာလမှာ သော်လည်းကောင်း၊ လက်ရှိ တရားရေးအရ တင်လာတဲ့ အခြေအနေတွေအပေါ်မှာ သုံးသပ်လိုက်လို့ရှိရင် ဖမ်းဆီးတဲ့အခါမှာ သူတို့ ဥပဒေနဲ့ မညီမျှပါဘူး။ ဥပဒေနဲ့ မညီစွာ ဖမ်းသွားတယ်ဗျာ။ စစ်ကြောရေး ကာလတွေမှာလည်း ဦးမြင့်အေး ကိုဆိုရင် ၇ ရက် ၇ ည ဆက်တိုက် ပေါ့နော်။ သူ့အသက်အရွယ် ၆၀ နားနီးနဲ့ မတန်အောင် စစ်ဆေးခံရတယ်။ ရန်ရွှေ ဆိုရင် ၈ ရက်နဲ့ ၈ ည ပြင်းပြင်းထန်ထန် စစ်ဆေးခံခဲ့ရတယ်။ မျိုးမင်းတို့၊ သန့်ဇော်မြင့် တို့ ဆိုရင်လည်း အဲဒီလိုပဲ စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် စစ်ဆေးခံရတယ်။ စ ဖမ်းကတည်းက တရားဥပဒေနဲ့ မဆီလျော်တဲ့ကိစ္စတွေကို စလုပ်တာပဲ။ တရားဥပဒေ စိုးမိုးရေး အကြောင်းပြပြီးတော့ ရှေ့မှာ မြန်မာပြည်မှာ ဖောက်ခွဲမှု ဖြစ်စဉ်တွေ အကြိမ်ကြိမ် အခါခါ ဖြစ်ခဲ့ပါတယ်။ တခါမှ စစ်မှန်တဲ့ တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီ ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိတဲ့ကိစ္စအပေါ်မှာ အစားထိုး တရားခံ ရှာလိုက်တယ်ဗျ။ အဲဒီအထဲမှာ HRDB ကို သူတို့ ရှာလို့ ပိုပြီးတော့ အဆင်ပြေသွားတယ်လို့ တွေ့ရပါတယ်။”

HRDP အဖွဲ့က ကိုမောင်မောင်လေးဖြစ်ပါတယ်။ မိသားစုဝင်တွေက အခု ထောင်ချခံရသူတွေကို အရင်လူတွေလိုပဲ နယ်ဝေး ထောင်တွေကို ပို့မှာ စိုးရိမ်နေကြပါတယ်။ မနေ့ကအထိဆိုရင်တော့ တလအတွင်းမှာ နိုင်ငံရေးလှုပ်ရှားသူပေါင်း ၂၀၈ ဦးကို အာဏာပိုင်တွေက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပြီး ခန့်မှန်းချေ ၁၀၀ ကျော်ကိုတော့ နယ်ဝေးထောင်တွေကို ပြောင်းရွှေ့ ခဲ့ပါတယ်။
http://www.voanews.com/burmese/2008-11-28-voa7.cfm

ဖတ်ကြည့်ချင်သေးလား....

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီးချုပ်က ရာထူးက ဖယ်ရှား

28 November 2008

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ၀န်ကြီးချုပ်က ရာထူးက ဖယ်ရှားလိုက်ပါတယ်။ ဘန်ကောက်မြို့ အဓိက လေဆိပ်ကြီးနှစ်ကို ဆန္ဒပြသူတွေ သိမ်းထားတာနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ ထိုင်းရဲတပ်ဖွဲ့ကို ထိုင်း ၀န်ကြီးချုပ် က အမိန့်ပေးခဲ့ပြီးတဲ့နောက် တရက်အကြာမှာ အခုလို ရဲချုပ်ကို ရာထူးက ဖယ်ရှားလိုက်တာပါ။

အခုလို ထိုင်းရဲချုပ် ကို ရာထူးက ဖယ်ရှားလိုက်တဲ့အကြောင်း ထိုင်း ၀န်ကြီးချုပ် ဆွန်ချိုင်း ၀မ်ဆာဝတ် (Somchai Wongsawat) ရဲ့ ကြေညာချက် ဟာ ဘန်ကောက် သုဝဏ္ဍဘူမိ နိုင်ငံတကာ လေဆိပ်ကို လုံထိန်းတပ်ဖွဲ့ဝင်တွေ မရောက်ခင် နာရီပိုင်းအလိုမှာ ထွက်ပေါ်ခဲ့တာပါ။

စောစောပိုင်းကတော့ ထိုင်း ရဲအရာရှိတွေက ဆန္ဒပြသူတွေနဲ့ စေ့စပ်ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ သူတို့ ရည်ရွယ်ချက်က လေဆိပ်ကို သိမ်းထားတာတွေကို အကြမ်းဖက်မှု မရှိဘဲ အဆုံးသတ်အောင် လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးလို့ မရရင် လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဆန္ဒပြသူတွေကတော့ ထိုင်း ၀န်ကြီးချုပ် ရာထူးက မနုတ်ထွက်ဘူးဆိုရင် လေဆိပ်ကို သိမ်းထားတာက ဖယ်ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုနေပါတယ်။

ထိုင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆူနိုင်း ဖာဆွတ်ခ် (Sunai Paskuk) ကတော့ အာဏာပိုင်တွေနဲ့ ဆန္ဒပြခေါင်းဆောင်တွေအကြား သွေးထွက်သံယို မဖြစ်အောင် တိုးတက်မှုရှိလာအောင် ဆွေးနွေးကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဆန္ဒပြသူတွေနဲ့အတူ ကလေးငယ်တွေ ပါလာသူတွေလည်း ရှိတဲ့အတွက် သူတို့အတွက်လည်း ထပ်ပြီး စိုးရိမ်ရတယ်လို့ ဆူနိုင်းဖာဆွတ်ခ် က ပြောပါတယ်။
http://www.voanews.com/burmese/2008-11-28-voa4.cfm

ဖတ်ကြည့်ချင်သေးလား....

Friday, November 28, 2008

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား ဖိတ်ကြားခြင်း

မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ၃၀.၁၁.၂၀၀၈ နေ့လည် ၃း၀၀နာရီ မှ ၄း၀၀နာရီ အထိကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ မပျက်မကွက် တက်ရောက်ကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Thursday, November 27, 2008

မျိုးဆက်သစ်လူငယ်နှစ်ဦး ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရ

သန်းထိုက်ဦး ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 26 2008 18:01 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့ဝင် ၂ ဦးအား အာဏာပိုင်များက ယခုလ ၂၄ ရက်၊ တနင်္လာနေ့က ထောင်ဒဏ် ၈ နှစ်စီ ချမှတ်လိုက်သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အဖမ်းခံခဲ့ရသူ ကိုတင်မျိုးထွတ် (ခ) ကျော်ကျော်ဦးနှင့် ကိုစောမောင်တို့အား ကြည့်မြင်တိုင်မြို့နယ် တရားရုံးက လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဌာန်းချက် ပုဒ်မ ၁၃/၁၊ မတရားအသင်း ဖွဲ့စည်းမှု ပုဒ်မ ၁၇/၁ ဖြင့် စွဲချက်တင်ကာ ယခုလို ထောင်ဒဏ် ၈ နှစ်စီ ချမှတ်သည်ဟု အဖွဲ့တာဝန်ခံ ကိုမိုးသွေးက မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ ကိုတင်မျိုးထွတ် (ခ) ကိုကျော်ဦးကို စက်တင်ဘာလ ၃ ရက်နေ့တွင် ဘုရင့်နောင် လမ်းဆုံအနီး အမေ့ရွာ လက်ဖက်ရည်ဆိုင်သို့ သွားရောက်နေစဉ် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။ မှော်ဘီမြို့နယ်မှ ကိုစောမောင်အား မည်သည့်နေရာတွင် ဖမ်းဆီးခဲ့သည်ကို မသိရသေးပါ။

ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် GW ၏ ကြေညာချက်တွင် မျိုးဆက်သစ် လူငယ်များကို ယခုကဲ့သို့ မတရား ဖမ်းဆီးထောင်ချနေရုံဖြင့် ပဋိပက္ခများ ပြေလည်မည် မဟုတ်ဘဲ ပိုမို အင်အားကြီးမားသော လှုပ်ရှားမှုများနှင့်သာ ရင်ဆိုင်ရမည်ဟု စစ်အစိုးရအား သတိပေး ရေးသားထားသည်။

GW ကို ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမျိုးသားရေး နိုးကြားတက်ကြွသော လူငယ်များကို စုစည်းကာ ဆက်လက် လှုပ်ရှားသွားရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

http://www.mizzimaburmese.com/news/breaking-newsbrief/2053-2008-11-26-11-44-04.html

ဖတ်ကြည့်ချင်သေးလား....

အစိုးရ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ထိုင်းစစ်တပ် တောင်းဆို


26 November 2008

မြန်မာပြည်နဲ့ ကပ်လျက် ထိုင်းနိုင်ငံမှာတော့ နိုင်ငံရေး တင်းမာမှုတွေ တနေ့တခြား ကြီးမားလာနေပါတယ်။ အစိုးရ ဆန့်ကျင်ရေး အင်အားစုက အဓိကကျတဲ့ သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်ကို သိမ်းပိုက်ထားပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ကတော့ ရွေးကောက်ပွဲ အသစ် ကျင်းပ နိုင်အောင် အစိုးရကို တိုက်တွန်းမယ်လို့ ပြောနေပါတယ်။ ထိုင်းနိုင်ငံက နောက်ဆုံး အခြေအနေတွေ သိရအောင် ဘန်ကောက်ကို ရောက်နေတဲ့ ကိုကျော်အောင်လွင်က ရှင်းပြထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ် အနုပုံ ပေါင်ကျင်နာ က တိုင်းပြည်ကို စစ်တပ်ကနေ အာဏာ ထပ်ပြီး သိမ်းမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲ အသစ်ကို ပြန်ခေါ်နိုင်အောင် လွှတ်တော်နဲ့ ၀န်ကြီးချုပ်ကို သူ့အနေနဲ့ တိုက်တွန်းမယ်။ ပြဿနာ တွေ ပြေလည်သွားအောင်လို့ ကူညီဖို့ စစ်တပ်ဘက်က အဆင်သင့်ပဲလို့ ဒီနေ့လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွား ခဲ့ပါတယ်။

ပြည်သူတွေရဲ့ အာဏာကို ပြည်သူတွေဆီ ပြန်ရောက်အောင် စစ်တပ်အနေနဲ့ ကူညီပေးမယ်။ အကောင်းဆုံး အဖြေရအောင် ကြိုးစားသွားမယ်။ အားလုံး သည်းခံကြဖို့နဲ့ ဆန္ဒပြသူတွေလည်း ဆန္ဒပြတွေကို အဆုံးသတ်ကြဖို့ မကြာခင် နာရီပိုင်းကပဲ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းကာကွယ်ရေး ဦးစီးချုပ်ကနေ ပြောသွားခဲ့တာပါ။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က အဓိက ကျတဲ့ သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်မှာတော့ အစိုးရ ဆန့်ကျင်တဲ့ PAD အဖွဲ့တွေက အခုချိန်ထိ သိမ်းပိုက်ထားတုန်းပါ။ ဒီနေ့မနက်ပိုင်း စောစောက ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီးတော့ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ယာယီ ရုံးဖွင့်ထားတဲ့ ဒွန်မောင်း လေဆိပ် နားမှာတော့ ဗုံး ၁ လုံး ပေါက်ကွဲခဲ့ပါတယ်။ စုစုပေါင်း ဗုံး ၄ လုံး ပေါက်ကွဲတာမှာ လူအသေအပျောက်မရှိပါဘူး။ ဒါပေမယ့် လူ ၁၀ယောက် ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။ ဒီဗုံးတွေကို ဘယ်သူ ဖောက်ခွဲသလဲ ဆိုတာကတော့ အခုချိန်ထိ မသိရသေးပါဘူး။ အစိုးရဆန့်ကျင်ရေး PADဆန္ဒပြသူတွေဟာ မနေ့က စပြီးတော့ တညလုံး မအိပ်ဘဲနဲ့ အခုအချိန်အထိ တောက်လျောက် ဆန္ဒတွေ ပြနေကြတာပါ။

"ကျွန်တော်တို့ အားလုံးဟာ လူကောင်းတွေကြီးပါပဲ။ လူဆိုး သူခိုးတွေ မဟုတ်ကြပါဘူး။ ရုပ်သေးရုပ်တွေလည်း မဟုတ်ပါဘူး" လို့ လေဆိပ်မှာ ဆန္ဒပြနေတဲ့ အစိုးရ ဆန့်ကျင်ရေး PADအဖွဲ့ဝင် တဦးကနေ ပြောနေတာပါ။

လက်ရှိ ၀န်ကြီးချုပ် ဆွန်ချိုင်းဝန်ဆာဝတ် ဟာ အခု ပြည်ပမှာ ၀ရမ်းပြေး ဘ၀နဲ့ နေထိုင်နေတဲ့ ၀န်ကြီးချုပ်ဟောင်း တက်ဆင် ရှီနာဝတ်ရဲ့ ရုပ်သေးအစိုးရအဖွဲ့ဖြစ်တယ်ဆိုပြီး သူတို့ဘက်က စွပ်စွဲနေတာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် မစ္စတာ ဆွန်ချိုင်းကတော့ ထိုင်းစံတော်ချိန် ဒီနေ့ည ၂နာရီလောက်မှာ ပီရူးနိုင်ငံမှာ ကျင်းပနေတဲ့ APEC အစည်းအဝေးကနေ ထိုင်းနိုင်ငံကို ပြန်ရောက်လာဖို့ ရှိပါတယ်။ သူဘယ်လေဆိပ်မှာ ဆင်းမလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ အစီအစဉ်အတိုင်းဆိုရင် သုဝဏ္ဏဘူမိလေဆိပ်မှာ ဆင်းရမှာပါ။ အခုတော့ ဆန္ဒပြသူတွေက အဲဒီလေဆိပ်ကို ဆီးထားတော့ လေယာဉ်အသွားအလာတွေလဲ ရပ်တန့်နေပါတယ်။ နောက်တခါ ဘန်ကောက်မြို့ကနေပြီး ၂နာရီ လောက် ကားမောင်းရင် ရောက်တဲ့ ဥတပေါင် လို့ ခေါ်တဲ့ လေဆိပ်မှာလည်း ၀န်ကြီးချုပ် ဆွန်ချိုင်း အဲဒီကိုလာနိုင်တယ် ဆိုပြီး PADအဖွဲ့ ဆန္ဒပြသမားတွေထဲက တချို့က အဲဒီကို သွားနေကြပါပြီ။ သုဝဏ္ဏဘူမိလေဆိပ်ထဲမှာတေ့ ထောင်နဲ့ချီတဲ့ ကမ္ဘာလှည့် ခရီးသွားတွေ ပိတ်မိနေပါတယ်။ သူတို့တွေဟာ လေဆိပ်ထဲမှာပဲ ဖြစ်သလို အိပ်နေကြရပါတယ်။ သြစတေးလျနိုင်ငံကို ပြန်မယ့် ခရီးသည်တဦးကတော့ သူကြုံတွေနေရတဲ့ မရေရာတဲ့ အခြေအနေတွေကို အခုလို ရှင်းပြပါတယ်။

"ဒီနေ့ ဘယ်အချိန်ကျမှ လေယာဉ်ပျံစီးရမယ့် ဆိုတာ မသေချာပါဘူး။ သတင်းတွေကတော့ မျိုးစုံကို ကြားနေရတာပါပဲ"

ဂျာမနီနိုင်ငံကို ပြန်မလို့ စောင့်နေတဲ့ ခရီးသည် တဦးကလည်း

"ကျွန်တော်တို့ ဒီမှာ စောင့်နေရတာ ၂၄နာရီလောက် ရှိနေပြီ အားလည်း မရှိတော့ဘူး။ တော်တော့ကို စိတ်ပျက်ဖို့ ကောင်းတယ်။"

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုတာ ထိုင်းနိုင်ငံကို အဓိကကျတဲ့ ၀င်ငွေတွေကို ပေးနေတဲ့ စီးပွားရေး လုပ်ငန်းတွေပါပဲ။ အခုလတွေဟာ ခရီးသည်တွေ အများဆုံးလာနေတတ်တဲ့ ကာလပါပဲ။ ဒါပေမယ့် အခု ကြုံတွေ့နေရတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ခရီးသည်တွေ အလာ သိပ်နဲနေလို့ တိုင်းပြည်ရဲ့ ၀င်ငွေကို တော်တော်လေး ထိခိုက်နေပါပြီ။ ထူးခြားတာတခုကတော့ အစိုးရကို ဆန့်ကျင်တဲ့ PADအဖွဲ့နဲ့ အပြိုင်ဖြစ်နေတဲ့ ၀န်ကြီးချုပ်ဟောင်း တက်ဆင်ကို ထောက်ခံတဲ့ PPPအဖွဲ့သားတွေဟာ ဒီရက်ပိုင်းတွေအတွင်း လှုပ်ရှားမှုတွေ မရှိသလောက်ကို တိတ်ဆိတ်နေတာပါ။ ဘာကြောင့် သူတို့တွေ တိတ်ဆိတ်နေရသလဲဆိုတာကတော့ အတိအကျရပါဘူး။ ဒီနေ့ညပိုင်းမှာတော့ ၀န်ကြီးချုပ် ဆွန်ချိုင်း ပြန်လာတဲ့အခါကျရင် နိုင်ငံတော်ရဲ့ အရေးပေါ် ကြေညာချက်ကို ထုတ်ပြန်မယ် ဆန္ဒပြပွဲတွေကို ထိမ်းချုပ်ဖို့ စစ်တပ်တွေကို အသုံး ပြုမယ်ဆိုတဲ့ သတင်းတွေကတော့ ထွက်နေတာပါ။ ဒါပေမယ့် အခုချိန်အထိ အတည်ပြုဖို့ ခက်နေပါသေးတယ်။ ဒီနေ့ ညပိုင်းမှာပဲ ထူးခြားလာနိုင်တာတခုကတော့ ၀န်ကြီးချုပ် ဆွန်ချိုင်း ဒီနေ့ည ပြန်ရောက်ပြီးတဲ့အခါ လက်ရှိတက်နေတဲ့ နိုင်ငံရေး ပြဿာနာတွေကို ဖြေရှင်းဖို့အတွက် သူ့အနေနဲ့ ဘယ်လို ဆုံးဖြတ်ချက်တွေကို ချသွားမလဲတာပါပဲ။

အခု နောက်ဆုံး ရရှိတဲ့သတင်း အရ ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်းဟာ ဒီနေ့ ညနေ ၅နာရီမှာ ပီရူးနိုင်ငံကနေ ဘန်ကောက် က ဒွန်မောင်းလေဆိပ်ကို ဆိုက်ရောက်ပြီး ချင်းမိုင်လေဆိပ်ကို ဆက်လက် သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ အခု လက်ရှိမှာ ထိုင်းဝန်ကြီးချုပ်ဟာ ချင်းမိုင်မှာ ရှိနေပါတယ်။
http://www.voanews.com/burmese/2008-11-26-voa3.cfm

ဖတ်ကြည့်ချင်သေးလား....

Wednesday, November 26, 2008

နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်များသို့ ပြောင်းခံရ

25 November 2008

အဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ဦးကို ဝေးလံတဲ့ထောင်တွေ
ဆီ ဒီနေ့ ဆက်ပြောင်းခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က ချိတ်ပိတ်ခံ
ထားရတဲ့ မဂ္ဂင်ကျောင်းတိုက် ဆရာတော်လည်း ပါဝင်ပါတယ်။ မနေ့တုန်းကလည်း
Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက အဖွဲ့ဝင် ၂ ဦး
ကို ထောင်ဒဏ် ၈ နှစ်ဆီ ချမှတ်လိုက်ပါသေးတယ်။ ဒီကိစ္စတွေကို နိုင်ငံတကာ
လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ
အခြေစိုက် အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက
နေ့စဉ် အသိပေး တိုက်တွန်းနေပါတယ်။ အကြောင်းစုံကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ
ဝိုင်းတော်သား ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီနေ့လည်း ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ယောက်ကို မိသားစု
တွေနဲ့ဝေးလံတဲ့ ထောင်တွေဆီ ပြောင်းရွှေ့လိုက်တဲ့အကြောင်း အန်န်အယ်လ်ဒီပါတီ
လူငယ်အဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။

"ဒီနေ့ ၂၇ ဦးပြောင်းတယ်။ ကျနော်တို့ အန်န်အယ်လ်ဒီကရော၊ သံဃာတော်တွေလည်း
ပါတယ်၊ အခြားဆိုက်ကလည်း ပါတယ်။ အီစမိုင်က ဘားအံကိုပြောင်းတယ်၊
အန်န်အယ်လ်ဒီက ကိုတင်ဝင်းနဲ့ ကိုအောင်မြင့် မြစ်ကြီးနား၊ ဦးဣိန္ဒကခေါ်
အောင်သန်းမြင့် သူက မဂ္ဂင်ဆရာတော် လားရှိုး၊ ဦးအိန္ဒရိယ (ခ) ဂျောင်းဂျောင်းခေါ်
ကိုအေးမောင်ကြီးက သီပေါ၊ ဦးပဏ္ဍ၀ံသခေါ် ဦးဖေကျော် စစ်တွေ၊ ကိုသိုက်မင်း
အန်န်အယ်လ်ဒီက သီပေါ၊ ကိုအောင်သန်း သံတွဲ၊ ခင်မောင်လတ် ကျောက်ဖြူ၊
ညီညီမင်း အန်န်အယ်လ်ဒီက သံတွဲ၊ ဦးဖိုးကြွယ် မြစ်ကြီးနား၊ အောင်သိန်းလွင် ဗန်းမော်၊
အန်န်အယ်လ်ဒီလူငယ် နေဇာမျိုးဝင်း ရမည်းသင်း၊ ထွန်းဝေထွန်း လားရှိုး၊
ကိုအုန်းကျော် အန်န်အယ်လ်ဒီ ဒေါပုံ လားရှိုး၊ အောင်ကျော်ဦး အန်န်အယ်လ်ဒီလူငယ်
လားရှိုး၊ ကိုကျင်လှိုင် အန်န်အယ်လ်ဒီ ပခုက္ကူ၊ ကိုသန့်ဇော် အန်န်အယ်လ်ဒီလူငယ်
ဟင်္သာတ၊ ကိုဇော်မင်း အန်န်အယ်လ်ဒီ သံတွဲ၊ ဇော်ဇော်အောင် အန်န်အယ်လ်ဒီ
သာယာဝတီ၊ ခင်မိုးအေး သရက်၊ အောင်ကျော်မိုး အန်န်အယ်လ်ဒီ မြင်းခြံ၊ ဒေါ်ခင်အေး
ကုန်ဈေးနှုန်းကျဆင်းရေးက မြောင်းမြ၊ ၈၈ မျိုးဆက်လူငယ်ထဲက စည်သူမောင်ရဲ့အဖေ
ကိုပီတာ လွိုင်ကော်၊ လှိုင်မင်း သီပေါ၊ မင်းမင်းစိုး မြင်းခြံ၊ မပဲ သာယာဝတီ၊ အဲဒီလူတွေ
အားလုံးကို ဒီနေ့ပို့တယ်။"

မနေ့တုန်းကလည်း Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်း
အရုံးက ပုဂ္ဂိုလ် ၂ ဦးကို ထောင်ဒဏ် ၈ နှစ်စီ ချမှတ်လိုက်တဲ့အကြောင်း သူကပဲ
ဆက်ပြီးရှင်းပြပါတယ်။

"မနေ့တုန်းက အမိန့်ချလိုက်တာ Generation Wave က စောမောင်ရယ်၊ ကျော်ဦးရယ်
ကို ၈ နှစ်စီချလိုက်တယ်။ ကြည့်မြင်တိုင်တရားရုံးကနေ ချတယ်။ သူတို့ကို ၅/၆ နဲ့
ချတယ်။"

အေအေပီပီဘီလို့ခေါ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ
စောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံက အခုလို မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး
လှုပ်ရှားသူတွေပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံ
တကာအဖွဲ့အစည်းတွေက အရေးယူဆောင်ရွက်နိုင်ဖို့ သူတို့တွေ နေ့စဉ်နဲ့အမျှ အသိ
ပေးနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ အေအေပီပီအဖွဲ့က
ကိုလေးလွင်က အခုလိုရှင်းပြပါတယ်။

"ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ စာရင်း
ဇယားတွေ ပြုစုပေးတယ်။ ဘယ်သူတွေကို ဘယ်ထောင်ပို့လိုက်တယ်၊ ဘယ်သူတွေက
ထောင်ဘယ်လောက်ကျတယ်၊ အဲဒါတွေကို ကျနော်တို့က နေ့စဉ်နဲ့အမျှ ပြုစုပြီးထားတဲ့
စာရင်းဇယားတွေကို နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ဥပမာ
ဟောင်ကောင်မှာရှိနေတဲ့ အဖွဲ့အစည်း AHRC၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ
ခွင့်အဖွဲ့ Amnesty International ပြီးရင် လူ့အခွင့်အရေးကောင်စီ ဒါတွေကို အချက်
အလက်တွေ စုဆောင်းပြီး ပေးပို့တယ်။

"သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကနေ ဒါတွေကို အရေးယူဆောင်ရွက်နိုင်အောင်
တဖက်မှာ သူတို့ကလည်း လုပ်ဆောင်နေကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူအန်ကနေ
ပြီး ဒီကိစ္စတွေအပေါ်မှာ အရေးယူဆောင်ရွက်ဖို့၊ ဒါတွေဟာ မသင့်တော်တဲ့အကြောင်း
ပူးတွဲကြေညာချက်တစောင် ထွက်လာတာရှိပါတယ်။"
မြန်မာစစ်အစိုးရဘက်က အခုလိုမျိုး ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဝေးလံတဲ့
ထောင်တွေကို ပို့ပစ်တဲ့အတွက် မိသားစုတွေအနေနဲ့ သွားရောက်တွေ့ဆုံဖို့ အခက်အခဲ
တွေ ကြုံနေရတဲ့အပြင် ဘယ်သူတွေက ဘယ်ထောင်မှာရောက်နေတယ်ဆိုတာကို
အတိအကျ စုံစမ်းလို့မရတဲ့အတွက်လည်း သူတို့ရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်မှုတွေ
ဖြစ်နေကြပါတယ်။
http://www.voanews.com/burmese/2008-11-25-voa6.cfm

ဖတ်ကြည့်ချင်သေးလား....

တပ်တွင်း အပြောင်းအလဲ ပြုလုပ်

ဆော်လမွန် အင်္ဂါနေ့၊ နိုဝင်ဘာလ 25 2008 13:18 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ရှားရှားပါးပါး ဖြစ်ရပ်တခုအဖြစ် မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာန အရာရှိတဦးက တပ်တွင်း အပြောင်းအလဲများကို မကြာမီက တောတွင်းမြို့တော်သစ် နေပြည်တော်တွင် ကျင်းပခဲ့သည့် နောက်ဆုံး ၄ လပတ် အစည်းအဝေးအတွင်း ပြုလုပ်ခဲ့သည်ဟု ယနေ့ အရိပ်အမြွက် ပြောဆိုသည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် နောက်ဆုံး ၄ လပတ် အစည်းအဝေးတွင် တပ်တွင်း အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိတဦးက ပြောဆိုခြင်း ဖြစ်သည်။

"အပြောင်းအလဲတချို့နဲ့ ရာထူးတိုးပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ် ကျနော်တို့ ဘာမှ မပြောနိုင်သေးပါဘူး" ဟု အဆိုပါ အရာရှိက ပြောသည်။

သို့သော် သူက အသေးစိတ် ပြောကြားရန် ငြင်းဆိုသွားခဲ့ပြီး၊ အစိုးရက ဤအပြောင်းအလဲများ၊ ရာထူး အပြောင်းအရွှေ့များကို မကြာမီ ကြေညာမည်ဟု ပြောဆိုသည်။

မြန်မာ စစ်ခေါင်းဆောင်များသည် ၄ လပတ် အစည်းအဝေးများကို ပုံမှန် ပြုလုပ်လေ့ရှိပြီး၊ ယခု နောက်ဆုံး ကျင်းပခဲ့သော အစည်းအဝေးမှာ လွန်ခဲ့သော စနေနေ့က ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ဤအစည်းအဝေးတွင် ယခု စစ်တပ် ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို ဆွေးနွေးခဲ့ကြပြီး၊ တပ်တွင်း အပြောင်းအရွှေ့များကိုလည်း ဆောင်ရွက်ခဲ့သည်။ ဇူလိုင်လတွင် နောက်ဆုံး ကျင်းပခဲ့သော ၄ လပတ် အစည်းအဝေးတွင် စစ်အစိုးရသည် စစ်အရာရှိ ၁ဝဝ နီးပါးကို ပြောင်းရွှေ့ခန့်ထားမှုများ ဆောင်ရွက်ခဲ့သည်။

"စစ်တပ်ကို ခိုင်မာတောင့်တင်းအောင် လုပ်ရမှာမို့လို့ ဒီတခါလည်း တပ်ထဲမှာ အပြောင်းအလဲတချို့ လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ၃ ယောက်ကို ဒုဗိုလ်ချုပ်ကြီးများအဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပါတယ်" ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်သည့် စစ်ရေးသုံးသပ်သူ ဦးဝင်းမင်းက ပြောသည်။

သို့သော် ဤအပြောင်းအလဲများနှင့် ယခု ၄ လပတ် အစည်းအဝေးသည် ၂ဝဝ၈ ခုနှစ်အတွက် နောက်ဆုံး ဖြစ်သည်နှင့်အညီ သိပ်အရေးမပါလှဘဲ စစ်အစိုးရက ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကိုသာ ပိုမို အာရုံစိုက် ဆွေးနွေးခဲ့ကြသည်ဟု သူက ပြောသည်။

"ဒီတခါတော့ ဝန်ကြီးတွေထဲမှာ နဲနဲပဲ အပြောင်းအလဲ ဖြစ်မယ်လို့ ထင်တယ်။ ဒါတွေက နောက်အစည်းအဝေးကျမှ လုပ်မှာ" ဟု သူက ဆိုသည်။

မြန်မာစစ်တပ်တွင်း ထိပ်တန်းရာထူးကြီးများ တက်ရောက်သည့် လေးလပတ် အစည်းအဝေးကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ (SPDC) ၊ တန်ခိုးထွားလှသော စစ်တိုင်းမှူးများ၊ ကစထ (BSO) မှူးများပါဝင် တက်ရောက်ကြသည်၊

မည်သို့ပင်ဖြစ်စေ သတင်းရပ်ကွက်များက မဇ္ဈိမသို့ ပြောကြားသည်မှာ အငြိမ်းစားယူသွားသည့် ကစထမှူးများ ဖြစ်ကြသော ဗိုလ်ချုပ်မောင်ဘို၊ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ကျော်ဝင်းတို့သည် ယခုအစည်းအဝေးကို လာတက်ခဲ့ကြသဖြင့် သူတို့သည် နအဖ အဖွဲ့ဝင်များအဖြစ် ရှိဆဲပင်ဖြစ်ကြောင်း ထင်ရှားသည်ဟု ဆိုကြသည်။

ငြိမ်းအဖွဲ့များကို ကိုင်တွယ်ရန်၊ အထူးသဖြင့် တဒါဇင်ခွဲခန့်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို လက်နက်ဖြုတ်ရာတွင် သူတို့၏ အခန်းကဏ္ဍကို အသုံးချရန်အတွက် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လိုလားသည်ဟု သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောသည်။

"သန်းရွှေနဲ့ သူ့ဗိုလ်ချုပ်တွေက ကာကွယ်ရေး ကော်မရှင်မှာ အဖွဲ့ဝင်တွေ ဖြစ်လာနိုင်တယ်။ တရုတ်ပြည်ကလို ပုံစံတမျိုးပေါ့" ဟု အဆိုပါ နေပြည်တော် သတင်းရပ်ကွက်တခုက ပြောသည်။

စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲလွန် ကာလအတွက် ရုံးများဖွင့်ရန် ပြင်ဆင်နေပြီး ယင်းရုံးများသည် တောတွင်းမြို့တော်ရှိ ကာကွယ်ရေးဌာန၏ အဆောက်အဦတချို့တွင် ဖွင့်လှစ်လိမ့်မည် ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်အခြေစိုက် လေ့လာသုံးသပ်သူ ဦးမြမောင်ကမူ မကြာသေးခင်က ပြီးဆုံးသွားခဲ့သော အစည်းအဝေးသည် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့်အနေနှင့် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ဗိုလ်ချုပ်ကြီးတွေက ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်နေကြတာ။ လုံခြုံရေးကိစ္စတွေ၊ ပြည်ထဲရေးကိစ္စတွေနဲ့ ရဲတပ်ဖွဲ့ကို ပြင်ဆင်ထားဖို့ပဲဖြစ်တယ်" ဟု ဦးမြမောင်က ပြောသည်။

ဒီမိုကရေစီသို့သွားရာ လမ်းပြမြေပုံ၏ အစိတ်အပိုင်းတရပ်အရ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး အနိုင်ရပါတီကို အစိုးရဖွဲ့ခွင့်ပြုကာ အာဏာလွှဲပြောင်းပေးမည်ဟု မြန်မာစစ်အစိုးရက ကြေညာထားသည်။

သို့သော် အစိုးရသည် အတိုက်အခံ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ နှစ်ရှည် ထောင်ဒဏ်ချခြင်းဖြင့် သူတို့ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့် ထိန်းချုပ်ထားမှုများကိုမူ ဆက်လက် ထိန်းသိမ်းထားဆဲ ရှိသည်။ ထို့ပြင် တိုင်းပြည်တဝှမ်း ၂ဝဝ၇ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများအတွင်း ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများက ဆန္ဒပြပွဲများ ကျင်းပခဲ့သော မြို့များ၊ မြို့ကြီးများတွင် လုံခြုံရေးအစီအမံများ ပြုလုပ်ထားသည်။

အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် အနေနှင့် တပ်တွင်းတွင် ရာထူးနေရာ အများအပြားကို အပြောင်းအလဲများ ပြုလုပ်ဖွယ်ရှိသည်ဟု ဦးမြမောင်က ပြောသည်။ အချို့ကို အငြိမ်းစားယူစေပြီး၊ အချို့ကို အရပ်သား အစိုးရဘက်သို့ ပို့ကာ၊ ရဲတပ်ဖွဲ့ကိုမူ အရန်စစ်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်သည်ဟု ဆိုသည်။

"ဘယ်လိုဆန္ဒပြမှုမျိုးပဲ ဖြစ်လာဖြစ်လာ၊ ရဲတပ်ဖွဲ့က နှိမ်နင်းနိုင်ဖို့ စစ်အစိုးရက ရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းတာတွေ လုပ်နေတယ်။ စစ်တပ်ကတော့ တိုင်းရင်းသား သူပုန်တွေနဲ့ တိုက်ဖို့ ဆက်ထားမှာဖြစ်တယ်" ဟု ဦးမြမောင်က ပြောသည်။

တိုင်းပြည်တဝှမ်းတွင် အနည်းဆုံး ရဲတပ်ဖွဲ့ ၁၆ ရင်းမှ ၁၈ ရင်းထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီး၊ တပ်ရင်းတရင်းလျှင် ရဲတပ်ဖွဲ့ဝင် ၄ဝဝ ကျော်ရှိသည်ဟု သူက ပြောသည်။

သို့သော် ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် (NDD) ၏ သုတေသီဖြစ်သူ ဦးဌေးအောင်ကမူ မကြာခင်က ကျင်းပခဲ့သော စစ်အစိုးရ၏ ၄ လပတ် အစည်းအဝေးတွင် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် လတ်တလော ဖြစ်ပွားနေသည့် ရေကြောင်းနယ်နိမိတ် ပြဿနာ အစရှိသည့် အရေးပါသော ပြဿနာကြီး အနည်းငယ်မျှကိုသာ ဆွေးနွေးဖွယ်ရှိသည်ဟု ပြောသည်။

"ကျနော်ထင်တာ စစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲလို၊ မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဖြစ်ခဲ့တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လို အကြပ်အတည်းတွေနဲ့ စီးပွါးရေး အကြပ်အတည်းတွေ ဆိုတာလောက်ပဲ အရေးကြီးတာတွေ ဆွေးနွေးမှာပါ" ဟု ဦးဌေးအောင်က ပြောသည်။

မည်သူတွေက နိုင်ငံရေးပါတီ ဖွဲ့ရမည်၊ မည်သူတွေက စစ်တပ်ထဲတွင် ကျန်ခဲ့ရမည် ဆိုတာကိုလည်း စစ်အစိုးရက ဆွေးနွေး ဆုံးဖြတ်ဖွယ် ရှိသည်ဟုလည်း ဦးဌေးအောင်က ပြောသည်။

မည်သို့ပင်ဖြစ်စေ ၄ လပတ် အစည်းအဝေးများ၌ ပြုလုပ်သော တပ်တွင်း အပြောင်းအလဲများသည် ပုံမှန်သာဖြစ်ပြီး စစ်တပ်တခုလုံး၏ ဖွဲ့စည်းမှုအပေါ်တွင်မူ အနည်းငယ်သာ အရေးပါလိမ့်မည်ဟုလည်း သူက ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/2034-2008-11-25-07-02-40.html

ဖတ်ကြည့်ချင်သေးလား....

Tuesday, November 25, 2008

သာသနာဥသျှောင်အဖွဲ့ ၏ နှစ်ပတ်လည် အစည်းအဝေး မှတ်တမ်းကျေညာချက်

ဖတ်ကြည့်ချင်သေးလား....

နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးမှု သာသနာ့ဥသျှောင်အဖွဲ့ ရှုတ်ချ

25 November 2008

မြန်မာနိုင်ငံမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်နေတာတွေဟာ တရားလက်လွတ် ဖြစ်လွန်း
လှတဲ့အတွက် နိုင်ငံရဲ့အနာဂတ် သိပ်ပြီး ၀မ်းနည်းစရာကောင်းလွန်းနေပြီလို့ ပီနန်း
ဆရာတော်ဘုရားကြီးက မိန့်ကြားလိုက်ပါတယ်။ ပီနန်းဆရာတော်ဟာ အမေရိကန်
ပြည်ထောင်စုအခြေစိုက် သာသနာ့မောလိခေါ် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ
မြန်မာရဟန်းတော်များအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးလည်း ဖြစ်ပါတယ်။ သာသနာ့
မောလိအဖွဲ့က နှစ်ပတ်လည်ညီလာခံတခုကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လုပ်ခဲ့ပါသေး
တယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းပြီး ကိုကျော်ကျော်သိန်းက တင်ပြပေးထား
ပါတယ်။

သာသနာ့မောလိအဖွဲ့ရဲ့ ပထမဆုံး နှစ်ပတ်လည်ညီလာခံကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁
ရက်နဲ့ ၂၂ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ခ်မြို့တော်မှာ
ကျင်းပပြုလုပ်ခဲ့တာပါ။ အဲဒီညီလာခံကို ဥက္ကဋ္ဌ ပီနန်းဆရာတော်ကြီး အမှူးပြုတဲ့ သံဃာ
တော် ၂၅ ပါး တက်ရောက်ပြီး အောင်အောင်မြင်မြင် ကျင်းပခဲ့တယ်လို့ သာသနာ့
မောလိအဖွဲ့ရဲ့ ညီလာခံအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သာသနာ့မောလိအဖွဲ့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွှေဝါရောင်လှုပ်ရှားမှုအပြီး ဖွဲ့စည်း
ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အဲဒီ ရွှေဝါရောင်လှုပ်ရှားမှုနဲ့ဆက်စပ်ပြီး ဖမ်းဆီး
ထားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာမို့ ဒီအပေါ်မှာ ပီနန်းဆရာတော်
ကြီးရဲ့အမြင်ကို ဗွီအိုအေက လျှောက်ထားမေးမြန်းခဲ့ပါတယ်။

"ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်လာတဲ့ ဆရာတော်တွေက အစိုးရကိုလည်း ဘာမှ
ပြောတာမဟုတ်ဘူး။ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်ကို တင်ပြတာ၊ မေတ္တာရပ်ခံပြီး
တော့ ဖြေရှင်းပေးဖို့ပြောတာကို အခုလို ထောင်ချတာ၊ ထောင်ကလည်း အပြစ်မရှိဘဲနဲ့
တရားဥပဒေနဲ့ပြောမယ်ဆိုရင် ပြည်တွင်းဥပဒေနဲ့ပဲပြောပြော၊ အပြည်ပြည်ဆိုင်ရာ
ဥပဒေနဲ့ပဲပြောပြော၊ တရားတော်နဲ့လည်း မညီတဲ့အတွက် ဗမာပြည်မှာ အားလုံး
အတွက် ၀မ်းနည်းစရာကောင်းတယ်လို့ ပြောရမှာပေါ့။

"ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေသည် ဗမာပြည်မှာ လုံးဝ ချုပ်ငြိမ်းသလောက်
ဖြစ်နေပြီဆိုတော့၊ ကိုယ်နဲ့မနှစ်သက်တဲ့လူကို တရားမျှတသလား၊ မမျှတသလား၊
တရားတော်နဲ့ ညီသလား၊ မညီသလားဆိုတဲ့ဟာတွေကို စဉ်းစားဆင်ခြင်မှုနည်းပြီးတော့
အဲဒီလိုလုပ်တဲ့အတွက် ဗမာပြည်ရဲ့အနာဂတ်က သိပ်ဝမ်းနည်းစရာကောင်းတယ်လို့
ဘုန်းကြီးတို့ ပြောရမှာပါ။"

သာသနာ့ဥသျှောင်အဖွဲ့ ဖွဲ့စည်းထူထောင်ပြီး တနှစ်အတွင်း သာသနာတော်အကျိုး၊ ဒုက္ခ
ရောက်နေသူတွေအကျိုးကို ဆောင်ရွက်နိုင်ခဲ့ပြီး ကမ္ဘာတ၀န်း အဖွဲ့ခွဲပေါင်း နိုင်ငံ ၂၀ မှာ
ဖွဲ့စည်းနိုင်ခဲ့တာ၊ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ဘေးဒဏ်သင့်ခဲ့သူတွေကို ကူညီထောက်ပံ့
ဖို့ လုပ်ဆောင်နိုင်ခဲ့တာတွေဟာ အောင်မြင်မှုမှတ်တိုင်တွေဖြစ်တယ်လို့လည်း ပီနန်း
ဆရာတော်ကြီးက မိန့်ကြားခဲ့ပါတယ်။

ရှေ့ဆက်ပြီး လုပ်ဆောင်သွားဖို့ လျာထားတာတွေထဲမှာ အဓိကအကျဆုံးလုပ်ငန်းအဖြစ်
သတ်မှတ်ထားတာနဲ့ ပတ်သက်ပြီးတော့လည်း ဆရာတော်ကြီးက အခုလို ဆက်လက်
မိန့်ကြားခဲ့ပါတယ်။

"အထူးသဖြင့် ဘုန်းကြီးတို့ သာသနာ့ဥသျှောင်အဖွဲ့အနေနဲ့ သာသနာတော်ကြီး စည်ပင်
ပြန့်ပွားဖို့၊ သာသနာတော်ကြီး ကြီးပွားဖို့ လုပ်ကြတာပါ။ အဲလိုကြီးပွားအောင် လုပ်တဲ့
နေရာမှာ သာသနာပြုလုပ်ငန်း၊ သာသနာကို ကြီးပွားအောင်လုပ်တယ်ဆိုတာ အဲဒီ
အထဲမှာ ကြီးပွားအောင် မလုပ်ခင်စပ်ကြား သာသနာ့အန္တရာယ်တွေက ရှိတော့
ဒီသာသနာ့အန္တရာယ်တွေကို ကာကွယ်သွားဖို့က အထူးလိုအပ်တယ်လို့ ဘုန်းကြီးတို့
ယူဆတယ်။

"ဘာဖြစ်လို့လဲဆိုရင် အလုပ်တခုလုပ်တဲ့အခါမှာ အနှောင့်အယှက်တွေ ရှိသလိုပေါ့။
အလုပ်တခု လုပ်တယ်ဆိုတာ တန်းလုပ်လို့ရတာမဟုတ်ဘူး။ အဖျက်အဆီးတွေ၊
အနှောင့်အယှက်တွေ ဖြစ်လာတဲ့အတွက် အဲဒီအနှောင့်အယှက်တွေကို ဘုန်းကြီးတို့
အထူးသဖြင့် ကာကွယ်စောင့်ရှောက်ဖို့ အထူးလိုအပ်ပါတယ်။ အဲဒါကြောင့် ဘုန်းကြီးတို့
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့က အဲဒါကို ဦးထိပ်ထားလုပ်ဆောင်ဖို့
အားလုံးကို ညွှန်ကြား တိုက်တွန်းထားပါတယ်။"

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ပီနန်း
ဆရာတော်ကြီး မိန့်ကြားသွားတာ ဖြစ်ပါတယ်။
သာသနာ့ဥသျှောင်အဖွဲ့ရဲ့ နှစ်ပတ်လည်ညီလာခံကနေ ပြည်တွင်းမှာ မတရားဖမ်းဆီး
နှိပ်စက်ခံနေရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ၊
မတရားပြုမူတာတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ အမြန်ဆုံးလွှတ်ပေးဖို့ လေးလေးနက်နက်
မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြတယ်လို့လည်း ညီလာခံအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြ
ထားပါတယ်။
http://www.voanews.com/burmese/2008-11-25-voa5.cfm

ဖတ်ကြည့်ချင်သေးလား....

Voice of Burma, NOV 2008

VOB685

Get your own at Scribd or explore others:

ဖတ်ကြည့်ချင်သေးလား....

အမိန့်မချခင် 10 မိနစ်အလို၌ရေးသားထားသော ဇေယျာသော် နှိုးဆော်ချက်,,,



"ကျနော်ဟာ ကမ္ဘာ့ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် (၃၀) ပါ ပုဒ်ခွဲ ၁၉၊ ၂၀၊ ၂၁ အရ လွတ်လပ်စွာ တွေးတောကြံဆ၊ လွတ်လပ်စွာ ဟောပြောစည်းရုံးပြီး လွတ်လပ်စွာ စုစည်းပြီး နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးအတိုင်း မိမိဆန္ဒကို လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခဲ့တာပါ။ ဒီလို အခြေခံကျတဲ့ လူ့အခွင့်အရေးလေးတွေတောင်မှ မပေးနိုင်ပဲ ပုဒ်ထီး ပုဒ်မတွေတပ်၊ ထောင်တွေချနေရင် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ပြည့်ဝတဲ့ လူ့အခွင့်အရေး လမ်းကြောင်းပေါ်ကို လျှောက်နေပါတယ်ဆိုတဲ့ နှစ်ထောင့်တဆယ်ကို ကျနော်တို့ ဘယ်လို ယုံကြည်ရတော့မလဲ"

ဇေယျာသော်
ACID အဖွဲ့ အဆိုတော်

ဖတ်ကြည့်ချင်သေးလား....

နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်အရောက်အပေါက် ခက်ခဲလှတဲ့ ထောင်တွေဆီကို ရွှေ့ပစ်နေ

24 November 2008

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ နှစ်ရှည်ထောင်ဒဏ် ချခံခဲ့ရသူ မဟန်နီဦး
အပါအ၀င် အယောက် ၂၀ ကျော်ကို မိသားစုနဲ့ဝေးတဲ့ ထောင်တွေဆီကို အာဏာပိုင်
တွေက ရွှေ့ပစ်နေပါပြီ။ ဒီအထဲမှာ ၈၈ မျိုးဆက် ကျောင်းသူကျောင်းသားတွေရော၊
အန်န်အယ်လ်ဒီ ပါတီဝင်တွေပါ ပါဝင်ကြပါတယ်။ အရောက်အပေါက် ခက်ခဲလှတဲ့
ထောင်တွေဆီကို ရွှေ့ပစ်နေတာဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်
အရေးအဖွဲ့တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထိတွေ့လို့မရအောင်၊ ထောင်တွင်း
သတင်းတွေကို ကမ္ဘာကမသိနိုင်အောင် စီစဉ်လုပ်နေတာလို့ ထိုင်းအခြေစိုက် နိုင်ငံရေး
အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောလိုက်ပါတယ်။
အကြောင်းစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဒီနေ့ ထောင်တွေကို ပြောင်းရွှေ့လိုက်တဲ့စာရင်းကို အန်န်အယ်လ်ဒီပါတီဝင် လူငယ်တဦး
က ရှင်းပြပါတယ်။

"ဒီနေ့ ထောင်ပြောင်းတာ ၁၈ ယောက်ရှိတယ်။ သန့်ဇော်မြင့် လှိုင်သာယာက သထုံ၊
ရဲမြတ်ဟိန်းက ကလေး၊ ကိုထွန်းထွန်းနိုင်က မိတ္ထီလာ၊ ဦးသဒ္ဒမခေါ် သက်ဇော်ကို
မိတ္ထီလာ၊ ရှဲခေါ် အောင်သိန်းလွင်ကို ဗန်းမော်၊ စိုးမြင့်ထိန်ကို တောင်ကြီး၊ လူတင်ဝင်း
ထားဝယ်၊ နေလင်းအောင်နဲ့ ကျော်ကျော် ပေါင်းတည်၊ မဟန်နီဦး လားရှိုး၊
မကြည်ကြည်ဝါ ပေါင်းတည်၊ မအိ ပေါင်းတည်၊ မငယ် သာယာဝတီ၊ သန်းလွင်ဦး
ထားဝယ်၊ အောင်မင်းနိုင်ခေါ် သားကြီး မော်လမြိုင်၊ မျိုးခိုင်ခေါ် ကုလားလေး သာယာ
ဝတီ၊ ရဲမင်းဦး မြင်းခြံ၊ ဦးဉာဏ်ဝင်းခေါ် ဦးဇာဏေယျ မိတ္ထီလာ"

အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရ စုစုပေါင်း ၂၁ ယောက် ထောင်ပြောင်းရွှေ့ခံရ
တယ်လို့ ဆိုပါတယ်။ အဲဒီလူတွေက ကိုလှိုင်မင်း သီပေါထောင်၊ ကိုမျိုးရန်နောင်သိန်းက
သံတွဲထောင်၊ ကိုမျိုးခင်က ဗန်းမော်ထောင်တို့ ဖြစ်ပါတယ်။

အခုလို မိသားစုတွေနဲ့ ဝေးလံတဲ့ ထောင်တွေကို ပြောင်းရွှေ့တဲ့အတွက် ထောင်ဝင်စာ
သွားတွေ့ဖို့ မိသားစုတွေအနေနဲ့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒီနေ့ ထောင်ပြောင်း
ခံလိုက်ရတဲ့ မကြည်ကြည်ဝါရဲ့ မောင်ဖြစ်သူက အခုလိုပြောပါတယ်။

"အခက်အခဲကတော့ အများကြီးပေါ့၊ ရန်ကုန်မှာကျတော့လည်း ထောင်ဝင်စာတွေ့လို့
မရ၊ ဘာမရနဲ့။ နယ်ဝေးဘက်ကိုပို့လိုက်တော့ မိသားစုတွေမှာ အခု ဘယ်လိုလုပ်လို့
လုပ်ရမှန်းမသိတဲ့ အခြေအနေမျိုးကို ရောက်နေတာပေါ့။ လက်ထဲမှာ သူတို့ကိုတွေ့ဖို့
အတွက် ပိုက်ဆံမရှိတာတို့၊ လမ်းစရိတ်မရှိတာတို့ အဲလို အခက်အခဲတွေနဲ့ အကုန်လုံး
ကြုံနေရပါတယ်။"

မြန်မာစစ်အစိုးရဘက်က အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ဘာဖြစ်လို့ ဝေးလံတဲ့
ထောင်တွေဆီ တဦးချင်းစီ ခွဲပြီးပို့နေရလဲဆိုတဲ့ အကြောင်းပြချက်တော့ မပေးပါဘူး။
ဒါနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်
ရေးအသင်း မြန်မာနိုင်ငံ (အေအေပီပီ-ဘီ) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က သူ့ရဲ့
ခန့်မှန်းချက်ကို ရှင်းပြပါတယ်။

"အဓိကကတော့ သူတို့ကို နိုင်ငံတကာမြင်ကွင်းမှာ မရှိစေချင်ဘူး။ တခြား သတင်း
အချက်အလက်တွေအရရော သူတို့ကို နီးနီးစပ်စပ် မရှိစေချင်လို့ ထောင်ပြောင်းလိုက်
တာဖြစ်တယ်။ ဒါက ထောင်ပြောင်းတဲ့ကိစ္စတခုပါ။ ဒါပေမယ့် တယောက်ကို တထောင်
စီ ပြောင်းလိုက်တယ်ဆိုတာကတော့ အဓိကက သူတို့တင်မက သူတို့မိသားစုတွေပါ
ဒုက္ခရောက်စေတော့ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်။"

နိုင်ငံတကာမြင်ကွင်းဆိုတာကို နည်းနည်းရှင်းပြပေးပါခင်ဗျ။

"ဥပမာ အင်းစိန်ထောင်မှာရှိတယ်ဆိုရင် ဘာပဲပြောပြော နိုင်ငံရေးအကျဉ်းသားတွေရဲ့
အခြေအနေ၊ သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရမှု အခြေအနေတွေ၊ စတဲ့
သတင်းအချက်အလက်တွေ ပြင်ပကိုရောက်ဖို့ နီးစပ်တယ်။ ဒီနေရာမှာ သူတို့ကို မရှိစေ
ချင်ဘူး။

"နောက်တခုက နာမည်ရှိတဲ့လူတွေဆိုရင် မြို့နဲ့ပိုဝေးတဲ့ ဒေသမှာရှိတဲ့ ထောင်တွေကို
ပို့တယ်။ အညိုရောင်နယ်မြေဖြစ်တဲ့အတွက် ဘယ်နိုင်ငံခြားသားမှ သွားလို့မရတဲ့
နေရာတွေဖြစ်တယ်။ အဲလိုပို့လိုက်ခြင်းအားဖြင့် သူတို့အနေနဲ့ အကြောင်းပြချက်တခု
ရသွားတာပေါ့။

"မစ္စတာကင်တားနားတို့ သွားမယ်ဆိုရင်တောင်မှ၊ ဥပမာ မင်းကိုနိုင်ကို တွေ့ချင်တယ်
ဆိုရင် သွားတွေ့လို့မရတော့ဘူး၊ ကိုပြုံးချိုကို တွေ့ချင်တယ်ဆိုရင် သွားတွေ့လို့မရတော့
ဘူး။ ကော့သောင်းကို နိုင်ငံခြားသား မြန်မာပြည်ထဲကနေ ဖြတ်သွားလာခွင့်မရှိဘူး။
အဲဒါက နိုင်ငံတကာ မျက်စိအောက်ကနေ၊ နိုင်ငံတကာ မြင်ကွင်းအောက်ကနေ
ဖျောက်ချင်တဲ့သဘော ရှိပါတယ်။"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကိုတိတ်နိုင် ရှင်းပြ
သွားတာဖြစ်ပါတယ်။
မြန်မာစစ်အစိုးရက အခုလို ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကို နှစ်ရှည်ထောင်ဒဏ်
တွေချမှတ်၊ ဝေးလံတဲ့ထောင်တွေကို ပို့နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲ
လို့ နိုင်ငံတကာက ပြောဆိုနေကြပေမယ့် မြန်မာအာဏာပိုင်တွေဘက်ကတော့
ဘယ်လိုမှ တုံ့ပြန်ချက်တွေ မပေးပါဘူး။ ဖမ်းဆီးထားပြီး ထောင်ဒဏ်မချမှတ်သေးတဲ့
သူတွေလည်း အများအပြား ကျန်နေပါသေးတယ်။
http://www.voanews.com/burmese/2008-11-24-voa5.cfm

ဖတ်ကြည့်ချင်သေးလား....

မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ


NEJ/ ၂၄ နိုဝင်ဘာ ၂၀၀၈

မြန်မာစစ်တပ်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ တပ်တွင်းဖိနှိပ်မှုများ အပါအဝင် လူထုကို နည်းအမျိုးမျိုးဖြင့် မတရား ဖိနှိပ်ညှဉ်းပန်းအနိုင်ကျင့်မှုများကို နေ့စဉ်ကျူးလွန်နေသည့် မြန်မာစစ်တပ်အတွင်း ဆက်လက် နေထိုင်လိုစိတ် မရှိတော့သဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လာရောက်ပူးပေါင်းရခြင်းဖြစ်ကြောင်း လက်နက်ချမြန်မာစစ်သား (၆) ဦးထဲမှ စစ်သား မောင်ဖိုးဇော်က ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ရောက်ရှိလာကြသည့် မြန်မာစစ်တပ်မှ စစ်သည် (၆) ဦးအနက် မြန်မာစစ်တပ်မှ ဆက်သွယ်ရေး စစ်သည်တဦးဖြစ်သူ မောင်ဖိုးဇော်က ၎င်း၏တပ်တွင်းအတွေ့အကြုံများအား ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-

မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။
မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။
မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။
မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။
ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။
ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။

အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။

မောင်ဖိုးဇော်က “တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက်ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန်ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီးနေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့မောင်းထဲထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေးတယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ် ကြီး လေးသိန်းမောင်အပါအဝင် စစ်သား (၂၀) လောက်ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကိုထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ” ဟု ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းကြတဲ့ မြန်မာစစ်တပ်ကဖြစ်စေ၊ ဒီကေဘီအေကဖြစ်စေ၊ သူတို့ကို ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပါတယ်။ သူတို့ဆန္ဒကိုသာ ဦးစားပေးပါတယ်။ တော်လှန်ရေး ဆက်လုပ် ချင်တဲ့သူတွေကို တော်လှန်ရေးမှာ ထားသလို၊ အပြင်မှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ပြီး နေထိုင်ချင်တဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေကို စီစဉ်ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်နှင့် လာရောက်ပူးပေါင်းသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်သည်များ (၃၀) ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောသည်။

ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ်များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။

ဖတ်ကြည့်ချင်သေးလား....

88 ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် in fort wayne.

88 Th National Day

Get your own at Scribd or explore others:

ဖတ်ကြည့်ချင်သေးလား....

Monday, November 24, 2008

သစ္စာတော်လှန်ရေးအင်အားစု ရန်ပုံငွေနှစ်သစ်ကူးခရီးစဉ်

ဖတ်ကြည့်ချင်သေးလား....

ထမင်းစားပြီး ရှောင်သင့်သော ၇ ချက်


1 .* Don't smoke- Experiment from experts proves that smoking a cigarette after meal is comparable to smoking 10 cigarettes (chances of cancer is higher).


2 .* Don't eat fruits immediately - Immediately eating fruits after meals will cause stomach to be bloated with air. Therefore take fruit 1-2 hr after meal or 1hr before meal.


3 .* Don't drink tea - Because tea leaves contain a high content of acid. This substance will cause the Protein content in the food we consume to be hardened thus difficult to digest.

4 . Don't loosen your belt - Loosening the belt after a meal will easily cause the intestine to be twisted & blocked.

5 .* Don't bathe - Bathing will cause the increase of blood flow to the hands, legs & body thus the amount of blood around the stomach will therefore decrease. This will weaken the digestive system in our stomach.

6 .* Don't walk about - People always say that after a meal walk a hundred steps and you will live till 99. In actual fact this is not true. Walking will cause the digestive system to be unable to absorb the nutrition from the food we intake.

7 .* Don't sleep immediately - The food we intake will not be able to digest properly. Thus will lead to gastric & infection in our intestine.

ဖတ်ကြည့်ချင်သေးလား....

(၈၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ 





ဖတ်ကြည့်ချင်သေးလား....

Saturday, November 22, 2008

ကျောင်းသားလူငယ်ခေါင်းဆောင်များကို သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ ပြစ်ဒဏ်ပေး

မြင့်မောင် သောကြာနေ့၊ နိုဝင်ဘာလ 21 2008 22:26 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအား ဝေးလံခေါင်ဖျား ဒေသများရှိ ထောင်များသို့ အာဏာပိုင်များက ပြောင်းရွှေ့လိုက်သဖြင့် မိသားစုဝင်များအနေဖြင့် အခက်အခဲများ ကြုံတွေ့ရတော့မည်။

မြန်မာစစ်အစိုးရက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအား ယခုလ ဒုတိယပတ်အတွင်းမှ စတင်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး၊ ယခုရက်ပိုင်းအတွင်း ဝေးလံခေါင်ဖျားဒေသရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေ့လိုက်သည့်အတွက် အခက်အခဲဖြစ်ရကြောင်း မိသားစုဝင်များက ပြောဆိုခြင်းဖြစ်သည်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်ထောင်ရောက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်း၏ မိခင်က "ဘယ်လို သွားရမယ်ဆိုတာကို မသိလို့ မြန်မာပြည်မြေပုံကို ကြည့်နေရတယ်။ ဘယ်လို သွားရမယ်ဆိုတာတောင် မသိသေးဘူး။ ဝေးလံတဲ့ ဒေသတွေကို အပြစ်မရှိတဲ့ လူတွေ ချုပ်ထားတဲ့အပြင် အပြစ်မဲ့တဲ့ မိသားစုကို ဒုက္ခ ရောက်အောင် လုပ်တာနဲ့ အတူတူပဲ" ဟု ပြောသည်။

သူက "လမ်းစရိတ်ကြီးပဲ ၁ သိန်းခွဲလောက် ကုန်မယ်။ တခေါက်ကို အနည်းဆုံး ၃ သိန်းလောက် ကုန်မယ်။ ရေရှည် ခံနိုင်မှု ရှိ၊ မရှိ၊ မိမိအနေနဲ့ ငွေကြေး ဖူလုံမှု ရှိ၊ မရှိကို အကုန်လုံး တွက်ချက်လုပ်ရမယ်" ဟု ဆက်ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ရှမ်းပြည်နယ် ကျိုင်းတုံထောင်သို့ ပို့ဆောင်လိုက်သည်ဟု သတင်းကြားသော်လည်း ယခုအချိန်ထိ ကျိုင်းတုံအကျဉ်းစခန်းသို့ မရောက်ရှိသေးကြောင်း ညီဖြစ်သူ ကိုအောင်အောင်ထွန်းက ပြောသည်။

သူက "ကျိုင်းတုံထောင်ကို ပို့လိုက်တယ်လို့ ပြောတယ်၊ ကျိုင်းတုံကို လှမ်းစုံစမ်းတော့ မရောက်သေးဘူးတဲ့။ အခု ဘယ်ရောက်နေလဲတော့ မသိဘူး။ အခက်အခဲတွေ အများကြီး ရှိတယ်။ မြန်မာပြည်မြေပုံကို ကြည့်မယ်ဆိုရင် ဟိုဘက်ထိပ် ဒီဘက်ထိပ်ပေါ့။ တော်တော်ကို ဝေးတယ်။ သူ ဘယ်နေရာ ရောက်ရောက် သွားတွေ့ရမှာပဲ" ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီက ယမန်နေ့က ကြေညာချက်တရပ် ထုတ်ပြန်ရာတွင် "ယခုလို ကျောင်းသားခေါင်းဆောင်များအား ပြစ်ဒဏ်ကြီးများ ချမှတ်ခြင်း၊ ၎င်းတို့၏ မိသားစုများနှင့် ဝေလံသော ဒေသများသို့ ထောင်ပြောင်းရွှေ့လိုက်ခြင်းသည် ကျောင်းသားလူငယ် ခေါင်းဆောင်များကို သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ ပြစ်ဒဏ်ပေးသလို ဖြစ်နေသည်" ဟု ရေးသား ဖော်ပြထားသည်။

ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက "ကျနော်တို့က ဆောင်ရွက်နိုင်စွမ်း မရှိပါဘူး။ အကူအညီ ပေးနိုင်တာက ရောက်သွားတဲ့ နေရာတွေမှာ မိတ်ဆွေ အပေါင်းအသင်းမရှိရင် ကျနော်တို့ ပါတီဝင်တွေက ကူညီတယ်" ဟု ပြောသည်။

ယင်းလုပ်ရပ်သည် ကာယကံရှင်များ၊ မိသားစုများနှင့် ဒီမိုကရေစီလှုပ်ရှားသူများအား စိုးရိမ်စေသည်သာမက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေကို ပြေလည်အောင် ညှိုနိုင်းဖြေရှင်းပေးရမည့်အစား ပိုမိုခက်ခဲလာနိုင်စေသော သဘောကိုလည်း ဆောင်နေကြောင်းနှင့် ထိုမျှမက အနာဂတ် မြန်မာ့နိုင်ငံရေးလောက၏ မျိုးဆက်သစ် ခေါင်းဆောင်မှုအား ပိတ်ပင်တားဆီးဟန့်တားသည့် အဓိပ္ပာယ်မျိုးလည်း သက်ရောက်လျက်သည်ဟုလည်း အန်အယ်ဒီ ကြေညာချက်က ဆက်လက်ဖော်ပြထားသည်။

နှစ်ရှည် ထောင်ဒဏ်များချမှတ်ခံထားရသည့် သူများထဲတွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၃၀ ခန့်၊ အန်အယ်ဒီ အဖွဲ့ဝင် ၆၀ ကျော်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀ ကျော်ရှိကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/2027-2008-11-21-16-09-50.html

ဖတ်ကြည့်ချင်သေးလား....

မီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှု မြန်မာသတင်းသမဂ္ဂ ရှုတ်ချ

21 November 2008

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းသင့် လူထုကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ရင်း ဖမ်းဆီးခံခဲ့ရတဲ့ ရုပ်ရှင် သရုပ်ဆောင် လူရွှင်တော် ဇာဂနာ ကို ထောင်ဒဏ် ၄၅ နှစ်၊ အားကစားဂျာနယ် အယ်ဒီတာဟောင်း ကိုဇော်သက်ထွေး ကိုတော့ ထောင်ဒဏ် ၁၅ နှစ် ဆိုပြီး မြန်မာစစ်အစိုးရက မနေ့ကပဲ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲချင်သူတွေ၊ အမှန်တရား ကို လိုလားသူတွေ မှန်သမျှကို တရားဥပဒေကို ခုတုံး လုပ်ပြီး အပြစ်ပေးနေတယ်လို့ မြန်မာနဲ့ နိုင်ငံတကာ သတင်းထောက်အဖွဲ့တွေ က ပြောဆိုပါတယ်။ အပြည့်စုံကို မသင်းသီရိ က တင်ပြထားပါတယ်။

မြန်မာပြည်တွင်းက သတင်းသမားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ နဲ့ နာဂစ်မုန်တိုင်းမှာ ကူညီရေးလုပ်ကိုင်သူတွေ အပါအ၀င် မြန်မာပြည်ထဲမှာ ပြုပြင်ပြောင်းလဲရေး လိုလားသူ အမှန်တရားကို မြတ်နိုးသူတိုင်း အန္တရာယ် ကျနေတယ်လို့ နယ်စည်းမခြား သတင်းထောင်များအဖွဲ့ RSF နဲ့ မြန်မာ့သတင်းသမဂ္ဂ BMA သတင်းအဖွဲ့ကြီး နှစ်ခုက ပြောပါတယ်။ ဒါဟာ မြန်မာစစ်အစိုးရက ၂၀၁၀ မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတွက် စီမံကိန်းချပြီး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့် က ပြောပါတယ်။

“ကျနော်တို့ အမြင်အရ ပြောမယ်ဆိုလို့ရှိရင်တော့ စစ်အစိုးရ အနေနဲ့ ၂၀၁၀ ခုနှစ်မှာ မဖြစ်မနေ ကျင်းပမယ်လို့ ရည်စူးထားတဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ ကို အနှောက်အယှက် ပေးနိုင်တဲ့သူမှန်သမျှကို စောစောကတည်းက ရှင်းထုတ်တဲ့ အနေနဲ့ အခုလိုမျိုး သူတို့ လုပ်တာလို့ ထင်ပါတယ်။ အဲဒီလိုမျိုး ရှင်းထုတ်ဖို့ လုပ်တဲ့သူတွေထဲမှာ စောစောက ပြောသလို နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူတွေ ပါသလို အမှန်တရားကို ကမ္ဘာကို တင်ပြမယ့်သူတွေ သတင်းသမားတွေလည်း ပါ ပါတယ်။ ဒါကြောင့် အခုလိုမျိုး လုပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ သူတို့ အခုလိုမျိုး လုပ်တဲ့ဟာ က မြန်မာစစ်အစိုးရ အနေနဲ့ သူတို့ကတော့ သူတို့မှာ အာဏာရှိတယ် ဆိုတာကို ပြချင်တာ မှန်ပေမယ့် တကယ်တမ်းကတော့ သူတို့ အားနည်းလာတာကို ပြတဲ့ ပြယုဂ်တခုလို့ ကျနော်တို့ မြင်ပါတယ်။”

အထူးသဖြင့် နိုင်ငံတကာကို ဆက်သွယ်ပေးနိုင်မယ့် သတင်းသမားတွေကို အခုချိန်မှာ အဓိက ပြစ်မှတ်ထားပြီး ဖမ်းဆီး အပြစ်ပေးတာတွေ တွေ့လာရတယ်လို့ ဆက်ပြောပြပါတယ်။

“သတင်းသမားတွေက ကမ္ဘာကို သိအောင် သတင်းပို့ပေးရပါတယ်။ စစ်အစိုးရ အနေနဲ့ လိုချင်တာက သူတို့ မြန်မာနိုင်ငံ ထဲမှာ ဖြစ်နေတဲ့ သတင်းတွေကို နိုင်ငံပြင်ပကို မထွက်အောင် သူတို့ တားဆီးချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့လုပ်တဲ့ အလုပ်တွေဟာ နိုင်ငံတကာ အမြင်နဲ့ ဘယ်လိုမှ မတော်ဘူး။ ပြည်တွင်းက တရားဥပဒေ တွေကိုလည်း သူတို့ ဖောက်ဖျက်နေတယ်။ နိုင်ငံတကာ ဥပဒေတွေကိုလည်း သူတို့ ဖောက်ဖျက်နေတယ်။ အဲဒီဟာကို နိုင်ငံတကာ မသိစေချင်တဲ့အတွက်ကြောင့် မိုလို့ သူတို့ တားဆီးဖို့ဆိုရင် သတင်းသမားတွေကို အရင်ဆုံး ဖမ်းဆီးထောင်ချတာ လုပ်ရပါလိမ့်မယ်။ သူတို့ အခုလုပ်နေတဲ့အချက်က အဲဒါပေါ့။ အဲဒီအတိုင်း အတိအကျ ဖြစ်နေတာပေါ့နော်။”

အခုလို အခြေအနေတွေအပေါ်မှာ အီးယူ ဥရောပ သမဂ္ဂ အပါအ၀င် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးကပါ ပိုမို ထိရောက်တဲ့ အရေးယူဆောင်ရွက်တာတွေ ချက်ချင်းလုပ်ပေးဖို့ သူတို့ အဖွဲ့တွေအနေနဲ့ တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် တရားစီရင်ရေးစနစ်ကို ဥပဒေမဲ့ အသုံးပြုခဲ့ကြသူတွေ အားလုံးမှာ တာဝန်ခံမှုတွေ ရှိရမယ်လို့ ဦးမောင်မောင်မြင့် က ဆက်ပြောပြပါတယ်။

“အခုလောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေ က တရားဥပဒေ ကို မထီမဲ့မြင် ပြုပြီးတော့ စစ်အစိုးရ ကနေ တရားလက်မဲ့ လုပ်နေတဲ့ကိစ္စပါ။ အဲဒီတော့ ကုလသမဂ္ဂ နဲ့ ဥရောပ သမဂ္ဂ တို့အနေနဲ့က ဟိုတုန်းက ကန့်သတ်တာတွေ ရှိပေမယ်လို့ အခုချိန်မှာ ပိုပြီးတော့ ထိရောက်တဲ့ ကန့်သတ်မှုမျိုး၊ ပိုပြီးတော့ တိကျပြီးတော့ ဦးတည်ချက် ရှိတဲ့ ကန့်သတ်မှုမျိုးကို ကျနော်တို့ လိုချင်ပါတယ်။ အဲဒါကြောင့်မိုလို့လည်း ဒီကိစ္စတွေမှာ အဓိက တာဝန်ရှိတဲ့ ပြည်ထဲရေးဝန်ကြီး အပါအ၀င် အခုလိုမျိုး မတရားတဲ့ တရားစီရင်ရေးစနစ်မှာ ပါဝင်ပတ်သက်နေတဲ့ သူတွေမှန်သမျှကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ နည်းလမ်းမျိုးတွေကို ကျနော်တို့ ရှာနေတာပါ။ ဥရောပသမဂ္ဂ ကို ကျနော်တို့ ချဉ်းကပ်သလို ကုလသမဂ္ဂကိုလည်း ကျနော်တို့ ချဉ်းကပ်ပါတယ်။ ကုလသမဂ္ဂလို့ ဆိုတဲ့နေရာမှာ လူ့အခွင့်အရေး ကော်မရှင်ကို ကျနော်တို့ ချဉ်းကပ်သလို နောက်ပြီးတော့ နိုင်ငံတကာ တရားဥပဒေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ ချဉ်းကပ်နေတာတွေ ရှိပါတယ်။ ဒါတွေသာ ထိရောက်လာမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ မျှော်မှန်းသလို အတိအကျ မဖြစ်ရင်တောင်မှာ အခုလိုမျိုး မတရား အရေးယူတဲ့ကိစ္စတွေ အနည်းနဲ့အများ လျော့ပါးသွားလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။”

မြန်မာ့သတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့် ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ မြန်မာစစ်အစိုးရအပေါ်မှာ သြဇာသက်ရောက်မှု ရှိတယ် ဆိုတဲ့ တရုတ်နိုင်ငံ နဲ့ အာဆီယံ အဖွဲ့တွေဟာလည်း စီးပွားရေး အကျိုးအမြတ်တွေကို ကြည့်မနေဘဲနဲ့ လက်ရှိ ပြည်တွင်းက အခြေအနေတွေ အပေါ်မှာ ထိထိရောက်ရောက် ၀င်ရောက်ပြောဆိုသင့်တယ်လို့လည်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF နဲ့ BMA အဖွဲ့တို့က ဝေဖန်ပြောဆိုထားပါတယ်။

အခုလို ကိုဇာဂနာ ကို ထောင်ဒဏ် ၄၅ နှစ်၊ ကိုဇော်သက်ထွေးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သလို ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေကပဲ ဘလော့ဂါသမား ကိုနေဘုန်းလတ် ကို ထောင်ဒဏ် အနှစ် ၂၀ နဲ့ ၆ လအပြင် ကဗျာဆရာ ကိုစောဝေ ကိုတော့ ထောင်ဒဏ် ၂ နှစ် ချမှတ် အပြစ်ပေးခဲ့ပါတယ်။
http://www.voanews.com/burmese/2008-11-22-voa2.cfm

ဖတ်ကြည့်ချင်သေးလား....

Free Burma Federation- E Newsletter (Nov)

Free Burma Federation- E Newsletter (Nov)

Get your own at Scribd or explore others:

http://komoethee.blogspot.com/

ဖတ်ကြည့်ချင်သေးလား....

အသျှင်ဂမ္ဘီရကို စုစုပေါင်း ထောင်ဒဏ် (၆၈) နှစ် စွယ်စုံအနုပညာရှင် ကိုဇာဂနာကို (၄၅) နှစ်

ကိုဝိုင်း/ ၂၁ နိုဝင်ဘာ ၂၀၀၈


မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ဆရာတော် အသျှင်ဂမ္ဘီရကို ပုဒ်မ (၄) ခုဖြင့် အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် (၁၂) နှစ် ယနေ့ ထပ်မံချလိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် (၆၈) နှစ်ဖြစ်သွားကြောင်း အင်းစိန်တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

အသျှင်ဂမ္ဘီရကို အနောက်ပိုင်းခရိုင်တရားရုံး၊ ကမာရွတ်မြို့နယ်တရားရုံးနှင့် အလုံမြို့နယ်တရားရုံးတို့မှ စွဲချက်များတင်ပြီး အင်းစိန်ထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ်များချမှတ်ခြင်းဖြစ်သည်။

ယမန်နေ့ကလည်း အနောက်ပိုင်းခရိုင်တရားရုံးမှ (၁၅) နှစ်၊ ကမာရွတ်မြို့နယ်က အမှု (၉) မှုအတွက် (၂၉) နှစ် စုစုပေါင်း (၄၄) နှစ် ချမှတ်ခဲ့သည်။ ယခုလ (၁၉) ရက်နေ့တွင်လည်း ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခံခဲ့ရပြီး (၃) ရက်စာ စီရင်ချက် စုစုပေါင်း (၆၈) နှစ်ဖြစ်သွားပြီး တပေါင်းတည်းကျခံရမည်ဟု သိရသည်။

ထို့အပြင် အသျှင်ဂမ္ဘီရ၏ နောင်တော်ဖြစ်သူ ကိုအောင်ကျော်ကျော်ကို (၁၄) နှစ်၊ ကိုကျော်ကျော်နိုင် (၁၄) နှစ်၊ ဦးရွှေမောင်၊ ၀ဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့ကို (၄) နှစ်စီ၊ ကိုသန်းနိုင်ကို (၆) နှစ်၊ မဂ္ဂင်ဆရာတော်ဦးဣန္ဒကနှင့် ဦးကေလာသကို (၄) နှစ်စီ၊ ဦးဣဿရိယကို (၁၄) နှစ်၊ ဦးသုမန (လူအမည် ကိုမင်းဆက်) ကို (၆) နှစ် စသည်ဖြင့် အင်းစိန်ထောင်အထူးတရားရုံးက ယနေ့ ထောင်ဒဏ်များ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

စွယ်စုံအနုပညာရှင် ကိုဇာဂနာခေါ် ကိုသူရကို အမှု (၃) ခုအတွက် (၄၅) နှစ်ချလိုက်ပြီး လာမည့် တနင်္လာနေ့တွင် နောက်ထပ် အမှု (၄) ခု ရင်ဆိုင်ရဦးမည်ဖြစ်ကြောင်း ကိုဇာဂနာ၏ မိသားစုဝင်များက ပြောသည်။ ကိုဇာဂနာ၏ အမှုတွဲများဖြစ်သည့် ကိုဇော်သက်ထွေး (၁၅) နှစ်၊ ကိုသန့်ဇင်အောင် (၁၅) နှစ်၊ ကိုတင်မောင်အေးခေါ် ကတုံး (၂၉) နှစ် အသီးသီးချလိုက် ကြောင်းလည်း သိရသည်။

ဖတ်ကြည့်ချင်သေးလား....

အမေရိကန်ကြီးစိုးသည့်ခေတ် ကုန်တော့မည် နောင်အနှစ် (၂၀) အကြာ ကမ္ဘာကြီးအခြေအနေ စိုးရိမ်ဘွယ်ရှိ

NEJ/ ၂၁ နိုဝင်ဘာ ၂၀၀၈
line


နောက်လာမည့် အနှစ် (၂၀) အကြာ ကမ္ဘာကြီး၏အခြေအနေမှာ နေ့စဉ် အဏုမြူစစ်ပွဲ ခြိမ်းခြောက်မှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဆိုးကြီးများနှင့် ကြုံတွေ့နေရမှာ ဖြစ်သကဲ့သို့ အမေရိကန်နိုင်ငံမှာလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် လွှမ်းမိုးထားသည့်အခြေအနေမျိုးမှ ကျဆုံးတော့မည်ဟု အမေရိကန်ထောက်လှမ်းရေးအသိုင်းအ၀န်း၏ သုံးသပ်ချက် အစီရင်ခံစာတွင် ကြောက်ခမန်းလိလိ ဖော်ပြထားသည်။

(၁၂၁) မျက်နှာရှိ အဆိုပါ အစီရင်ခံစာကို အမျိုးသားထောက်လှမ်းရေးကောင်စီအဖွဲ့က ပြုစုထားခြင်းဖြစ်သည်။ ထွန်းကားလာသည့် အင်အားကြီးနိုင်ငံများ၊ ကမ္ဘာ့စီးပွားရေးပေါင်းစည်း လာမှု၊ အနောက်နိုင်ငံများမှ ဓနအင်အား အရှေ့နိုင်ငံများသို့ ပြောင်းသွားမှု၊ အန်ဂျီအိုများကဲ့သို့ အစိုးရမဟုတ်သည့် အဖွဲ့များ သြဇာကြီးလာမှုတို့ကြောင့် ၂၀၂၅ ခုနှစ် နိုင်ငံတကာစနစ်မှာ မမှတ်မိလောက်အောင် ပြောင်းလဲသွားမည်ဟုလည်း အမျိုးသားထောက်လှမ်းရေးကောင်စီ အဖွဲ့က ဟောကိန်းထုတ်ထားသည်။

အမေရိကန်နိုင်ငံအနေဖြင့် အင်အားအကြီးဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားနိုင်စရာ အကြောင်းရှိသော်လည်း စစ်ရေးလို နယ်ပယ်မျိုးမှာပင် အမေရိကန်အစိုးရ၏ အင်အားတစုံတရာ ယုတ်လျော့လာနိုင်ပြီး အမေရိကန်သြဇာလည်း အခက်အခဲတွေ့ လာနိုင်သည်ဟု အစီရင်ခံစာက ထောက်ပြသည်။

Newsweek မဂ္ဂဇင်း အယ်ဒီတာ Fareed Zakaria ၏ အမေရိကန်ခေတ်လွန်ကမ္ဘာ (Post-American World) စာအုပ်ထွက်ပြီးမကြာခင် အမေရိကန် အမျိုးသားထောက်လှမ်းရေး ကောင်စီအဖွဲ့က လာမည့် နှစ် (၂၀) အကြာ ကြုံရမည့် အမေရိကန်ခေတ်လွန် အခြေအနေများကို ယခုကဲ့သို့ စစ်တမ်းထုတ်လိုက်ခြင်းဖြစ်သည်။

အမျိုးသားထောက်လှမ်းရေးကောင်စီသည် (၅) နှစ်တကြိမ် နောင်လာမည့် ဆယ်စုနှစ်နှစ်ခုအတွင်း ကမ္ဘာတ၀ှမ်းဖြစ်လာနိုင်သည့် အခြေအနေများကို သုံးသပ်ပြုစုပြီး အဆိုပါ မူဝါဒရေးရာသုံးသပ်ချက်များကို အမေရိကန်သမ္မတ အိမ်ဖြူတော်နှင့် ထောက်လှမ်းရေးအသိုင်းအ၀န်းကို တင်ပြခြင်းဖြစ်သည်။

ဖတ်ကြည့်ချင်သေးလား....

Listening Post - Media freedoms - Nov 14 - Part 1

ဖတ်ကြည့်ချင်သေးလား....

Live Type (Myanmar)

ဖတ်ကြည့်ချင်သေးလား....

20 November 2008 - Part 2

ဖတ်ကြည့်ချင်သေးလား....

20 November 2008 - Part 1

ဖတ်ကြည့်ချင်သေးလား....

ဘန်ကောက်မြို့က မြန်မာကျောင်း

21 November 2008

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တော်ရဲ့  ရခ်ျသေ၀ီ ရပ်ကွက်မှာရှိတဲ့ မူလတန်း ကျောင်းလေး တခုဟာ တနင်္ဂနွေနေ့လည်း ကျောင်းဖွင့်ပါတယ်။ အဲ့ဒီနေ့မှာ ကျောင်းတက်ကြသူတွေက တော့ ထိုင်း ကလေးငယ်တွေ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အတွင်းက အခက်အခဲအမျိုးမျိုး ကြောင့် ပြည်ပကို ထွက်ပြီး အလုပ်လုပ်ရင်း ပညာရှာနေကြတဲ့ မြန်မာပြည်သား လူငယ်လေးတွေပါ။ ကျောင်းသူကျောင်းသား စုစုပေါင်း ၅၀၀ကျော် ရှိပါတယ်။ ဒီကျောင်းမှာ ထိုင်းစာ။ အင်္ဂလိပ်စာ၊ ကွန်ပြူတာနဲ့ ပန်းချီ ပညာတွေ သင်ပေးပါတယ်။ ၂၀၀၃ခုနှစ်က စခဲ့တဲ့ စေတနာ့ဝင်ထမ်း ကျောင်းပါ။ ကျောင်းသား အားလုံးနီးပါးဟာ တပါတ်ကို ၆ရက် တချို့ က ၇ရက်လုံး အလုပ်လုပ်ကြရပါတယ်။ မိန်းခလေးအများစုဟာ အိမ်ဖေါ် လုပ်ငန်းနဲ့ အထည်ချုပ် စက်ရုံလုပ်ငန်း။ ယောက်ကျားလေးအများစုကတော့ စားသောက်ဆိုင်နဲ့ စက်ရုံလုပ်ငန်းတွေမှာ လုပ်ကြပါတယ်။ သူတို့တွေ ဘာကြောင့် ဒီကျောင်းကို လာတက်ကြတာလဲ။ ထိုင်းမှာ ဘယ်လို ရုန်းကန် နေရသလဲဆိုတာ တွေကို နားထောင်ကြည့်ပါဦး။

ဒီကျောင်းမှာ မြန်မာလူငယ်တွေစာ သင်ကြားနိုင်အောင်စီစဉ်ပေးတဲ့TACDB ထိုင်းမြန်မာ ချစ်ကြည်ရေးဖေါင်ဒေးရှင်းရဲ့  အုပ်ချုပ်ရေးမှုး ဦးမြင့်ဝေက သူတို့ရဲ့ ရည်ရွယ်ချက်ကိုရှင်း ပြပါလိမ့်မယ်။ ကျောင်းသူ ကျောင်းသားတွေ အဓိက သင်ယူ ကြတာက ထိုင်းစာ ပါပဲ။ စေတနာ့ဝင်ထမ်း ထိုင်းဆရာတွေတင်မက ထိုင်းစာကိုကျွမ်းကျင်နေတဲ့ ဘ၀တူ မြန်မာဆရာ ကိုနိုင်လည်းပါပါတယ်။

တကယ်တော့ ဒီကျောင်းလေးဟာ ဗုဒ္ဓဘာသာ ထိုင်းဘုန်းတော်ကြီးတပါးရဲ့ အထောက်အပံ့နဲ့ ဖွင့်ထားတဲ့ မူလတန်း ကျောင်းလေးပါ။ ကျောင်းအုပ် ဆရာမကြီးဖြစ်တဲ့ Chalor Rodpunya ကတော့ မြန်မာအလုပ်သမားက လေးငယ်တွေ မအားတဲ့ကြားက တပါတ်မှာ တရက်ထဲသင်ယူနေရတာ နည်းလွန်းတဲ့ အတွက်အားမရဘူးလို့ဆိုပါတယ်။

ကျောင်းသူကျောင်းသားတွေ တော်ရင် တော်သလို ဒီထက်အဆင့်မြင့်တဲ့ ပညာတွေသင် ပေးနိုင်အောင် အစိုးရနဲ့ ညှိနှိုင်း ပေးဖို့ စီစဉ်ထားတယ်။ လောလောဆယ် ဆရာနဲ့ကျောင်း သားထိစပ်မှုက တပါတ်မှာ တရက်ထဲဆိုတော့ အားမရဘူးလို့ ပြောပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေသန်းနဲ့ ချီပြီးရှိတဲ့ အထဲမှာ ဘန်ကောက်မြို့  တမြို့ ထဲမှာတင် သုံးသိန်းကျော်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ အများစုက တရားမ၀င် မြန်မာ အလုပ်သမားတွေပါ။ လုံခြုံရေး အခြေအနေ ကြောင့် သူတို့တွေထဲကအနည်းအ ကျဉ်းလောက်ပဲဒီကျောင်းလေးမှာလာတက်နေတာပါ။ ဒီကျောင်းကရတဲ့ပညာတွေနဲ့ သူတို့ရဲ့ ဘ၀ကိုလုံခြုံအောင်ဆက်ပြီးတည်ဆောက်နိုင်ပါ့မလားဆိုတာကတော့ပြောဖို့ ခက်နေပါသေးတယ်ခင်ဗျား။
http://www.voanews.com/burmese/2008-11-21-voa3.cfm

ဖတ်ကြည့်ချင်သေးလား....

ဇာဂနာ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခံရ


နိုင်ငံကျော် လူရွှင်တော် ဇာဂနာ (စက်တင်ဘာ ၂၀၀၇)
21 November 2008

နာဂစ်မုန်တိုင်း တိုက်ခတ်လို့ ဒုက္ခသည်တွေ၊ ဒုက္ခရောက်နေသူတွေကို အကူအညီတွေ ပေးနေရင်းနဲ့ ဖမ်းဆီးခံလိုက်ရတဲ့ လူရွှင်တော် ဇာဂနာကို မြန်မာအစိုးရက ထောင်ဒဏ် ၄၅ နှစ် ဒီကနေ့ အပြစ်ပေးလိုက်ပါတယ်။ သူ့အတွက် နောက်ဆက်တွဲ အမှုတွေလည်း ကျန်နေသေးတယ်လို့ လူရွှင်တော် ဇာဂနာရဲ့ ရှေ့နေက ပြောပါတယ်။ တခါ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် ကိုယ်တော်တပါး ဖြစ်တဲ့ အရှင် ဂမ္ဘီရ ကိုလည်း နောက်ထပ် ထောင်ဒဏ်တွေ ဒီနေ့ ထပ်ချလိုက်လို့ စုစုပေါင်း ၆၈ နှစ် ကျခံရဖို့ ရှိနေပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ကိုကျော်အောင်လွင် က စုံစမ်းတင်ပြထားပါတယ်။

ပထမဦးဆုံး လူရွှင်တော် ဇာဂနာ ကို ဒီကနေ့ပဲ အင်းစိန် အကျဉ်းထောင်ထဲက တရားရုံးမှာ ထောင်ဒဏ် ၄၅ နှစ် စီရင်ချက် ချလိုက်တဲ့ကိစ္စကို သူ့ရဲ့ ရှေ့နေဖြစ်တဲ့ ဒေါ်ခင်ဌေးကြွယ်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုသူရ ခေါ် ဇာဂနာ ကို ဒီနေ့ စီရင်ချက် ချတယ် ကြားပါတယ်။ ဘယ်လို အခြေအနေ ရှိပါသဲခင်ဗျ။ -

“အမှု ၃ မှု ချတာပေါ့နော်။ အီလက်ထရောနစ် ၃၃ (ဃ) နဲ့၊ တမှုစီမှာ ၁၅ နှစ်စီနဲ့ ၃ မှုဆိုတော့ ၄၅ နှစ်ပေါ့။”

တကယ်တမ်းတော့ သူ့ရဲ့ အမှုက ကျန်သေးလားခင်ဗျာ။ -

“ကျန်ပါသေးတယ်။ ကြာသပတေးနေ့ကို ၄ မှု ကျန်သေးတယ်။”

ကိုဇာဂနာ ရဲ့ အမှုကို လိုက်တဲ့ ရှေ့နေတဦးအနေနဲ့ အခုလို ချမှတ်တဲ့ ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီိးတော့ ဘယ်လို ဝေဖန်ချက် ပေးချင်ပါလဲ။ -

“ဒါကတော့ ကျမတို့ ဥပဒေ နဲ့ ငြိစွန်းချက် မရှိဘူးပေါ့နော်။ မရှိဘဲနဲ့ ချတယ်လို့ပဲ ကျမတို့က ပြောရမှာပဲ။”

ကိုသူရ ရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိပါသလဲခင်ဗျ။ ဒီနေ့ တွေ့ခဲ့ရပါလား။ -

“တွေ့ရပါတယ်။ ကောင်းပါတယ်။ သူကတော့ ပျော်ပျော် ပါပဲ။ လူရွှင်တော် ပီသစွာနဲ့ ပျော်ပျော် ပါပဲ။”

ဟုတ်ကဲ့၊ အခုလောက် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အနေအထား ဘယ်လို ရှိပါသလဲခင်ဗျ။ -

“ခန့်မှန်းလို့တောင်မရဘူး။ သူ ပျော်နေလို့ ကျမတောင် စိတ်ညစ်နေတယ်။ သူကတော့ အမြဲတမ်း အမြဲ ပျော်နေတာပဲ။ အမိန့်မချခင်လည်း ပျော်တာပဲ။ သူ ရုံးမထွက်ခင်က ဟိုလူ့ကို နောက်၊ ဒီလူ့ကို နောက်၊ ပျက်လုံးထုတ်လိုက် နဲ့ သူ ပြောနေတာပဲ။”

အဲဒါကတော့ လူရွှင်တော် ဇာဂနာ ရဲ့ လိုက်လံ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်ဌေးကြွယ် ဖြစ်ပါတယ်။ လူရွှင်တော် ဇာဂနာ ရဲ့ ညီမဖြစ်သူ မငြိမ်း ကလည်း ဒီကနေ့ အင်းစိန် အကျဉ်းထောင်မှာ သူ့ရဲ့ အစ်ကိုနဲ့ တွေ့နိုင်မလား ဆိုပြီးတော့ တနေကုန် လာ စောင့်ကြည့်နေတာပါ။

“အစ်ကိုအတွက် ကျမ ဂုဏ်ယူပါတယ်။ သူတို့တွေ ဘယ်လိုပဲပြောပြော ဒါ နာဂစ် အတွက် လုပ်ရင်းနဲ့ ဖြစ်တာပါပဲ။ အများအတွက် လုပ်ရင်းနဲ့ ဖြစ်တဲ့အတွက် ဂုဏ်ယူစရာ ကိစ္စပါပဲ။ မဖြစ်သင့်တဲ့ကိစ္စတွေတော့ ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် ကျမတို့က ဘာမှလုပ်ပိုင်ခွင့် မရှိဘူးလေ။”

ဒီနေ့ လူချင်း ဆုံခဲ့ရပါသလားခင်ဗျ။ -

“မတွေ့ခဲ့ရဘူး။ ကျမတို့ တနင်္ဂနွေနေ့မှာ ပါဆယ် ပို့ရမယ်။ ကိုသူရ အမှု ပြတ်ရင်တော့ တွေ့ရမယ်ပေါ့နော်။”

ဟုတ်ကဲ့။ လူတွေရဲ့ ကောင်းကြိုးကိစ္စတွေကို ဖန်တီးနေတဲ့သူ အားလုံးကို ပျော်ရွှင်အောင် လုပ်နေတဲ့ လူတယောက်ကို ဒီလောက် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်ခံရတာ ဘာပြောချင်ပါသလဲ ခင်ဗျ။ -

“ကျမကတော့လေ ဒီဟာတွေကို ရယ်ပဲ ရယ်ချင်ပါတယ်။”

လူရွှင်တော် ဇာဂနာ ရဲ့ ညီမ မငြိမ်း ပြောပြခဲ့တာဖြစ်ပါတယ်။

လူရွှင်တော် ဇာဂနာကို အခုလိုမျိုး ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်လိုက်တာဟာ မြန်မာစစ်အစိုးရ က သွားနေတဲ့ လမ်းကြောင်းရဲ့ ဆန့်ကျင်ဘက်ကို လုပ်နေတာပဲလို့ ဆိုပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုရဲ့ ခေါင်းဆောင် ကိုယ်တော်တပါးဖြစ်သူ အရှင် ဂမ္ဘီရ ကိုလည်း ဒီနေ့ ထောင်ဒဏ်တွေ တိုးမြင့်ချလိုက်လို့ စုစုပေါင်း ၆၈ နှစ် ထောင်ဒဏ်ကျခံရမယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ရှင်းပြပါတယ်။

“၁၉ ရက် ၁၁ လ ၂၀၀၈ ခုနှစ် နေ့ရက်က ကြည့်မြင်တိုင် တရားရုံး ကနေ စွဲတာ။ ၂၉၅ (က) ရယ်၊ ၅၀၅ (ခ) ရယ်၊ ၂၀ ရက်နေ့ကျတော့ သူက အနောက်ပိုင်း ခရိုင်ရုံးကနေ ၃၃ (ဃ) အီလက်ထရောနစ် ဥပဒေ နဲ့ ၁၅ နှစ် ချတယ်။ နောက် ကမာရွတ် ကနေ စွဲတဲ့အမှု၊ စုစုပေါင်း ၉ ခုနဲ့ ၂၉ နှစ် ချတယ်။ ၂၀ ရက်နေ့မှာ ၄၄ နှစ် ချတယ်။ ဒီနေ့ ၂၁ ရက် ဒီနေ့ နေ့စွဲနဲ့ပေါ့ အလုံ တရားရုံးကနေ ၂၉၅ (က) ရယ်၊ ၅၀၅ (ခ) ရယ် က ၂ နှစ်စီ၊ နောက် မတရားအသင်း ဆက်သွယ်တဲ့ပုဒ်မ ၁၇/၁ နဲ့ ၁၃/၁ ကို ၅ နှစ်၊ အားလုံးပေါင်း ၁၂ နှစ်၊ စုစုပေါင်း ဆိုရင် ၆၈ နှစ်။”

အေအေပီပီ အဖွဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်ကတော့ အရှင် ဂမ္ဘီရ လို သံဃာတော်တပါးကို လူ့သက်တမ်းတခုစာလောက် ထောင်ဒဏ်တွေ ချမှတ်လိုက်တာဟာ ထောင်ထဲမှာပဲ သေအောင် သတ်လိုက်တာနဲ့ အတူတူပဲလို့ ဆိုပါတယ်။
http://www.voanews.com/burmese/2008-11-21-voa4.cfm

ဖတ်ကြည့်ချင်သေးလား....

၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံ ရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲ မှတ်တမ်းများ

၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံ ရေးဖြစ်စဉ် ထူးခြားမှု ရက်စွဲ မှတ်တမ်းများ

Get your own at Scribd or explore others:

ဖတ်ကြည့်ချင်သေးလား....

Friday, November 21, 2008

ဗမာ့ကြယ်ကွန်ယက်သတင်းလွှာ အမှတ် (၆)

Burmastarnonlineewsletter No.6

Get your own at Scribd or explore others:

ဖတ်ကြည့်ချင်သေးလား....

Voice of Burma စာစောင် အတွဲ 684

VOB684

Get your own at Scribd or explore others:

ဖတ်ကြည့်ချင်သေးလား....

နောက်ထပ် GW အဖွဲ့ဝင် ၅ ဦး ထောင်ဒဏ် ၅ နှစ်စီချမှတ်

နန်းဒေ၀ီ ကြာသပတေးနေ့၊ နိုဝင်ဘာလ 20 2008 19:49 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ Hip-Hop အဆိုတော်နှင့် Generation Wave – GW အဖွဲ့ဝင် ကိုဇေယျာသော် (ခ) ကျော်ကျော်နည်းတူ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ အခြား အဖွဲ့ဝင် ၅ ဦးလည်း ယနေ့တွင် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရသည်။

ယနေ့တွင် ကိုဇေယျာသော်အား တရားမ၀င်အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှုတို့ဖြင့် ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့သလို၊ အခြား GW အဖွဲ့ဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဘို၊ ကိုသီဟ၀င်းတင်၊ ကိုဝေလင်းဖြိုးနှင့် ကိုရန်နိုင်သူတို့လည်း ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် တရားရုံးမှပင် တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု စွဲချက်ဖြင့် ယနေ့နံနက်ပိုင်းက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

"ခံစားရတယ်။ အမည်မဖော်နိုင်အောင်ကို ခံစားရတယ်။ ငါးနှစ်ဆိုတာ ကျမတို့အတိုင်းတာအရ များပါတယ်။ သားက ME မပြီးသေးဘူးလေ။ ပညာရေးအတွက် အခွင့်အရေး ဆုံးရှုံးသွားတာပေါ့" ဟု တရားရုံးသို့ ကိုယ်တိုင် သွားရောက်ကြားနာခဲ့သူ ကိုအောင်ဇေဖြိုး၏ မိခင် ဒေါ်ကျင်စန်းက မဇ္ဈိမကို ပြောသည်။

ဖခင်ဖြစ်သူ ဦးဘိုခိုင်ကလည်း "အန်ကန်တို့တော့ အယူခံဝင်မယ်။ ဖြစ်နိုင်ရင် ဗဟိုအထိတက်ဖို့ ရှေ့နေတွေနဲ့ တိုင်ပင်သွားမယ်" ဟု ပြောသည်။

တရားရုံးက အမိန့်ချမှတ်ပြီးနောက် အင်းစိန်ထောင်ကားဖြင့် ကိုအောင်ဇေဖြိုးအား ခေါ်ထုတ်သွားစဉ် တရားခွင်တွင် လာရောက်၍ အမှုနားထောင်သည့် သွေးကြောကျဉ်းဝေဒနာ ခံစားနေရသူ မိခင်မှာ ရုတ်တရက် သတိလစ်သွားခဲ့ရာ ဗဟိုစည် ပုဂ္ဂလိကဆေးရုံတွင် ခေတ္တဆေးကုသမှု ခံယူခဲ့ရသည်။ ယခုအခါ ပြန်လည် သက်သာလာပြီ ဖြစ်သည်။

အာဏာပိုင်များမှ တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု ပုဒ်မ ၆ ̸ ၈၈ ဖြင့် ကိုအောင်ဇေဖြိုးအား ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သော်လည်း မိဘများအနေဖြင့် ၄င်းအဖွဲ့အစည်းနှင့် ပတ်သက်မှုရှိသည်ဟု မသိရှိခဲ့ရကြောင်း မိခင်ဖြစ်သူက ယခုလို ပြောဆိုသည်။

"သားက ကျောင်းတဖက်၊ ကားအရောင်းအ၀ယ်ကတဖက်၊ ME တက်ဖို့ဆိုပြီးတော့ အင်္ဂလိပ်စာကျူရှင် တက်နေတာ။ နိုင်ငံရေးအဖွဲ့အစည်းနဲ့ ပတ်သက်နေခဲ့တာ မသိခဲ့ဘူး။ ဖမ်းပြီးတော့ ဗဟန်းရဲစခန်းကနေ လမ်းမတော်ကို ပြောင်းပြီး ဘာအမှုဆိုတာ ပြောပြမှပဲ ဒေါ်ဒေါ် သိခဲ့ရတယ်" ဟု မိခင် ဒေါ်ကျင်စန်းက ပြောသည်။

ကိုအောင်ဇေဖြိုးသည် အင်ဂျင်နီယာ မဟာဘွဲ့ပညာ ဆက်လက်ဆည်းပူးနေသည့် ကျောင်းသားဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် GW ခေါ် မျိုးဆက်သစ် လူငယ်များအစည်းအရုံးသည် ရွှေဝါရောင် တော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် လူငယ်အဖွဲ့စည်းတခုဖြစ်ကာ စစ်အစိုးရအား ဆန့်ကျင်သည့် တေးသီချင်းများ ရေးစပ်ခြင်းဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အကြမ်းမဖက် နည်းလမ်းများဖြင့် လှုပ်ရှားနေသော အဖွဲ့ဖြစ်သည်။

http://www.mizzimaburmese.com/news/inside-burma/2019--gw------.html

ဖတ်ကြည့်ချင်သေးလား....


Summary

Rest of your post

ဖတ်ကြည့်ချင်သေးလား....

ယနေ့ထောင်ပြောင်းသူများ စာရင်း

J Transfer

Get your own at Scribd or explore others:

ဖတ်ကြည့်ချင်သေးလား....

Thursday, November 20, 2008

People's Enemies in Burma

ဖတ်ကြည့်ချင်သေးလား....

ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်းကို ၆ နှစ်ခွဲ ထောင်ဒဏ်ချ

သန်းထိုက်ဦး ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 20:20 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မျိုးဆက်သစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်လူငယ် ကိုဒီငြိမ်းလင်းကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုဖြင့် စစ်အစိုးရက ယနေ့ထောင်ဒဏ် ၆ နှစ်ခွဲ ချမှတ်လိုက်သည်။

သာသနာကို အကြည်ညို ပျက်ပြားစေရန် လုပ်ဆောင်မှု၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေရန် လှုံ့ဆော်မှု၊ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု စသည့် ပြစ်မှုများ အပါအ၀င် ပြစ်မှု ၄ ခုဖြင့် စမ်းချောင်းမြို့နယ် တရားရုံးက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသအဖွဲ့ဝင်ကို ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

"အန်တီအနေနဲ့ မြင်ရတာပေါ့နော်။ အမျိုးသားရော၊ သားကိုရောပေါ့နော်၊ သားအဖ နှစ်ယောက်စလုံးအတွက် မတရားဘူးလို့ပဲ ထင်တယ်။ သူတို့စွဲထားတဲ့ ပုဒ်မတွေကပေါ့နော်။ အန်တီတို့အနေနဲ့ 'မတရားဘူး၊ မတရားဘူး' ခဏခဏပြောနေတာ။ အန်တီတို့လည်း ရှက်လှပါပြီ၊ လုပ်တာတွေက" ဟု မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောသည်။

ယခင်ခေါင်းဆောင်များ အဖမ်းခံရခြင်း၊ ထွက်ပြေး တိမ်းရှောင်ရခြင်းတို့ကြောင့် မြေအောက် လှုပ်ရှားမှုဟန်ဖြင့် ရပ်တည်နေခဲ့သော ဗကသ ကို ပြန်လည်ဖွဲ့စည်းရာတွင် အသက် ၂၁ နှစ်အရွယ် ကိုဒီငြိမ်းလင်းလည်း ပါဝင်ခဲ့သည်။

ကိုဒီငြိမ်းလင်းအား အနောက်ပိုင်းခရိုင် တရားရုံးက စွဲဆိုထားသည့် ပုဒ်မနှစ်ခု ရှိသေးသလို၊ မနက်ဖြန်တွင် ဒဂုံမြို့နယ် တရားရုံးကလည်း အသင်းအဖွဲ့ ပုဒ်မတခုဖြင့် ထပ်မံ၍ စီရင်ချက်ချရန် ရှိသေးကြောင်း မိခင်ဖြစ်သူက ပြောသည်။

သူ၏ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပြီး ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ ဘူမိဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုဒီငြိမ်းလင်းမှာ ဗကသ အဖွဲ့ကို ပြန်ထူထောင်ပြီးနောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုတွင် ပါဝင်ခဲ့သဖြင့် ယမန်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပါရမီတိုက်ခန်းတခု၌ အဖမ်းခံခဲ့ရသည်။
http://www.mizzimaburmese.com/news/inside-burma/2009-2008-11-19-14-03-37.html

ဖတ်ကြည့်ချင်သေးလား....

စာရေးဆရာမ နှင်းပန်းအိမ် ထိုင်းနယ်စပ်သို့ တိမ်းရှောင်

ဇာနည် ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 17:35 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ အာဏာပိုင်များက မကြာခဏ ခြိမ်းခြောက် ပြောဆိုသဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်း ခင်ပွန်းသည်ရှိရာ ထိုင်း-မြန်မာ နယ်စပ်သို့ စာရေးဆရာမ နှင်းပန်းအိမ်သည် သားငယ်နှင့်အတူ ပြီးခဲ့သည့် သောကြာနေ့က ရောက်ရှိလာသည်။

တောင်ဒဂုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် စည်းရုံးရေးမှူးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေဦးသည် ပြီးခဲ့သည့်လအတွင်းက ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာလာပြီးနောက် ဒေသအာဏာပိုင်များမှ ကျန်ရစ်သည့် မိသားစုထံ စုံစမ်း စောင့်ကြည့်မှုနှင့် ခြိမ်းခြောက်မှု ပြုလုပ်သဖြင့် ယခုလို ထွက်ခွာလာခြင်း ဖြစ်သည်။

"ကျမ ယောက်ျား ထွက်လာပေမယ့် ကျမကတော့ ပြည်တွင်းမှာပဲ နေလို့ရတဲ့အထိ နေမယ်၊ မသွားဘူးလို့ဆိုပြီး နေနေတာ။ အခုက ဖမ်းမယ်ဆီးမယ်ဆိုတာတွေ ရိပ်ဖမ်းသံဖမ်း ပြောတာတွေ လုပ်လာပြီး လိုက်ကြည့်တာတွေ လုပ်လာတော့ နေလို့ မရတော့ဘူး။ ကျမ သားလေး ရှိသေးတယ်။ သူ့ဘ၀ လုံခြုံဖို့ဆိုတာတွေက အများကြီး ရှိသေးတယ်လေ" ဟု ဆရာမ နှင်းပန်းအိမ်က မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး "အမျိုးသားက ထွက်လာပြီးနောက်ပိုင်း အိမ်ကို စရဖတွေ၊ အက်စ်ဘီ တွေ လာလာပြီးတော့ တာဝန်အရ မေးတာပါ ဘာညာဆိုပြီး ခဏခဏ လာတယ်။ ကျမတို့မှာ ကားသံကြားရင်၊ တံခါးခေါက်သံကြားရင်၊ 'အိမ်ရှင်တို့' ဆိုတဲ့ အသံကြားရင် ကြောက်လန့်နေရတယ်" ဟု ပြောသည်။

စရဖဆိုသည်မှာ စစ်ဖက် ထောက်လှမ်းရေးဖြစ်ပြီး အက်စ်ဘီဆိုသည်မှာ အထူးသတင်း ရဲတပ်ဖွဲ့တို့ ဖြစ်သည်။ ပြီးခဲ့သည့်လက သူနှင့်နီးစပ်သူအချို့ ဖမ်းဆီးခံရချိန်တွင် ဦးနေဦးမှာ ထိုင်းနယ်စပ်သို့ တိမ်းရှောင်ခဲ့သည်ဟု ဆရာမက ဆိုသည်။

သူသည် တရားမ၀င် စာရွက်စာတမ်းဖြန့်မှု အပါအ၀င် အခြားစွပ်စွဲချက်များဖြင့် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ထောင်သို့ ခင်ပွန်းသည်ထံ ထောင်ဝင်စာသွားတွေ့ရင်း တွေ့ကြုံရသည်များကို ဆရာမက ခရီးသွားဆောင်းပါး၊ အက်ဆေးနှင့် ၀တ္တုတိုများအဖြစ် ရေးသားကာ နွယ်နီ၊ မဟေသီ မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ခင်ပွန်းသည် ပြန်လွတ်လာသော်လည်း ဝေးလံခေါင်ဖျား ဒေသရှိ ထောင်များသို့ အခြားသော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှ ထောင်ဝင်စာ သွားတွေ့သည်ကို ကူညီရင်း ခရီးသွားဆောင်းပါးများ ဆက်ရေးခဲ့သည်။

ရေးသားခဲ့သည့် ဆောင်းပါးနှင့် ၀တ္တုတို ပုဒ်ရေ ၂၀၀ ကျော်အနက် စာပေစိစစ်ရေးက တပုဒ်လုံး ပယ်ခြင်း၊ စာကြောင်းများ ဖြုတ်ချခြင်းများ ရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ စတင်ကာ စာပေလောကအတွင်း ၀င်ရောက်ခဲ့သော ဆရာမ နှင်းပန်းအိမ်၏ "တမာပန်းနှင့် ဘ၀လမ်း" ခရီးသွားဆောင်းပါးကို လူကြိုက်များခဲ့ပြီး၊ "ပတ်ဝန်းကျင် ကျေးဇူးတရားနဲ့ ကြယ်ပွင့်လေး" ဆောင်းပါးဖြင့် ဂျပန်စာဖတ်ပရိသတ်တဦး၏ ကျနော်အနှစ်သက်ဆုံးဆောင်ပါးဆု၊ "ခေတ်သစ် မန်မိုရီနှင့် ၀တ္တုတိုပေါင်းချုပ်" တော်ဘုရားလေး စာပေဆု၊ "ရိုးချောင်းဘေးက ကြာ" ၀တ္တုတိုဖြင့် နေမင်းအားမာန်အဖွဲ့မှ ချီးမြှင့်သည့် အကောင်းဆုံး ၀တ္တုတိုဆုတို့ကို ရရှိခဲ့သည်။

ဆရာမက "ကျမ ဒီရောက်လာပေမယ့်လည်း ဒီစနစ်ဆိုးကို ထင်ဟပ်မယ့် အကြောင်းတွေ၊ ကျမတို့အားလုံး ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဆက်ရေးသွားအုံးမှာပါ" ဟု ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/2006-2008-11-19-11-17-44.html

ဖတ်ကြည့်ချင်သေးလား....

Wednesday, November 19, 2008

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလအစီရင်ခံစာ ကြိုဆို

19 November 2008

မြန်မာစစ်တပ်အနေနဲ့ အမျိုးသမီးတွေ အထူးသဖြင့် လူနည်းစု တိုင်းရင်းသား အမျိုး
သမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျ ကျင့်သုံးလုပ်ဆောင်
နေတယ်ဆိုပြီး အလေးပေးဖော်ပြလိုက်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို လူ့အခွင့်
အရေး လှုပ်ရှားမှုအဖွဲ့က ထောက်ခံကြိုဆိုလိုက်ပါတယ်။

ကုလသမဂ္ဂက အခုလိုထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အမေရိကန်အခြေစိုက်
မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for Burma က ထောက်ခံတဲ့အကြောင်း
အင်္ဂါနေ့က ပြောဆိုလိုက်တာပါ။ ဒါ့အပြင် မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီအနေနဲ့ ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့လည်း တိုက်တွန်း
လိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုပပျောက်ရေး ကော်မတီ (CEDAW)
က နိုဝင်ဘာ ၇ ရက်နေ့စွဲနဲ့ ပထမအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာမှာ
မြန်မာနိုင်ငံက တိုင်းရင်းသူ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှု
တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာနဲ့ ဒီလိုရာဇ၀တ်မှု ကျူးလွန်နေသူတွေကို
တရားဥပဒေအရ အရေးယူဖို့ ပျက်ကွက်နေတာတွေအပေါ် အထူးစိုးရိမ်မှုရှိတယ်ဆိုတဲ့
အကြောင်း ဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှုတွေကို မြန်မာစစ်တပ်အနေနဲ့ လက်နက်သဖွယ်
အသုံးချနေတယ်ဆိုပြီး စွပ်စွဲခဲ့တဲ့အပေါ်မှာ မြန်မာစစ်အစိုးရက အရင်က ငြင်းဆိုခဲ့ဖူး
ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မ
ပြုကျင့်မှုတွေကို စနစ်တကျ အသုံးပြုနေတာ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု
တွေအားလုံးကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြောဆိုခဲ့ပြီး အရေးယူ
လုပ်ဆောင်မှုတွေ ပြုလုပ်ဖို့ အကြံပြုခဲ့ကြပါတယ်။

ဒါပေမယ့် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံနှစ်ခုဖြစ်တဲ့၊ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့
တရုတ်နဲ့ ရုရှားတို့က ဗီတိုအာဏာသုံးပြီး ပိတ်ဆို့ခဲ့တာကြောင့် အရေးယူလုပ်ဆောင်ဖို့
အဖြေထွက်မလာခဲ့ပါဘူး။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေ အပါအ၀င် နိုင်ငံတော်တော်များများ
ကတော့ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရအပေါ်
စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
http://www.voanews.com/burmese/2008-11-19-voa2.cfm

ဖတ်ကြည့်ချင်သေးလား....

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသွားဖို့ တိုက်တွန်း

18 November 2008

လတ်တလော မြန်မာပြည်တွင်းမှာ လူ့အခွင့်ရေး အခြေအနေတွေ ဆိုးဆိုးရွားရွား
ယိုယွင်းပျက်စီးနေတာကို ထောက်ရှုပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
ဘန်ကီမွန်း (Ban Ki-Moon) အနေနဲ့ မြန်မာနိုင်ငံကို စီစဉ်ထားတဲ့အတိုင်း နောက်လ
ထဲမှာ မဖြစ်မနေသွားရောက်ဖို့ ဗြိတိန်အခြေစိုက် ခရစ်ယာန်သွေးစည်းညီညွတ်ရေး
အဖွဲ့ (CSW) က တိုက်တွန်းလိုက်ပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်မှာ
လူ့အခွင့်အရေးကိစ္စကို အဓိကရှေ့တန်းတင်ဖို့ကိုလည်း CSW အဖွဲ့က တိုက်တွန်း
လိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ CSW အဖွဲ့ကို ဆက်သွယ်မေးမြန်းထားတဲ့
ဗွီအိုအေ၀ိုင်းတော်သူ နော်ရှိုးက တင်ပြပေးထားပါတယ်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးစ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ပြီး
ကတည်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့မြန်မာနိုင်ငံကို
နောက်ထပ်တခေါက်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဆိုခဲ့ပေမယ့်နောက်ပိုင်းမှာတော့
မြန်မာနိုင်ငံကို ထပ်သွားလည်း မထူးမှာမို့ မစ္စတာဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို
သွားမယ့် ခရီးစဉ်ကို ပယ်ဖျက်တော့မယ်ဆိုတဲ့ အသံတွေကိုလည်း ကြားခဲ့ရပါတယ်။
ဒီလိုအချိန်မှာ မြန်မာပြည်တွင်းမှာ ပြီးခဲ့တဲ့အပတ်ကစလို့ နိုင်ငံရေးလှုပ်ရှားသူ
၈၀ ကျော်ဟာ ၂ နှစ်ကနေ ၆၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက စိုးရိမ်
မကင်းဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ မြန်မာနိုင်ငံကို နောက်
တခေါက်သွားမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ခုချိန်အထိ အရိပ်အမြွက်ပေးတာမျိုးတော့
မရှိသေးပါဘူး။

ဒါ့အပြင် ဒီနောက်ပိုင်းမှာလည်း မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ်က အရပ်သား
ရွာတွေအပေါ် ဆက်တိုက်ထိုးစစ်ဆင်မှုတွေ ဖြစ်ပွားနေတာကြောင့် အနည်းဆုံး
ရွာပေါင်း ၁၂ ရွာ အပါအ၀င် စပါးခင်းတွေ ပျက်စီးခဲ့ရပြီး ကရင်ရွာသား ၂,၀၀၀ နီးပါး
ဟာလည်း မိမိတို့အိုးအိမ်ကနေ စွန့်ခွာထွက်ပြေးခဲ့ရတာတွေကို ထောက်ပြပြီး မနေ့က
နိုဝင်ဘာလ ၁၇ ရက်နေ့စွဲနဲ့ ဗြိတိန်အခြေစိုက် CSW ခေါ် ခရစ်ယာန်သွေးစည်းညီညွတ်
မှုအဖွဲ့က အခုလို မြန်မာပြည်တွင်း လူ့အခွင့်အရေးအခြေအနေတွေ သိသိသာသာ
ယိုယွင်းပျက်စီးနေတဲ့အချိန်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့
ယခင်စီစဉ်ထားတဲ့အတိုင်း နောက်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ခရီးစဉ်ကို
မပယ်ဖျက်ဘဲ မဖြစ်မနေသွားရောက်ဖို့ တိုက်တွန်းလိုက်တာပါ။

မစ္စတာဘန်ကီမွန်းအနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး
အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းဒေသက အရပ်သား
တွေအပေါ်မှာ စစ်အစိုးရက ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ဖို့ အဓိကထားတောင်းဆိုဖို့
တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ
တဦးပြီးတဦး သွားရောက်ခဲ့ပေမယ့် မြန်မာပြည်တွင်းက လူ့အခွင့်အရေး အခြေအနေ
တွေက သိပ်မထူးသလို ပြည်သူအများရဲ့ ကုလသမဂ္ဂအပေါ် မျှော်လင့်အားကိုးမှုဟာ
လည်း လျော့နည်းခဲ့ရပါတယ်။

ဒီလိုမျိုးအခြေအနေမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံ
ကို သွားရောက်လည်ပတ်လို့ရော ထူးခြားမှုတွေ ရှိနိုင်မလား၊ သူ့အနေနဲ့ရော ဘာများ
လုပ်နိုင်မှာမို့လဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး CSW အဖွဲ့က မြန်မာနိုင်ငံတာဝန်ခံ
ဘန်ရော်ဂျာစ် (Ben Rogers) က အခုလိုပြောပါတယ်။

"ပထမအချက်ကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်လို အမြင့်ဆုံးရာထူးကြောင့်
မစ္စတာဘန်ကီမွန်းအနေနဲ့ အရင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေထက် ပိုပြီး ထိထိ
ရောက်ရောက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်တချက်ကတော့
မစ္စတာဘန်ကီမွန်းရဲ့ သိက္ခာနဲ့ ကိုယ်ပိုင်အရည်အချင်းကြောင့်ပါပဲ။ မစ္စတာဘန်ကီမွန်း
ကိုယ်တိုင် သွားမယ်ဆိုရင်တော့ သူ့အနေနဲ့ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့
ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ရနိုင်ခြေ ပိုရှိပါတယ်။

"အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေရဲ့ ပံ့ပိုးမှုကို
ရနိုင်မယ်ဆိုရင်ပေါ့။ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်အပြင် လုံခြုံရေးကောင်စီကလည်း
အချိန်အကန့်အသတ်မဲ့ တွေ့ဆုံဆွေးနွေးမှုတွေအစား စစ်အစိုးရအနေနဲ့ အချိန်ဇယားနဲ့
တိတိကျကျ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေကို သတ်မှတ်မယ်ဆိုရင်
တော့ မြန်မာ့နိုင်ငံရေး အခြေအနေ ရှေ့တိုးဖို့အခွင့်အလမ်းတွေ ရှိနိုင်ပါတယ်။"

ဆက်လက်ပြီး မစ္စတာဘန်ရော်ဂျာစ်က ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးကို
တောင်းဆိုတဲ့အခါ မြို့ပေါ်မှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ မြန်မာနိုင်ငံ
အရှေ့ပိုင်း နယ်စပ်ဒေသမှာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တပြိုင်
နက်တည်း တောင်းဆိုတင်ပြတဲ့ အင်မတန်မှ အရေးကြီးတဲ့အကြောင်း အခုလိုရှင်းပြ
ပါတယ်။

"အများအားဖြင့် လူတွေက အကြောင်းအရာ ရှုထောင့်တခုထဲကနေ အာရုံစိုက်
တိုက်တွန်းလေ့ရှိကြပါတယ်။ ခုချိန်မှာ နိုင်ငံတကာ အသိုက်အ၀န်းနဲ့ ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်တို့အနေနဲ့ မြို့ပေါ်နဲ့ မြန်မာပြည်အရှေ့ပိုင်းက ကျေးရွာ
တွေ မီးရှို့ဖျက်ဆီးခံရမှု စတာတွေဟာ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ လူသားချင်း
စာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေး ယိုယွင်းမှုဆိုင်ရာ ပြဿနာတွေရဲ့ အစိတ်အပိုင်း
တွေပဲဆိုတာ တလုံးတ၀တည်း ရှုမြင်သုံးသပ်ဖို့ အရေးကြီးပါတယ်။ နောက်တခါ တချို့
မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုသလိုပါပဲ၊ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု
တွေလုပ်ဖို့၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဟာ အနှစ်သာရ ရှိနိုင်ဖို့အတွက် ပထမဆုံး
အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုအပ်ပါတယ်။"
ဗြိတိန်အခြေစိုက် CSW အဖွဲ့ရဲ့ မြန်မာ့ရေးရာတာဝန်ခံ ဘန်ရော်ဂျာစ် ပြောပြသွားတာ
ဖြစ်ပါတယ်။
http://www.voanews.com/burmese/2008-11-18-voa3.cfm

ဖတ်ကြည့်ချင်သေးလား....

နှစ်ရှည်ထောင်ဒဏ်နဲ့ ဥပဒေမဲ့ တရားစီရင်မှုအပေါ် ကုလသမဂ္ဂက ပြင်းထန်စွာရှုတ်ချ

18 November 2008

Tomas Ojea Quintana from Argentina, Special Rapporteur on the Situation of Human Rights in Burma (file photo)

http://www.voanews.com/burmese/2008-11-18-voa6.cfm
မြန်မာနိုင်ငံတွင်း နိုင်ငံရေး တတ်ကြွလှုပ်ရှားသူတွေကို ဒီရက်ပိုင်းတွေထဲ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် ရာမှာ ခုခံထုချေပိုင်ခွင့်၊ တရားစီရင်မှုကို အများကြားနာပိုင်ခွင့်မရှိတာကြောင့် ဥပဒေနဲ့ မညီညွတ် ဘူးလို့ပြည်တွင်းပြည်ပက ဝေဖန်မှုတွေရှိနေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တင်နား (Tomás Ojea Quintana) အပါအ၀င် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ငါးဦးကလည်း အခုလို ပြင်းထန်တဲ့ထောင်ဒဏ်တွေချမှတ်နေတာဟာ တရားမျှတမှုမရှိသလို၊ စစ်အစိုးရလုပ်မယ်ဆိုတဲ့ ၂၀၁၀ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့လည်း မကိုက်ညီဘူးလို့ ဝေဖန်ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
နိုင်ငံရေးအတိုက်အခံတွေကို အခုလို နှစ်ရှည်ထောင်ဒဏ်တွေ မတရားစီရင်နေတာနဲ့ပတ်သက်လို့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းထိခိုက်စေတာကြောင့် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မျှမျှတတရှိဖို့ဆိုတဲ့ အခြေအနေကို အာဏာပိုင်တွေအနေနဲ့ အလျင်စလို ဆန်းစစ်ဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ငါးဦးကနေ မြန်မာအစိုးရကို တိုက်တွန်းသွားကြတာပါ။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားကတော့ သူတို့ရဲ့ စိုးရိမ်မှုကို အခုလို ပြောပါတယ်။

“အခုကိစ္စအပေါ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ အထူးကိုယ်စားလှယ်တွေကလည်း စိုးရိမ်ကြပါတယ်။ ဒါကြောင့်လည်း အခု ကျနော်တို့ ထုတ်ပြန်ချက်အပေါ်မှာ လက်မှတ်ထိုးကြတာပါ။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အတိုက်အခံတွေ နိုင်ငံရေးအကျဉ်းသားတွေကို အခုလို ပြစ်ဒဏ်ချမှတ်နေတဲ့ တရားစီရင်မှုတွေမှာ လွတ်လပ်မှု မျှတမှု မရှိတဲအပေါ်မှာ စိုးရိမ်ကြပါတယ်။ မြန်မာအစိုးရက လုပ်မယ့် လာမယ့် ၂၀၁၀ခုနှစ်ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ဒီလုပ်ရပ် တွေက ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။”

အခုအခြေအနေတွေမှာ မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ကိုရော ဘယ်လို ပြောနိုင်မလဲ ခင်ဗျ။

“မြန်မာနိုင်ငံတွင်း တရားရေးကဏ္ဍဟာ လွတ်လပ်ပြီး တရားမျှတမှုကင်းမဲ့တာတွေကို ကျနော်ရှင်းရှင်းလင်းလင်း အရင်ကလည်း ပြောခဲ့ပြီးပါပြီ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေ အထူးသဖြင့် ရှေ့နေနှစ်ဦးကို ထောင်ချလိုက်တာ အတော်လေးကို စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့် ဒီပြဿနာအပေါ်မှာလည်း ကျနော် ကိုင်တွယ်ဆောင်ရွက်နေပါတယ်။”

အခု သည်ရက်ပိုင်းတွေ နိုင်ငံရေးလှုပ်ရှားသူတွေကို ထောင်ချတာတွေအပြင် နယ်စွန်နယ်ဖျားထောင်တွေကို ပို့တာတွေ လည်း ရှိနေပါတယ်။ ဒီသတင်းတွေကိုရော လူ့အခွင့်အရေးကိုယ်စားလှယ်ကြီးအနေနဲ့ အပြည့်အစုံ သိရှိထားရဲ့လားခင်ဗျ။

“၈၈မျိုးဆက်ကျောင်းသားတွေနဲ့ အခြားနိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်စီရင်နေတဲ့ သတင်းတွေအားလုံး ကျနော်တို့ ရထားပါတယ်။ ပြီးခဲ့တဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာတုန်းက မြန်မာအစိုးရကိုရော လူ့အခွင့်အရေး ကောင်စီကိုပါ မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုတာ အကြံပြုတင်ပြခဲ့ပါတယ်။ ဒါကြောင့် ကျနော်အကြံပြုထားတာတွေနဲ့ ဆန်ကျင်ဖက်ဖြစ်နေတဲ့ ဒီလုပ်ရပ်တွေကို မြန်မာအစိုးရအနေနဲ့ ရပ်တန့်ဖို့လိုပါတယ်။ လာမယ့် ကျနော့်ခရီးစဉ်နဲ့ အစီရင်ခံစာမှာတော့ ဒီ အကြံပြုချက်အတိုင်း လုပ်မလုပ်ဆိုတာတွေကို စောင့်ကြည့်ရမှာပါပဲ။”

မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာရဲ့လိုလားချက် တောင်းဆိုချက်တွေကို တောက်လျောက်လိုလို မျက်ကွယ်ပြုနေတာပဲခင်ဗျ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီပိုင်းအနေနဲ့ ဒီလို အခြေအနေတွေအပေါ်မှာ စိုးရိမ်မိရုံသက်သက်မဟုတ်ပဲ ဖြေရှင်းနိုင်ဖို့ ဘာတွေ ဆက်လုပ်နိုင်မယ်လို့ ထင်သလဲ။

“လူ့အခွင့်အရေးကောင်စီမှာ အထူးသီးခြားလုပ်နိုင်တဲ့ လုပ်ငန်းစဉ်တွေ၊ ကုလသမဂ္ဂမှာလည်း အခြား လုပ်ကိုင်နိုင်တဲ့နည်း တွေရှိတော့ ဒါတွေကနေ မြန်မာနိုင်ငံကိစ္စကို ကိုင်တွယ်ဆောင်ရွက်သွားမှာပါ။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တင်နား ပြောသွားတာပါ။ မစ္စတာကင်တာနားအနေနဲ့ လာမယ့် မတ်လ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ ထပ်မံပြင်ဆင်နေသလို၊ အခု ဖြစ်ရပ်တွေအပေါ်မှာ စစ်အစိုးရအာဏာပိုင်တွေနဲ့ ထိစပ်မေးမြန်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ရှေ့နေ ဦးဥာဏ်ဝင်းကတော့ အခုဖြစ်ရပ်တွေဟာ ဥပဒေနဲ့လုံးလုံးမကိုက်ညီဘူးလို့ ဝေဖန်ခဲ့ပါတယ်။

"ဒီလိုပြစ်ဒဏ်ချတာတွေဟာ ဥပဒေနဲ့မညီဘူးလို့ မြင်တယ်။ ဒီ စွပ်စွဲခံရသူတွေ လွတ်လပ်စွာ ခုခံချေပခွင့် မရဘူး။ စိတ်ကြိုက်ရှေ့နေ ငှားရမ်းခွင့်မှာလည်း အခက်အခဲရှိတယ်။ ရှေ့နေတွေ ကိုယ်စားလှယ်စာရဖို့လည်း အခက်အခဲရှိတယ်။ ရှေ့နေတွေ တရားရုံးရှေ့ရောက်ဖို့လည်း အခက်အခဲရှိတယ်။ ဒါ ပထမတချက် ဥပဒေအရ ချို့ယွင်းချက်။ ဒုတိယ အချက် အနေနဲ့ တရားစီရင်မှုဆိုတာ အများပြည်သူရှေ့မှာ စစ်ဆေးစီရင်ရမယ်။ အခု ဒီအမှုတွေက ဘယ်အများ ပြည်သူမှ ကြားနာခွင့် မရဘူး၊ ၀င်ရောက်ခွင့် မရဘူး။ တတိယ ချို့ယွင်းချက်အနေနဲ့ အကုန်လုံး တော်တော်များများမှာ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ဒီလိုတန်းစီပြီး ပြစ်ဒဏ်တွေကို ပုဒ်မတခုအလိုက် အသီးသီးချတယ်။ အဲဒါကြောင့် ပြစ်ဒဏ်တွေက ဒီလိုများနေတာ။”

"လက်ရှိ မြန်မာနိုင်ငံ ဥပဒေပြဋ္ဌာန်းချက်မှာ လုပ်ရပ်တခုက ပြစ်မှုဥပဒေ အမျိုးမျိုးနဲ့ ငြိစွန်းနိုင်တယ်။ အဲဒီလို ငြိစွန်းတဲ့ပုဒ်မတွေ တခုချင်းအလိုက် အပြစ်ပေးလို့မရဘူး။ ငြိစွန်းတဲ့အထဲက တခုကိုသာ အပြစ်ပေးရမယ်လို့ ဥပဒေပြဋ္ဌာန်းချက် အတိအကျ ရှိတယ်။ ဒါတွေနဲ့လည်း အကုန်ဆန့်ကျင်နေတယ်။"

ဒါဆိုရင် ပြစ်ဒဏ်ချမှတ်တဲ့ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို အုပ်ချုပ်ရေးပိုင်းက စွက်ဖက်နေတယ်လို့ ကြားတဲ့ အခါကျတော့ အခု အမိန့်ချတဲ့နေရာမှာ တရားရေးအရ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တယ်လို့ ယူဆလို့ရပါသလား။

"ရရှိတဲ့သတင်းတွေအရ အဲဒီလို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရဘူးလို့ မြင်တယ်။ ပြစ်ဒဏ်ချတဲ့နေရာမှာ စောစောက ပြောသလို Action တခုထဲက ဖြစ်လာတဲ့ ပုဒ်မတွေထဲက တခုပဲပေးရမယ်။ ပြစ်ဒဏ်တွေ အသီးသီးချမှတ်ရင်လည်း တပေါင်းတည်း ချမှတ်လို့ရတယ်။ ဒါမှမဟုတ်ရင် တခုပြီးတခု ချမှတ်လို့ရတယ်။ ဒါ တရားသူကြီးရဲ့ဆင်ခြင်တုံ။ နောက် တရားသူကြီးရဲ့ ဆင်ခြင်တုံတခုက ပြစ်ဒဏ်တွေက ထောင်ဒဏ် ၁ ရက်ကနေ ၁၀ နှစ်အထိရှိရင် ဒီတရားခံတယောက် ပြစ်မှုကျူးလွန်တယ်လို့ မြင်ရင်တောင် ၁ ရက် ပေးရမှာလား၊ ၅ နှစ်ပေးရမှာလား၊ ၆ နှစ်ပေးရမလား၊ ဒါ ဆင်ခြင်တုံ။ အခု ပြစ်ဒဏ်တွေကို ကျနော်တို့ ကြည့်လိုက်တဲ့အခါ အဲဒီလိုဆင်ခြင်တုံမျိုး သုံးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုး လုံးဝမတွေ့ဘူး။ အမြင့်ဆုံးပြစ်ဒဏ်ပေးတယ်။"

ခုနလိုမျိုး အုပ်ချုပ်ရေးပိုင်းက စွက်ဖက်တယ်ပဲထားပါဦး၊ တရားသူကြီးတွေဘက်က
ဆင်ခြင်တုံတရား မသုံးနိုင်တဲ့ကိစ္စကရော တရားရေးပိုင်းမှာ တရားသူကြီးချုပ်
ဦးအောင်တိုးတို့ ဘာတို့ ဘာမှလုပ်နိုင်ခွင့် မရှိတော့ဘူးလား။

"ဒီဥစ္စာက တရားရေးဌာန တခုလုံးနဲ့ သက်ဆိုင်ပါတယ်။ သူတို့ ဘာကြောင့် အဲဒီလို
တရားစီရင်နေလဲဆိုတာကိုတော့ သူတို့ပဲ ပိုသိမယ်။ သို့သော် အမြင်အားဖြင့် တရား
မျှတမှု မရှိဘူးဆိုတာ မြင်ရတယ်ဆိုတာကိုပဲ ပြောနိုင်တာပါ။"

ရှေ့နေ ဦးဥာဏ်ဝင်းဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်တာ နယ်စွန်နယ်ဖျား ထောင်တွေကို ပြောင်းရွေ့တာတွေကြောင့် နိုင်ငံတကာမှာရော ကုလသမဂ္ဂမှာပါ အခုအခြေအနေအပေါ် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဒီအပေါ်မှာပဲ ကုလသမဂ္ဂဖက်မှာ မြန်မာအရေးဆွေးနွေးမှုတွေ ပြန်ဖြစ်လာစရာရှိတယ်လို့ ယူဆရပါတယ်။
http://www.voanews.com/burmese/2008-11-18-voa6.cfm

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */