Thursday, November 20, 2008

စာရေးဆရာမ နှင်းပန်းအိမ် ထိုင်းနယ်စပ်သို့ တိမ်းရှောင်

ဇာနည် ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 17:35 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ အာဏာပိုင်များက မကြာခဏ ခြိမ်းခြောက် ပြောဆိုသဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်း ခင်ပွန်းသည်ရှိရာ ထိုင်း-မြန်မာ နယ်စပ်သို့ စာရေးဆရာမ နှင်းပန်းအိမ်သည် သားငယ်နှင့်အတူ ပြီးခဲ့သည့် သောကြာနေ့က ရောက်ရှိလာသည်။

တောင်ဒဂုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် စည်းရုံးရေးမှူးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေဦးသည် ပြီးခဲ့သည့်လအတွင်းက ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာလာပြီးနောက် ဒေသအာဏာပိုင်များမှ ကျန်ရစ်သည့် မိသားစုထံ စုံစမ်း စောင့်ကြည့်မှုနှင့် ခြိမ်းခြောက်မှု ပြုလုပ်သဖြင့် ယခုလို ထွက်ခွာလာခြင်း ဖြစ်သည်။

"ကျမ ယောက်ျား ထွက်လာပေမယ့် ကျမကတော့ ပြည်တွင်းမှာပဲ နေလို့ရတဲ့အထိ နေမယ်၊ မသွားဘူးလို့ဆိုပြီး နေနေတာ။ အခုက ဖမ်းမယ်ဆီးမယ်ဆိုတာတွေ ရိပ်ဖမ်းသံဖမ်း ပြောတာတွေ လုပ်လာပြီး လိုက်ကြည့်တာတွေ လုပ်လာတော့ နေလို့ မရတော့ဘူး။ ကျမ သားလေး ရှိသေးတယ်။ သူ့ဘ၀ လုံခြုံဖို့ဆိုတာတွေက အများကြီး ရှိသေးတယ်လေ" ဟု ဆရာမ နှင်းပန်းအိမ်က မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး "အမျိုးသားက ထွက်လာပြီးနောက်ပိုင်း အိမ်ကို စရဖတွေ၊ အက်စ်ဘီ တွေ လာလာပြီးတော့ တာဝန်အရ မေးတာပါ ဘာညာဆိုပြီး ခဏခဏ လာတယ်။ ကျမတို့မှာ ကားသံကြားရင်၊ တံခါးခေါက်သံကြားရင်၊ 'အိမ်ရှင်တို့' ဆိုတဲ့ အသံကြားရင် ကြောက်လန့်နေရတယ်" ဟု ပြောသည်။

စရဖဆိုသည်မှာ စစ်ဖက် ထောက်လှမ်းရေးဖြစ်ပြီး အက်စ်ဘီဆိုသည်မှာ အထူးသတင်း ရဲတပ်ဖွဲ့တို့ ဖြစ်သည်။ ပြီးခဲ့သည့်လက သူနှင့်နီးစပ်သူအချို့ ဖမ်းဆီးခံရချိန်တွင် ဦးနေဦးမှာ ထိုင်းနယ်စပ်သို့ တိမ်းရှောင်ခဲ့သည်ဟု ဆရာမက ဆိုသည်။

သူသည် တရားမ၀င် စာရွက်စာတမ်းဖြန့်မှု အပါအ၀င် အခြားစွပ်စွဲချက်များဖြင့် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ထောင်သို့ ခင်ပွန်းသည်ထံ ထောင်ဝင်စာသွားတွေ့ရင်း တွေ့ကြုံရသည်များကို ဆရာမက ခရီးသွားဆောင်းပါး၊ အက်ဆေးနှင့် ၀တ္တုတိုများအဖြစ် ရေးသားကာ နွယ်နီ၊ မဟေသီ မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ခင်ပွန်းသည် ပြန်လွတ်လာသော်လည်း ဝေးလံခေါင်ဖျား ဒေသရှိ ထောင်များသို့ အခြားသော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှ ထောင်ဝင်စာ သွားတွေ့သည်ကို ကူညီရင်း ခရီးသွားဆောင်းပါးများ ဆက်ရေးခဲ့သည်။

ရေးသားခဲ့သည့် ဆောင်းပါးနှင့် ၀တ္တုတို ပုဒ်ရေ ၂၀၀ ကျော်အနက် စာပေစိစစ်ရေးက တပုဒ်လုံး ပယ်ခြင်း၊ စာကြောင်းများ ဖြုတ်ချခြင်းများ ရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ စတင်ကာ စာပေလောကအတွင်း ၀င်ရောက်ခဲ့သော ဆရာမ နှင်းပန်းအိမ်၏ "တမာပန်းနှင့် ဘ၀လမ်း" ခရီးသွားဆောင်းပါးကို လူကြိုက်များခဲ့ပြီး၊ "ပတ်ဝန်းကျင် ကျေးဇူးတရားနဲ့ ကြယ်ပွင့်လေး" ဆောင်းပါးဖြင့် ဂျပန်စာဖတ်ပရိသတ်တဦး၏ ကျနော်အနှစ်သက်ဆုံးဆောင်ပါးဆု၊ "ခေတ်သစ် မန်မိုရီနှင့် ၀တ္တုတိုပေါင်းချုပ်" တော်ဘုရားလေး စာပေဆု၊ "ရိုးချောင်းဘေးက ကြာ" ၀တ္တုတိုဖြင့် နေမင်းအားမာန်အဖွဲ့မှ ချီးမြှင့်သည့် အကောင်းဆုံး ၀တ္တုတိုဆုတို့ကို ရရှိခဲ့သည်။

ဆရာမက "ကျမ ဒီရောက်လာပေမယ့်လည်း ဒီစနစ်ဆိုးကို ထင်ဟပ်မယ့် အကြောင်းတွေ၊ ကျမတို့အားလုံး ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဆက်ရေးသွားအုံးမှာပါ" ဟု ပြောသည်။

http://www.mizzimaburmese.com/news/inside-burma/2006-2008-11-19-11-17-44.html

No comments:

 
/* EOT ----------------------------------------- */