Sunday, November 16, 2008

ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၉ ယောက်ကိုလည်း ထောင်ဒဏ် ၆၅ နှစ်ချမှတ်

ဖနိဒါ စနေနေ့၊ နိုဝင်ဘာလ 15 2008 18:52 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ လောင်စာဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြခဲ့သူ ကိုမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ၉ ယောက်ကိုလည်း အခြားသော လုပ်ဖော်ကိုင်ဖက်များ ကဲ့သို့ပင် ဧရာဝတီတိုင်း မအူပင်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခဲ့ကြောင်း မိသားစုဝင်များနှင့် မိတ်ဆွေများ အပြောအရ သိရသည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုလှမျိုးနောင်၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုညဏ်လင်း၊ ကိုပြုံးချို (ခ)ကိုဌေးဝင်းအောင်နှင့် ကိုအောင်နိုင်တို့ကို နိုဝင်ဘာလ ၁၁ ရက်နေ့က မအူပင်ထောင်တွင်း တံခါးပိတ်ခုံရုံးတွင် ရုံးထုတ်ကာ ထောင်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရက တရားဆိုင်များအတွက် ခုခံလျောက်လှဲပေးမည့် ရှေ့နေများ ထားခွင့်မပြုတော့ဘဲ မတရားအသင်း ဖွဲ့ခြင်းနှင့် အီလက်ထရောနစ် အက်ဥပဒေ ချိုးဖောက်ခြင်းတို့ဖြင့် အရေးယူခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသော အမှု ၂၀ ခန့်အတွက် ဆက်လက် ရင်ဆိုင်ရဦးမည် ဖြစ်သည်။

ယနေ့တွင် သူတို့ကို ရန်ကုန် အင်းစိန်ထောင်သို့ ပြန်လည် ခေါ်ဆောင်လာရာ နံနက် ၈ နာရီခန့်တွင် အင်းစိန်ထောင်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်ဟု မိသားစုဝင်များက မဇ္ဈိမသို့ ပြောပြသည်။

"ဒီနေ့ စနေနေ့ ခေါ်တာ မိသားစုဝင်များ မနက်အစောကြီး သွားကြတာ။ လမ်းမှာ ကားချင်း တွေ့ကြတယ်၊ ရဲကား၂စီး ညှပ်ထားတယ်။ ထောင်ကား လှမ်းအော်သွားတာတော့ တွေ့လိုက်တော့ ကိုယ့်လူမှန်း မသိလိုက်ဘူး။… အင်းစိန်ထောင်ကို ပို့လိုက်ပြီ ဆိုတာနဲ့ အင်းစိန်ကို ပြန်လိုက်လာတယ်"ဟု မိသားစုဝင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

မိသားစုဝင်များနှင့် နာရီဝက်ခန့်ကြာ အင်းစိန်ထောင်တွင်းတွင် တွေ့ဆုံ စကားပြောခွင့် ရခဲ့ကြသည်။

ယမန်နှစ် သြဂုတ်လအတွင်းက စစ်အစိုးရက ခွဲတမ်းဖြင့် ပေးနေသော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ သဘာဝဓာတ်ငွေ့များကို ရုတ်တရက် ငါးဆအထိ မြင့်တင်လိုက်ရာ ပြန်လည်လျော့ချရန် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များက ရန်ကုန်မြို့တွင် စီတန်းလှည့်လည် ဆန္ဒပြ လမ်းလျှောက်မှု ပြုခဲ့ပြီးနောက် အဖမ်းခံခဲ့ရသည်။

ထို့နောက် ဆက်လက်၍ သံဃာတော်များ ဦးဆောင်သော "ရွှေဝါရောင် တော်လှန်ရေး" ဟု ခေါ်တွင်လာသည့် အနှစ် ၂၀ အတွင်း အကြီးမားဆုံးသော အစိုးရဆန့်ကျင့်သည့် လူထုအုံကြွမှု ပေါ်ပေါက်လာခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းရာ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည်။

ထောင်ဒဏ်ချခံ ကျောင်းသားခေါင်းဆောင်များအား နောက်ရက်များတွင် ထောင်ပြောင်းရန် အစီအစဉ်များ ရှိသည်ဟု ထောင်အာဏာပိုင်များမှတဆင့် မဇ္ဈိမက စုံစမ်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့က အင်းစိန်ထောင်တွင်းရှိ မြောက်ပိုင်းခရိုင် တရားရုံးတွင် အမှုကြားနာနေစဉ် ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသားခေါင်း ၉ဦးမှာ တရားရုံးကို မထီမဲ့မြင် ပြုသည်ဟုဆိုကာ ထောင်ဒဏ် ၆လစီ ချမှတ်လိုက်ပြီး နောက် မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

မအူပင်ထောင်တွင်းတွင် နေ့စဉ်ပင် တရားရုံးသို့ ခြေချင်းများ၊ လက်ထိပ်များဖြင့် ရုံးထုတ်ခဲ့သည်။

ထို့နောက်တွင်တော့ တက်ကြွလှုပ်ရှားသူများကို ထောင်ဒဏ်ချမှတ်သည့် လျို့ဝှက်ခုံရုံးများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

အခြားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုမင်းဇေယျ၊ ကိုအံ့ဘွယ်ကျော်၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင်တို့လည်း ထောင်ဒဏ် ၆၅ နှစ် ကျခံရန် အင်းစိန်ထောင်တွင်း ချမှတ်ခဲ့သည်။

၁၉၈၈ လူထုအုံကြွမှုကြီး ဖြစ်ပွားစဉ်က ကျောင်းသားခေါင်းဆောင်များ ဖြစ်ခဲ့ကြပြီး သြဇာရှိ ဦးဆောင်မှုပေးခဲ့သော ယခု ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင်များမှာ ယခင်ကလည်း ထောင်ဒဏ် ၇နှစ်မှ ၂၀နှစ် ထိ ချုပ်နှောင်ခံခဲ့ရသူများ ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/1988-2008-11-15-12-35-49.html

No comments:

 
/* EOT ----------------------------------------- */