Wednesday, November 5, 2008

ပုပ်ရဟန်းမင်းကြီး မြန်မာပြည် လာရောက်လိုကြောင်း မြန်မာကက်သလစ် သာသနာပိုင် ပြောကြား


အေးချမ်းမြေ့ | နိုဝင်ဘာ ၄၊ ၂၀၀၈

၁၆ ဆက်မြောက် ပုပ်ရဟန်းမင်းကြီး ဘန်းနဒစ်သည် အာရှနိုင်ငံများသို့ လာလည်ရင်း မြန်မာပြည်တွင် ခရီးတထောက် နားမည်ဟု မြန်မာနိုင်ငံ ကက်သလစ် သာသနာပိုင်ချုပ် ဘုန်းတော်ကြီး ချားလ်စ် မောင်ဘိုကို ဗာတီကန်တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ကက်သလစ်သာသနာရေး အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည်။
ဘုန်းတော်ကြီး ချားလ်စ် မောင်ဘိုနှင့် ပုပ်ရဟန်းမင်းကြီးတို့မှာ အောက်တိုဘာ ၂၃ ရက်နေ့က သီးခြား တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိုသို့တွေ့ဆုံစဉ် ပုပ်ရဟန်းမင်းကြီးက ပြောခဲ့သည်ကို ဘုန်းတော်ကြီး ချားလ်စ် မောင်ဘိုက အာရှ ကက်သလစ် သတင်းစဉ် (ယူစီအေ) သို့ ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာပြည် ကက်သလစ် သာသနာပိုင်ချုပ်က ပုပ်ရဟန်းမင်းကြီးနှင့် သီးခြားတွေ့ဆုံခွင့် ရစဉ် မြန်မာပြည်သို့ လာလည်ပါရန် ဖိတ်ကြားခဲ့သည်ဟု ဆို၏။

“တကယ်လို့ အာရှနိုင်ငံတွေကို လှည့်လည်ဖြစ်ရင် မြန်မာပြည်ကို ခဏ ဝင်လည်မယ်လို့ ပုပ်ရဟန်းမင်းကြီးက သေချာ ပြန်ပြောပါတယ်” ဟု ဘုန်းတော်ကြီး ချားလ်စ်မောင်ဘိုက ပြောသည်။

ဗာတီကန်မှ တာဝန်ရှိသူတဦးက မြန်မာနိုင်ငံသည် ကက်သလစ်အပါအဝင် ခရစ်ယာန်များကို ဖိနှိပ် ချုပ်ချယ်ခြင်း မရှိသော ကြောင့် ပုပ်ရဟန်းမင်းကြီး မြန်မာပြည်သွားရောက် လည်ပတ်မည့်ကိစ္စ ဖြစ်နိုင်ခြေ ရှိသည်ဟု ဆိုသည်။

“မြန်မာပြည်ကိုသွားပြီး သာသနာပိုင်တွေနဲ့ တွေ့တာပဲဖြစ်ဖြစ် မြန်မာပြည်ကသာသနာပိုင်တွေ ဗာတီကန်ကို လာတာပဲဖြစ် ဖြစ် ခွင့်ပြုထားတာပဲ” ဟု ၎င်းတာဝန်ရှိသူက ယူစီအေသို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကက်သလစ်အပါအဝင် ခရစ်ယာန်ဘာသာဝင်များကို လွတ်လပ်စွာ ကိုးကွယ်ဝတ်ပြုခွင့် ပေးထားသော် လည်း ပညာရေး အစီအစဉ်များ၊ ကျန်းမာရေး အစီအစဉ်များ၊ ဒုက္ခသည်များကို ကူညီ ကယ်တင်ရေး အစီအစဉ်များ ပြုလုပ်ရာတွင် ခက်ခဲကြောင်း ရန်ကုန်အခြေစိုက် ကက်သလစ် ဘုန်း တော်ကြီးတပါးက ပြောသည်။

“ပုပ်ရဟန်းမင်းကြီး လာမယ်ဆိုတဲ့ သတင်းတော့ မကြားသေးပါဘူး။ သူလာမယ်ဆိုရင် လုံခြုံရေးကတော့ တော်တော်လေး အရေးကြီးမယ်။ ကျနော်တို့ကတော့ သူလာမယ်ဆိုရင် အတိုင်းထက်အလွန် ဝမ်းသာ တာပေါ့” ဟု ဆိုသည်။

မြန်မာပြည်ရှိ ကက်သလစ် သာသနာ အနေနှင့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းအပြီးတွင် မြစ်ဝကျွန်းပေါ်ရှိ ဒုက္ခသည်များကို ကူညီကယ်တင်ရေးလုပ်ငန်းများ၌ အင်တိုက်အားတိုက် ပါဝင်လုပ်ဆောင်ခဲ့သည်ဟု သူက ဆက်ပြောသည်။

“ဒီမှာက လွတ်လွတ်လပ်လပ် ဘုရားကျောင်းတက် ဝတ်ပြုလို့ရတယ် ဆိုပေမယ့်။ လူမှုရေး လုပ်ငန်းတွေ ကျတော့ လုပ်ရတာ ခက်ခဲတယ်” ဟု ၎င်းကဆိုသည်။

မြန်မာစစ်အစိုးရသည် ၂၀၀၇ ခုနှစ် ဇန်နဝါရီလအတွင်းက ခရစ်ယာန်အသင်းတော်များကို ခွဲခြား ဆက်ဆံခြင်း မပြုပါဟူ သော ထုတ်ပြန်ချက်များ ဖိအားပေး ထုတ်ပြန်ကြေညာခိုင်းခဲ့သည်။ တချိန်တည်းတွင် ခရစ်ယာန် အသင်းတော်များ၌ တနင်္ဂနွေနေ့တိုင်း ဟောကြားမည့် တရားဒေသနာများကို သက်ဆိုင်ရာ မြို့နယ် အာဏာ ပိုင်များတွင် တင်ပြခိုင်းခြင်းများ ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် နှစ်ခြင်း သင်းအုပ်ဆရာ တဦးဖြစ်သည့် သိက္ခာတော်ရဆရာ နော်မိုင်က ပုပ်ရဟန်းမင်းကြီး အနေနှင့် မြန်မာပြည်သို့ သွားသင့်ကြောင်းနှင့် ထိုသို့ သွားနိုင်လျှင် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုသည်ဟု ပြောသည်။

ထိုင်းနိုင်ငံတွင်နေထိုင်သော မြန်မာ ခရစ်ယာန်ဘာသာဝင်တဦးကမူ ပုပ်ရဟန်းမင်းကြီး မြန်မာပြည် သွားလျှင် မြန်မာ စစ်အစိုးရကို ထောက်ပံ့သကဲ့သို့ ဖြစ်နေမည် စိုးသောကြောင့် မသွားသင့်ဟု ဆိုသည်။

“ဘုရားသခင်က ရန်သူကိုချစ်ရမယ်။ ကိုယ့်ကို နှိပ်စက်ညှဉ်းပန်း သူတွေ အတွက် ဆုတောင်းပေးရမယ်လို့ ပြောခဲ့တာပဲ” ဟု သိက္ခာတော်ရဆရာ နော်မိုင်က ပြောသည်။

ပုပ်ရဟန်းမင်းကြီး ဘန်းနဒစ်သည် ၎င်းတာဝန်ကို စတင်ယူချိန် ၂၀၀၅ ခုနှစ် ဧပြီမှ စ၍ နိုင်ငံရပ်ခြား ခရီးစဉ် ၁၀ ကြိမ်ခန့် သွားခဲ့သော်လည်း တူရကီနိုင်ငံမှ လွဲ၍ အာရှနိုင်ငံများ မပါဝင်ခဲ့ပေ။ အပြည်ပြည်ဆိုင်ရာ ကက်သလစ် သာသနာ စည်းဝေး ပိတ်ပွဲ အခမ်းအနားကျင်းပရာ အောက်တိုဘာ ၂၆ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးက ၂၀၀၉ မတ် လအတွင်း အာဖရိက နိုင်ငံများဖြစ်သော အင်ဂိုလာနှင့် ကန်မရွန်း နိုင်ငံများသို့ သွားရောက်လည်ပတ်မည်ဟု ကြေညာခဲ့သည်။
၎င်းက လာမည့်နှစ်အတွင်း အာရှနိုင်ငံများသို့ သွားရောက်လည်ပတ်မည်ဟု ကတိမပေးခဲ့သော်လည်း တခြားသော အာရှနိုင်ငံများသို့ သွားဖြစ်ပါက မြန်မာနိုင်ငံကို ဝင်လည်ရန် ဆန္ဒရှိသည်ဟု ပြောခဲ့သည်။

http://www.irrawaddy.org/bur/news2008/November/Nov_04d_08.html

No comments:

 
/* EOT ----------------------------------------- */