Wednesday, November 12, 2008

ဒေါ်စုနှင့် ဒေါက်တာ စင်သီယာမောင်ကို စပိန်နိုင်ငံက ဆုချီးမြှင့်

အေးလဲ့ | နိုဝင်ဘာ ၁၁၊ ၂၀၀၈

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းမြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်တို့အား စပိန်နိုင်ငံရှိ ကတ်တာလိုနီးယားပြည်နယ်အစိုးရက ၎င်းမြို့၏ အမြင့်ဆုံးဂုဏ်ထူးဆောင် နိုင်ငံတကာ ဆုချီးမြှင့်ပွဲကို ယနေ့ကျင်းပမည်ဖြစ်သည်။
ကတ်တာလိုနီးယားဆု ကျောက်ဆစ်ရုပ်ပုံ


အဆိုပါဆုချီးမြှင့်ပွဲကို စပိန်နိုင်ငံမြို့တော်ဖြစ်သည့် ဘာစီလိုနားမြို့တွင် ကျင်းပမည် ဖြစ်ပြီး လက်ရှိနေအိမ် အကျယ်ချူပ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဗြိတိန်နိုင်ငံမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ တာဝန်ခံတဦး ဖြစ်သူ ဇိုယာဖန်းက လက်ခံရယူမည်ဖြစ်ကြောင်း လည်းသိရသည်။

ဇိုယာဖန်းက “ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီဆုကိုသွားရောက်ယူခွင့်ရတဲ့ အတွက် ကျမဝမ်းသာမိပါတယ်။ ကျမစိတ်မကောင်းမိတာက သူကိုယ်တိုင်သွားရောက်ယူခွင့် မရတာကိုတော့ စိတ်မကောင်းပါဘူး။ ခုလိုဆုပေးတာဟာ ကတ်တာလိုနီးယား ပြည်သူ လူထုတွေရော ကတ်တာလိုနီးယား အစိုးရကပါ မြန်မာပြည် ဒီမိုကရေစီရေးအတွက် မြန်မာပြည်သူပြည်သားတွေနဲ့ အတူရပ်တည်နေတယ်ဆိုတာကို သိရတဲ့အတွက် အားတက်မိပါတယ်” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန် အထက်လွှတ်တော်က အရပ်သား များကို ချီးမြှင့်သည့်ဆုများထဲမှအမြင့်ဆုံး ရွှေတံဆိပ်ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းသည် ၁၉၉၀ခုနှစ်က နော်ဝေး နိုင်ငံက ချီးမြှင့်သည့် နိုဘဲလ်ငြိမ်းချမ်းရေးဆု အပါအဝင် နိုင်ငံတကာ ဆုပေါင်းများစွားကို ရရှိ ထား သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက မေလတွင် အကျယ်ချူပ် သက်တမ်းတနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိ နေအိမ်အကျယ် ချုပ် ဘဝဖြင့် နေရချိန်စုစုပေါင်းမှာ ၁၃ နှစ်ရှိပြီဖြစ်သည်။

ယမန်နေ့တွင် ဒေါက်တာစင်သီယာမောင်နှင့် ဇိုယာဖန်းတို့သည် ကတ်တာလိုနီးယားပြည်နယ် အစိုးရ အကြီး အကဲ José Montill နှင့် တွေ့ဆုံခဲ့စဉ်တွင် လက်ရှိမြန်ာနိုင်ငံရေးအခြေအနေများ၊ နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နယ်စပ်ဒေသ တွင်ဒုက္ခသည်များ ပိုမိုတိုးများလာသည့်အခြေအနေ စသည့် မြန်မာစစ်အစိုးရ ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများအပေါ် စပိန်အစိုးရအနေနှင့် မြန်မာပြည်အရေးကိုပိုမို ဖိအားပေးပြောဆို ရန် တိုက်တွန်းနိုးဆော်ခဲ့ကြောင်းလည်း ဇိုယာဖန်းက ပြောသည်။

ဒေါက်တာစင်သီယာမောင်တည်ထောင်သည့် မယ်တော်ဆေးခန်းသည် မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာ ပြည်သား များအား မည်သည့်ရောဂါမဆို အခမဲ့ဆေး ကုသပေး နေသည့် တခုတည်းသော ဆေးခန်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာစင်သီယာမောင်သည် ယခုဆု အပါအဝင် နိုင်ငံတကာဆုပေါင်း ၁၃ခု ကိုရရှိထား သူဖြစ်သည်။
ကတ်တာလိုနီးယားပြည်နယ်သည် စပိန်နိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး ၎င်းပြည်နယ်၏ ဂုဏ်ထူးဆောင်ဆုကို ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး၊ ယဉ်ကျေးမှု ၊ သိပ္ပံပညာရပ်များ ဆိုင်ရာတို့တွင် ဖွံ့ဖြိုးတိုးတက်ရန် ဆောင် ရွက်သူများအား ချီးမြှင့်ကြောင်း လည်းသိရသည်။ ၎င်းဆုတွင် ခရိုနာငွေ ၁သိန်း အပါအ၀င် အထိမ်းအမှတ် သော့ ကျောက်ဆစ်ရုပ်ကိုပါ လက်ခံရရှိမည် ဖြစ်သည်။
http://www.irrawaddy.org/bur/news2008/November/Nov_11c_08.html

No comments:

 
/* EOT ----------------------------------------- */