Sunday, October 28, 2007

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၁)
၁၉၄၅ ခုနှစ်၊ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင် မြွက်ကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်

ယခုအခါမှာ ငြိမ်းချမ်းရေးကို အဖျက်ဆီးဆုံးဝါဒဟာ ဖက်ဆစ်ဝါဒဖြစ်လို့ ဒီဝါဒ ကမ္ဘာမှာ ဘယ်နေရာမှာဖြစ်ဖြစ် ရှိနေရင် စစ်ဖြစ်ဦးမှာမို့လို့ ဒီဝါဒ ပပျောက်အောင် လုပ်ဖို့လိုတယ်။ ဒီတွင်လားဆိုရင် မဟုတ်သေးဘူး။ ဒီဝါဒမျိုးဟာ သူတို့ပြည်မှာလည်း တိုင်းသူပြည်သားတွေကို ချုပ်ချယ်တယ်။ ကမ္ဘာမှာလည်း အင်မတန် ရိုင်းစိုင်းသေးနုပ်တဲ့ လူမျိုးရေးဝါဒကို လက်ကိုင်ထားပြီး ပိုပြီးချုပ်ချယ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ကမ္ဘာမှာလည်း ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်တယ်။ ကမ္ဘာ့လွတ်လပ်ရေးကို ထိခိုက်လို့ရှိရင် ကမ္ဘာ့လွတ်လပ်ရေး မရှိနိုင်ဘဲ ဖြစ်သွားမယ်။ ကမ္ဘာ့လွတ်လပ်ရေး မရှိရင် ဗမာ့လွတ်လပ်ရေးဆိုတာလည်း မရှိနိုင်ဘူး။ ဒါကြောင့် ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီဝါဒမျိုးကို တိုက်ဖျက်မယ့်သူတွေနဲ့ အမြဲပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ပဲ။
အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင်စနစ်၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စား ရွာစားဝါဒ၊ အထက်ကသာခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုး ရှိနေရင် အများပြည်သူတို့ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီဝါဒမျိုးပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။

ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်ရမယ်။ နောက် လွတ်လပ်စွာ ဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နှင့် စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်နှင့် ကိုးကွယ်လိုရာဘာသာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ ကိုယ်ရေးလွတ်လပ်ခွင့်၊ ကိုယ့်အိမ် ကိုယ့်ယာနှင့် နေထိုင်ခြင်းကို မတရားသဖြင့် နှောင့်ယှက်ခြင်းမှ ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့်၊ အလုပ်သမား လယ်သများများရဲ့ အနည်းဆုံးအခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ ကိုယ့်ဓလေ့ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက် လျော်ကြေး ရန်ပုံငွေ အစရှိသည်တို့ကို အစိုးရကထားပြီး အိုမင်း၍လည်းကောင်း၊ ဖျားနာ၍လည်းကောင်း၊ ထိခိုက်နာကျင်၍လည်းကောင်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း မပြုနိုင်စွမ်း ရှိသူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့်နှင့် ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလည်း ရှိရမယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက် (စုစည်းမှု-၂)
၁၉၄၇ ခုနှစ်၊ မေလ (၁၉) ရက် ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံ မိန့်ခွန်းကောက်နှုတ်ချက်

တော်လှန်ရေးဆိုတာ

တော်လှန်ရေးဆိုတာ လူထုက လူထုရဲ့ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ ဘယ်လိုပဲဖြစ်ဖြစ်ဆိုပြီး လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်တယ်။ ရာဇ၀င်ကြောင်းအရ မလွှဲမရှောင်သာလို့လည်း လိုတယ်။ ဖြစ်ပျက်ပေါ်ပေါက်နေတဲ့ ရာဇ၀င်အခြေအနေ အချက်အလက်တွေနဲ့ အခြားတစ်လမ်းဖြစ်တဲ့ အခြောက်တိုက်စိတ်ကူး စီမံကိန်းမျိုးနဲ့တော့ မဖြစ်နိုင်ဘူး။ ပြီးတော့ မျက်စိစုံမှိတ်ပြီး အကန်းလို ရမ်းလို့ မဖြစ်ဘူး။ တစ်ဖက်တွင်သာလုပ်တဲ့အလုပ်၊ အလိုအလျောက် လူထုထကြွမှု၊ ဖျက်ဆီးရုံအလုပ်ကိုလည်း လက်မခံနိုင်ဘူး။ အဲဒါတွေကြောင့် တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင်ဖန်တီးတတ်တဲ့ သတ္တိရှိပါတယ်။
တော်လှန်ရေးရဲ့ အခြေခံရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီးလွတ်လပ်မှု ဖြစ်ပါတယ်။ တော်လှန်ရေးရဲ့ အခြေခံအုတ်မြစ်ကတော့ လူထုပါဝင်အောင် ဆောင်ရွက်ရေး ဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်မှု အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှု တနည်းအားဖြင့် လူထုကြီးအား ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာဝန်နဲ့ တန်ခိုးအာဏာကို သိရှိနားလည် နိုးကြားသလဲဆိုတဲ့ အပေါ်မှာ တည်ပါတယ်။

ကျနော်တို့ အခုလုပ်နေတာတွေ အားလုံးတွေဟာ ဘာကိုလုပ်နေတာလဲ၊ ကျုပ်တို့တိုင်းပြည်ကြီးကို တော်လှန်ပြောင်းလဲနေကြတာပဲ မဟုတ်လား။ အဲဒီလို တော်လှန်ပြောင်းလဲနေတဲ့အခါ ကြမ်းသင့်အခါလည်း ကြမ်းခဲ့တယ်။ ကြမ်းစရာလိုသေးရင်လည်း ကြမ်းရအုံးမှာပဲ။ အမိဝမ်းက ဖွားမြင်လာတဲ့ကလေးဟာ မမွေးခင် ပဋိသန္ဓေတည်ရတယ်။ နေ့ရက်စေ့မှ မွေးဖွားရတယ်။ အဲဒီမတိုင်မီ မွေးဖွားရင် သေရင်လည်း သေမယ်။ လျှောရင်လည်း လျှောမယ်။ ချည့်နဲ့ရင်လည်း ချည့်နဲ့မယ်။ အင်မတန်ကောင်းခဲတယ်။ ပြီးတော့ မွေးဖွားတဲ့အခါမှာလည်း ပြင်းပြင်းထန်ထန်နဲ့ ဖွားရတာရှိတယ်။ သက်သက်သာသာနဲ့ ဖွားရတာရှိတယ်။ အမေ၊ အဖေရဲ့ ကျန်းမာရေး၊ လက်သည်လုပ်တဲ့သူ ကျင်လည်မှု အစရှိတဲ့ အခြေအနေတွေအရ ဖြစ်တာပဲ။

http://freedomuprising.blogspot.com/ မှကူးယူဖော်ပြပါသည်။

ဖတ်ကြည့်ချင်သေးလား....

Wednesday, October 10, 2007

ဆွမ်းတနပ်၊ ဆန်တပြည်၊ ဆေးလိပ်တစည်း


အခုတလော ကျနော့်မိတ်ဆွေတွေနဲ့ အတူ သံရုံးတခုရှေ့ မှာ နေ့ စဉ်ရက်ခြားဆိုသလို ဆန္ဒပြပြနေဖြစ်ခဲ့ပါတယ်။
ဆန္ဒပြပြီးပြန်လာတိုင်းလဲ ကိုယ့်ကိုယ်ကို မေးခွန်းတခုမေးမိပါတယ်။
ငါ ဘာဆက်လုပ်သင့်သလဲ။ ငါတို့  ဘာဆက်လုပ်သင့်သလဲ။
အဖြေတချို့ ထွက်လာပါတယ်။
ခင်ဗျားတို့ လဲ ၀ိုင်းစဉ်းစားပေးကြပါအုန်း။
ပြည်ပရောက်မြန်မာတွေရဲ့  ဒီမိုကရေစီလိုလားမှု ထောက်ခံစာနာမှုတွေကို
ဒီလိုနည်းတွေနဲ့  ပြသနိုင်တယ်လို့ တွေးမိပါတယ်။
(၁) သပိတ်မှောက်ကံဆောင်ခဲ့တဲ့ ပြည်တွင်းကရဟန်းသံဃာတော်တွေကို
ဆွမ်းတနပ် သွားကပ်ကြမယ်။
(၂) အသက်စတေးသွားတဲ့ အာဇာနည်တွေရဲ့  ကျန်ရစ်သူမိသားစုတွေ၊ ငရဲစခန်းတွေမှာ
အကျဉ်းကျခံနေရတဲ့ သူရဲကောင်းတွေရဲ့  မိသားစုတွေကို ဆန်တပြည် သွားလှူကြမယ်။
(၃) မတရားဖမ်းဆီးခံနေရတဲ့ သူရဲကောင်းတွေအတွက် ဆေးလိပ်တစည်း သွားပေးကြမယ်။
ပြည်ပရောက်မြန်မာတွေ "တလ တစ်ဒေါ်လာ" လစဉ်စုသွားကြရင်
တစ်သောင်းလဲ ဖြစ်လာနိုင်ပါတယ်၊ တစ်သိန်းလဲ ဖြစ်လာနိုင်ပါတယ်။
ဆွမ်းတနပ်၊ ဆန်တပြည်၊ ဆေးလိပ်တစည်းကနေ ဒစ်ဂျစ်တယ်ကင်မရာတလုံး လက်ကိုင်ဖုန်းတလုံးလဲ ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာနိုင်တာတွေအများကြီးပါပဲ။
ကျနော်တို့  တကယ်ဖြစ်ချင်ဖို့ ပဲလိုပါတယ်။
အန်တီစုရဲ့ စကားလေးတခု သတိရမိတယ်။
" ဒီမိုကရေစီ ဘယ်တော့ရမလဲလို့  ကျမကို ခဏခဏမေးကြတယ်။
ကျမတို့ ပြည်သူလူထုတွေအားလုံး ပူးပေါင်းပါဝင်တဲ့နေ့ မှာရမယ်လို့  ကျမဖြေချင်ပါတယ်"

အခု နိုင်ငံအနှံ့ အပြားမှာ တာဝန်ခံလှူဒါန်းပေးမယ့် အဖွဲ့ တွေရှိနေပါပြီ။
နီးစပ်ရာအဖွဲ့ တွေမှာ သွားလှူကြမယ်။
http://www.moemaka.com/donate.html
http://english.dvb.no/
http://www.scgeneralstrike.org/
မောင်မိုး

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */