Wednesday, October 29, 2008

“စစ်အာဏာရှင် ကြီးစိုးမှုမှောင်ရိပ်” အစီရင်ခံစာ အမျိုးသမီးအဖွဲ့ထုတ်ပြန်....

သတင်း အေးလဲ့ ဧရာဝတီ

မြန်မာနိုင်ငံတွင် ကျား၊မ ကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံမှုနှင့်ပတ်သက်၍ ‘စစ်အဏာရှင် ကြီးစိုးမှုမှောင်ရိပ်’ အမည်ရှိ အစီရင်ခံ စာတစောင် ကို ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများ အဖွဲ့ချူပ် (မြန်မာနိုင်ငံ) (WLB) က အောက်တိုဘာ ၂၆ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

(Women’s League of Burma)၏ အစီရင်ခံစာတွင် အမျိုးသမီးနှင့် ပညာရေး၊ ကျန်းမာရေး၊ နယ်စပ် ဒေသ လူကုန် ကူးမှု တိုးပွားနေမှု၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးဖွံ့ဖြိုးရေး၊ နိုင်ငံ အနှံ့အပြား အမျိုးသမီးများ အပေါ်အကြမ်းဖက်နေမှု စသည့် အဓိကအကြောင်းအရာ ၅ ချက်ကို အခြေခံ ထောက်ပြထားသည်။

ယင်း WLB ၏ အစီရင်ခံစာသည် နအဖ အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ စီဒေါကော်မတီ သို့ပေးပို့ သည့် အစီရင် ခံစာအပေါ် ထောက်ပြဝေဖန်ထားခြင်းဖြစ်သည်ဟုလည်းသိရသည်။

၂၀၀၇ခုနှစ်အတွင်းက ဒုတိယနှင့်တတိယ နှစ်ကြိမ်ပေါင်း စစ်အစိုးရ၏ စီဒေါကော်မတီ သို့ ပေးပို့ထားသော အစီရင်ခံစာများ အရ “မြန်မာအမျိုးသမီးများသည် မမွေးဖွားမီကပင် အမျိုးသမီး အခွင့် အရေးကိုများ ရရှိခံစား နေရသည်” ဆိုသည့် အချက်မှာ လုံးဝမဟုတ်မှန်ကြောင်း WLB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှေ့လာမည့် နိုဝင်ဘာလ ၃ရက်နေ့တွင် နအဖ အမျိုးသမီးများကိုယ်စားလှယ် အဖွဲ့က ၎င်းတို့တင်ပြထားသည့် အစီရင်ခံစာ မှန်ကန်ကြောင်း၊ စီဒေါကော်မတီနှင့် သုံးသပ်မည့် စည်းဝေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်းလည်းသိရ သည်။

မြန်မာစစ်အစိုးရသည် စီဒေါစာချုပ်(CEDAW - အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ်)ကို ၁၉၉၇ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့၏ ပထမဆုံး အစီရင် ခံစာကို ၁၉၉၉ ခုနှစ်တွင် စီဒေါကော်မတီသို့ ပေးပို့ခဲ့သည်။ ၎င်းအစီရင်ခံစာကို ၂၂ကြိမ်မြောက် စီဒေါကော်မတီ က သုံးသပ်ခဲ့ကြောင်းလည်း WLB ၏ အစီရင်ခံစာ အနှစ်ချူပ်ပိုင်း တွင်ဖော်ပြထားသည်။

WLB အစီရင်ခံစာပြုစုသူများထဲမှ တာဝန်ရှိသူ တဦးဖြစ်သည့် ချယ်ရီဇာဟောင်က “နအဖ အစိုးရက တင်ပြ ထားတဲ့ မြန်မာ ပြည်မှာရှိတဲ့ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မခံရပါဘူး၊ ကျန်းမာရေး၊ ပညာရေးနဲ့ လုပ်ငန်း ကိုင်ငန်းတွေ အားလုံးအဆင် ပြေပါတယ်လို့ ပြောဆိုထားခြင်းအပေါ် မဟုတ်မှန်ကြောင်း ကျမတို့ကလည်း အစီရင်ခံစာမှာသက်သေအချက်အလက်နဲ့ ဖော်ပြထားပါတယ်။ စီဒေါကော်မတီကလည်း ကုလသမဂ္ဂအဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ဒီအချက်အလက်တွေကို နအဖ ကိုဖိအားပေးပြောဆိုရာမှာ အသုံးပြုနိုင်ပါ တယ်” ဟုပြောသည်။

နအဖ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ အစီရင်ခံစာ၌ မြန်မာအမျိုးသမီးများ လူ့အခွင့်အရေး ချိုးဖောက် ခံရမှု များ မရှိဟု ဖော်ပြထားသော်လည်း ၂၀၀၅ ခုနှစ် နှင့် ၂၀၀၈ခုနှစ် အတွင်း တရုတ်- မြန်မာ နယ်စပ်ရှိ မူဆယ် မြို့နှင့် ရွှေလီမြို့များတွင် မြန်မာအမျိုးသမီးများ အရောင်းအ၀ယ်ပြုလုပ်ခံရမှု ပိုမိုများပြားလာသည်ကို တွေ့ ရကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

လူမှောင်ခို ပွဲစားများသည် မိသားစုလိုက် မြန်မာလူမျိုးများပင်ဖြစ်ပြီး အရောင်းစားခံမိန်းကလေးများကို သတ်ဖြတ်သည် အထိဖြစ်လာကြောင်းနှင့် ၎င်းအရောင်းစားခံ မြန်မာမိန်းကလေးများသည် တရုတ်ပြည် အန်းဝေးပြည်နယ်ပိုင်းရှိ တရုတ် လူမျိုးများလက်တွင် နှိပ်စက်မှုအမျိုးမျိုးနှင့် ဆိုးရွားလှသည့် ရာသီဥတုဒဏ်ကို ခံရကြောင်း၊ အသက်ဆုံးရှုံးရမှုများလည်း ရှိကြောင်းတို့ကို ဦးအောင်ကျော်ဇော က ဆက်လက်ပြောဆိုသည်။

တရုတ်ပြည်အိုလံပစ်ပွဲမတိုင်မီ တရုတ်အာဏာပိုင် ဒေသအလိုက်နှင့် လူဝင်မှုကြည့်ကြပ်ရေးတို့ပူးပေါင်းပြီး မှတ်ပုံတင်မရှိဘဲ နေထိုင်သည့် မြန်မာအမျိုးသမီး ၂၀၀ နီးပါး ဖမ်းဆီး ထိန်းသိမ်းခံရကြောင်းလည်း ၎င်းက ပြောသည်။

ထိုသို့ဖမ်းဆီးခံနေရသူများထဲမှ ၂၄ဦးကိုမူ ရွှေလီရှိ လူမှောင်ခိုကူးမှုတားဆီးရေးအဖွဲ့သို့ တရုတ် အာဏာပိုင် များက ပို့ဆောင် ခဲ့ကြောင်းလည်းသိရသည်။

“လူမှောင်ခို ရောင်းဝယ်မှုနဲ့ပတ်သက်လို့ မှောင်ခိုဂိုဏ်းတွေ ပပျောက်အောင်တက်တက်ကြွကြွ လုပ်ဆောင်မှုမှာ ဗမာအစိုးရ က ထင်သလောက်မလုပ်ဘူးဖြစ်နေတယ်။ အရောင်းအစားခံရတဲ့ အမျိုးသမီးတွေမှာ အပြန် ခရီးစရိတ်ကအစ ဖြေရှင်းပေးဖို့ အစိုးရ အောက်ခြေဌာနမရှိဘူး”ဟု ဦးအောင်ကျော်ဇောက ပြောဆိုသည်။

No comments:

 
/* EOT ----------------------------------------- */