Thursday, October 9, 2008

အန်အယ်လ်ဒီအယ်လ်အေ အထူးအစည်းအဝေးပြီး၊ တွေ့ဆုံဆွေးနွေးပွဲများ ပေါ်ပေါက်ရေး ဗျူဟာချမှတ်

ကိုဝိုင်း/ ၈ အောက်တိုဘာ ၂၀၀၈။ ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ မဟာဗျူဟာဆိုင်ရာ ဗဟိုကော်မတီ အထူးအစည်းအဝေး တရပ်ကို ယခုလ (၄-၅) ရက်တို့တွင် လွတ်မြောက်နယ်မြေတနေရာ၌ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွတ်မြောက်ရေး၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ပေါ်အခြေခံ၍ လွှတ်တော် ပေါ်ပေါက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်သည့် တွေ့ဆုံဆွေးနွေးပွဲများ ပေါ်ပေါက်ရေး စသည့် မဟာ ဗျူဟာ (၃) ရပ် ချမှတ်ခဲ့သည်။
အဆိုပါမဟာဗျူဟာများသည် ယခင်က ချမှတ်ခဲ့သည်များနှင့် ကွာခြားမှုမရှိသော်လည်း နအဖသည် ၎င်းတို့၏ ဖွဲ့စည်း အုပ်ချုပ်ပုံကို အဓမ္မနည်းဖြင့် အတည်ပြုလိုက်ခြင်း၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့လွှတ်တော်၏ အခန်းကဏ္ဍကို လျစ်လျူရှုပြီး၂၀၁၀ ခုတွင် ရွေးကောက်ပွဲပြုလုပ်ရန် စိုင်းပြင်းနေခြင်း စသည့် နိုင်ငံရေးအခြေအနေမှာမူ ကွာခြားမှု ရှိနေမှု အပေါ် အခြေခံ၍ ရှေ့လုပ်ငန်းစဉ်များအတွက် နည်းလမ်းရှာဖွေခဲ့ကြခြင်းသာဖြစ်ပြီး လုပ်ငန်းစဉ်အသေးစိတ်ကိုမှု ရေးဆွဲ နေဆဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး ဦးမြင့်စိုးက ပြောသည်။
ဦးမြင့်စိုးက “ဘယ်အချိန်မှာ ဘာလုပ်မယ်။ တလအတွင်း ပရိုဂရမ်ဘာလုပ်မယ်၊ ခြောက်လပရိုဂရမ် ဘာလုပ်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ကျနော်တို့ ထပ်ဆွဲနေတုန်းဖြစ်ပါတယ်။ မူတွေကို လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာ တော့ ဒီအစည်းအဝေးကို ပြီးသွားပြီလို့ မယူဆဘဲနဲ့ နိုင်ငံတကာဌာနခွဲတွေနဲ့ ကျနော်တို့ဌာနချုပ်နဲ့က အပတ်စဉ် skype meeting များလုပ်ပြီး ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟုပြောသည်။
ထို့အပြင် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အနေဖြင့် သာမန်သံရုံးရှေ့တွင် သွားရောက် ဆန္ဒပြသည့် အဆင့်မျိုးမှစ၍ နိုင်ငံခြားလွှတ်တော်များအတွင်း၌ မြန်မာရေးရာများကို ရှင်းပြသည့်ကိစ္စ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တွေ့ဆုံရှင်းလင်းပြီး ထိရောက်သည့် ဖိအားများ ပေါ်ပေါက်လာရေး နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာစစ်အစိုးရက ဦးဝင်းတင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးလိုက်ခြင်းသည်လည်း စိတ်ကောင်း စေတနာ ရှိလာခြင်း (သို့) သဘောထား ပျော့ပျောင်းလာ၍ လွှတ်ပေးခြင်းဟု မယူဆကြောင်း၊ ပြည်တွင်းပြည်ပ ဖိအားများ၊ တပ်မတော်အတွင်း၌ ဖြစ်ပေါ်လာသည့် ဖိအားများကြောင့်သာ လွှတ်ပေးခြင်းဟု ယူဆကြောင်း ဦးမြင့်စိုးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ ယနေ့ထုတ်ပြန်ချက်အတွင်း၌ မတရားဖမ်းဆီးခံထားရသူ များနှင့် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ပြည်သူ့လွှတ်တော်ခေါ်ပေးရန်၊ အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ပေးရန် နအဖစစ်အုပ်စုကို တောင်းဆိုကြောင်း ဖော်ပြခဲ့သည်။
အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟိုကော်မတီဝင်များ၊ နိုင်ငံတကာဌာနခွဲ (၇) ခုမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသမှ ခေါင်းဆောင်များ၊ ပညာရှင်များ၊ အန်အယ်လ်ဒီပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များ၊ အမျိုးသမီးတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

ခေတ်ပြိုင်ဂျာနယ်မှကူးယူသည်။

No comments:

 
/* EOT ----------------------------------------- */