Saturday, October 11, 2008

နို့မှုံ့တံဆိပ် ၁၆ မျိုးကို စစ်ဆေးခဲ့ရာ တံဆိပ် ၉ မျိုးတွင် မဲလင်းဓါတ်များပါကြောင်း စစ်ဆေး တွေ့ရှိခဲ့ရ

သဲသဲနှင့်မုံပီး (မဇ္ဈိမသတင်း)၁ဝ အောက်တိုဘာ ၂ဝဝ၈။

နယူးဒေလီ – မြန်မာနိုင်ငံ ဈေးကွက်အတွင်း ရောင်းချနေသော နို့မှုံ့များကို စစ်ဆေးခဲ့ရာ တံဆိပ် ၉ မျိုးတွင် စက်မှု လုပ်ငန်းသုံး မဲလမင်း ဓါတ်ပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် ဤအမှတ်တံဆိပ်များကို သုံးစွဲခြင်း မပြုဘဲ ရှောင်ရှားကြရန် ပထမဆုံးအကြိမ်အဖြစ် မြန်မာစစ်အစိုးရက သောကြာနေ့က ကြေငြာလိုက်သည်။

နို့မှုံ့တံဆိပ် ၁၆ မျိုးကို စစ်ဆေးခဲ့ရာ တံဆိပ် ၉ မျိုးတွင် မဲလင်းဓါတ်များပါကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည်ဟု သောကြာနေ့ထုတ် စစ်အစိုးရ၏အာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြထားသည်။

ထို့သို့ မသန့်ရှင်းကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည့် တံဆိပ်များမှ Star Milk Powder (20 gm), Crown, Happy Baby Toys, Dulac (Dumex) step 1(INFANT FORMULA), Star (450 gm), Mandalay-Raw Milk Powder, Whole Sweet Milk Powder (Two Cows Shi Lin), RAIN BOW Milk Powder, နှင့် Enfagrow Milk Powder တို့ ဖြစ်ကြပါသည်။

မဲလမင်းဓါတ် ပါဝင်ပြီး မသန့်ရှင်းသည့် မြန်မာနိုင်ငံထုတ် နို့မှုံ့ ၄၆ဝ၂၅ ကီလိုဂရမ်ကိုလည်း သိမ်းဆည်းခဲ့ပြီး၊ ဖျက်ဆီးခဲ့သည်ဟု စစ်အစိုးရက သတင်းစာက ရေးသားထားသည်။

"ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကုမ္ပဏီပေါင်း ၈ ခုက တင်သွင်း ရောင်းချနေသည့် အခြား နို့မှုံ့တံဆိပ် ၈ မျိုးကိုလည်း စစ်ဆေးနေကြောင်း၊ ဤသို့ စိတ်ချလုံခြုံမှုအတွက် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ်အတွင်း အခြား နို့မှုံ့များ တင်သွင်းခြင်းကိုလည်း ယာယီရပ်ဆိုင်းထားကြောင်း" ဖြင့် သတင်းစာက ရေးသားထားပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ စက်မှု (၁) ဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့ဆေးဝါးလုပ်ငန်း၊ မြန်မာ့ဆေးဝါးစက်ရုံ (ရန်ကုန်)၊ ဆေးဝါးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန တို့က နိုင်ငံခြားမှ တင်သွင်းလာသော နို့မှုံ့ ၁၆ မျိုးကို စစ်ဆေးခဲ့ပြီးဖြစ်ပြီး၊ ယင်းတို့အနက် ၉ မျိုးမှာ မဲလမင်း ဓါတ်ပစ္စည်းများ ပါဝင်နေကြောင်း တွေ့ရှိခဲ့ရသည်ဟု သတင်းစာတွင် ဖေါ်ပြထားသည်။

စစ်အစိုးရ၏ ဤကြေငြာချက်သည် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်ကုမ္ပဏီများက ထုတ်လုပ်သော မသန့်ရှင်းသည့် နို့မှုံ့များကို မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ ၅ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ဝန်ခံကြေငြာခဲ့အပြီး တလနီးပါး အကြာတွင်မှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

သို့ရာတွင် ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် မူကြိုကျောင်းတခု၏ ပိုင်ရှင်ကမူ ဤကြေငြာချက်မှာ အလွန်နောက်ကျကြောင်း၊ စားသုံးသူများမှာ ဤအကြောင်း သိသူနည်းပြီး၊ ဤမသန့်ရှင်းသော နို့မှုံ့များမှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး ဖြစ်နေကြောင်း ပြောကြားသွားပါသည်။

"လူတွေက သိတာ သိပ်မဟုတ်လို့ ကျနော်တို့ စိုးရိမ်မိပါတယ်။ ဒါကြောင့် ကလေးတွေနဲ့လူကြီးတွေ ဒီမသန့်ရှင်းတဲ့ နို့မှုံ့တွေ သောက်မိပြီးသား ဖြစ်နေနိုင်စရာ ရှိပါတယ်" ဟု အသက် ၂ နှစ်မှ ၅ နှစ်အကြား ကလေးများကို ထိန်းကျောင်းနေရသော အဆိုပါ မူကြိုကျောင်းပိုင်ရှင်က ပြောပါသည်။

"အဆိုးဆုံးကတော့ ဒီကလေးတွေ နေထိုင်မကောင်း ဖြစ်ကြရင်တောင် ဆရာဝန်တွေက ဒီမသန့်ရှင်းတဲ့ နို့တွေ သောက်မိလို့လို့ ထင်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒီမှာက စမ်းသပ်စစ်ဆေးတာ ကောင်းကောင်းမွန်မွန် ရှိတာမဟုတ်ဘူး" ဟု သူက ဆက်လက်ပြောကြားခဲ့ပါသည်။

သို့သော် လွန်ခဲ့သော စက်တင်ဘာ နောက်ဆုံးအပတ်က ကျန်းမာရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောကြားရာတွင် သူတို့အနေဖြင့် တနိုင်ငံလုံးရှိ အဓိက ကလေးဆေးရုံကြီးများကို စောင့်ကြည့်နေကြောင်း၊ ယခုထိ အဆိုပါ မသန့်ရှင်းသော နို့မှုံ့များ သောက်သုံးမိ၍ ဆေးရုံရောက်လာသည့် သတင်းများ မကြားသိရသေးကြောင်း ပြောသွားပါသည်။

ထိုအတောအတွင်း စတားနို့မှုံ့ ထုတ်လုပ်နေသော မြန်မာဂိုးလ်ဒင်းစတား ကုမ္ပဏီကိုလည်း မသန့်ရှင်းသော နို့မှုံ့ထုတ် လုပ်နေသော ကုမ္ပဏီအဖြစ် စစ်အစိုးရက သတ်မှတ် ကြေငြာလိုက်ပါသည်။ ဤသတင်းအတွက် သူတို့အနေဖြင့် အံ့သြမိကြောင်း၊ သူတို့ ကုမ္ပဏီမှ ထုတ်လုပ်သော နို့မှုံ့တံဆိပ် ၃ မျိုးအနက် ၂ မျိုးကိုသာ မသန့်ရှင်းသော နို့မှုံ့အဖြစ် သတ်မှတ်ခံရပြီး ကျန်တမျိုးကိုမူ သတ်မှတ်ခြင်း မပြုခဲ့ကြောင်း ပြောပါသည်။

"ဒါသိပ်ကို ထူးဆန်းနေပါတယ်" ဟု MGS ကုမ္ပဏီ၏ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောကြားသွားပါသည်။

ဤကြေငြာချက်ကြောင့် ကုမ္ပဏီအတွက် ပို၍ အထူးအဆန်း ဖြစ်ရသည်မှာ သူတို့ ကုမ္ပဏီအတွက် ကုန်ကြမ်းပစ္စည်းများမှာ တရုတ်ပြည်က တင်သွင်းခြင်း မဟုတ်ဘဲ နယူးဇီလန်မှ တင်သွင်းခြင်း ဖြစ်ကြောင်း သူက ဆက်၍ ပြောပြပါသည်။

သောကြာနေ့ထုတ် အစိုးရသတင်းစာတွင် စတားကုမ္ပဏီ၏ ၂ဝ ဂရမ်နှင့် ၄၅ဝ ဂရမ် အထုပ်များတွင် မဲလမင်း ဓါတ်များ တွေ့ရှိရပြီး ဂရမ် ၂ဝဝ အထုပ်များတွင်မူ မတွေ့ရှိရကြောင်း ရေးသားထားပါသည်။

အာဏာပိုင်များထံမှ မည်သည့် အကြောင်းကြားစာမှ မရရှိသေးသည့်အတွက် ဈေးကွက်အတွင်းမှ သူတို့ကုန်စည်များကို ပြန်လည် ရုပ်သိမ်းခြင်း မရှိသေးကြောင်း MGS ကုမ္ပဏီ၏ တာဝန်ရှိသူက နောက်ထပ် ပြောကြားခဲ့ပါသည်။ သို့သော် ကုမ္ပဏီအနေဖြင့် ဘာဆက်လုပ်ရမည် ဆိုသည်ကို ယနေ့ ကျင်းပမည့် အစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု ဆိုပါသည်။

အလားတူပင် ရန်ကုန်စံပြ ဈေးခေါင်းကလည်း သူတို့ ဈေးကော်မတီ အနေဖြင့် ဤမသန့်ရှင်းသော နို့ထွက်ပစ္စည်းများကို သိမ်းဆည်းရန် မည်သည့် အကြောင်းကြားစာမှ မရရှိသေးသည့်အတွက် ဤကဲ့သို့ နို့မှုံ့အများအပြား အထူးသဖြင့် ရိန်းဘိုးတံဆိပ်များ ဈေးထဲတွင် ရောင်းနေသည်ကို တွေ့နေရသေးကြောင်း ပြောပါသည်။

"ခါတိုင်းတော့ အစိုးရက ဒီလို ကြေငြာချက်တွေ သတင်းစာထဲပါလာရင် ဒီပစ္စည်းတွေကို သိမ်းဘို့နဲ့ ဈေးထဲမှာ မရောင်းဘို့ အမိန့်ပေးတတ်တယ်။ ဒါပေမဲ့ ဒီတခါတော့ ဘာအကြောင်းကြားစာမှ မရသေးဘူး၊ ဒီပစ္စည်းတွေက ဈေးထဲမှာ ဆက်ရောင်းနေတာကို တွေ့နေရတုံးဘဲ" ဟု ဈေးခေါင်းက မဇ္ဈိမကို ပြောပါသည်။

ကျန်မာရေးဝန်ကြီးဌာနကို မဇ္ဈိမက ဆက်သွယ် မေးမြန်းရာတွင် ထင်မြင်ချက် တစုံတရာပေးရန် ငြင်းဆန်ခဲ့ပြီး၊ ဤကိစ္စမှာ အစားအစာနှင့် ဆေးဝါးအာဏာပိုင် (FDA) ကသာ လုံးဝ ကိုင်တွယ် ဆောင်ရွက်နေကြောင်း ပြောပါသည်။ သို့သော် ရန်ကုန် FDA ရုံးမှ တာဝန်ရှိသူ တဦးဖြစ်သူက ပြောကြားရာတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်လင်းမှာ လောလောဆယ် ရုံးတွင်မရှိဘဲ ခရီးထွက်နေကြောင်း ပြောပါသည်။

http://www.mizzimaburmese.com/

No comments:

 
/* EOT ----------------------------------------- */