Saturday, October 4, 2008

ဗိုလ်ချုပ်မှူးကြီး၏ ကျန်းမာရေး ဆိုးဝါးကြောင်း သတင်းများ ထွက်ပေါ်

ဧရာဝတီ | အောက်တိုဘာ ၃၊ ၂၀၀၈

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အသက် (၇၅) နှစ်သည် ကျန်းမာရေး အခြေအနေ ဆိုးဝါးသည့် အတွက် ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ် စွယ်တော်မြတ် စေတီအနီးရှိ ၎င်း၏ နေအိမ်တွင် ဆေးကုသမှု ခံယူနေ ရကြောင်း မိသားစု နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

“ဗိုလ်ချုပ်မှူးကြီးက စက်တင်ဘာလ နောက်ဆုံးအပတ် ကတည်းက ရန်ကုန်အိမ်မှာ ဆေးကုနေတာ”ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

အသေးစိတ် အချက်အလက်ကိုမူ ၎င်းက ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လက်ရှိကျန်းမာရေး အခြေအနေဆိုးဝါးနေမှုကြောင့် မိသားစု ဆရာဝန် အဖွဲ့နှင့် အတူ စင်္ကာပူ နိုင်ငံသို့ ဆေးဝါးကုသမှု ခံယူရန် သွားရောက်ဖွယ်ရှိသည်ဟု မျှော်လင့်ရကြောင်း ပြည်တွင်း ပြည်ပ ရှိ နီးစပ်သူများ၏ ပြောဆို ချက်များအရ သိရသည်။ သို့သော် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။

ရန်ကုန်မြို့မှ လာသောသတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရားဝင်ဖော်ပြထားသည့် အသက်မှာ ၇၅ နှစ် ဖြစ်သော် လည်း အသက်အမှန်မှာ ၇၈ နှစ် နှင့် ၇၉ နှစ် ဖြစ်နိုင်ကြောင်း၊ ၎င်းသည် ပုံမှန်ကျန်းမာရေး စစ်ဆေးမှု များ ရှိကြောင်း သိရသည်။

၂၀၀၇ ခုနှစ် ဇန်န၀ါရီလ အတွင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၎င်း၏ မိသားစုဆရာဝန် ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့် အပါအ၀င် မိသားစုနှင့် အတူ စင်္ကာပူ နိုင်ငံသို့ ၎င်း၏ အူလမ်းကြောင်း ကင်ဆာ ကုသရန် အတွက် ရက်သတ္တ ၂ ပတ်ကြာ သွားရောက်ခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အသက်အန္တရာယ် ကျရောက်နိုင်သော ခွဲစိပ်ကုသမှု ခံယူရမည့် ကျန်းမာရေး လက္ခဏာတွေ့ရှိ ရသည့် အတွက် ဆေးရုံတွင် တပတ်ခန့် နေရန် ၎င်း၏ အကြံပေး ဗေဒင်ဆရာက ဟောကြား ခဲ့ကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ၂၀၀၇ ခုနှစ် စက်တင်ဘာအတွင်းက ငြိမ်းချမ်းစွာ မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြသော သံဃာများ ကို အကြမ်းဖက်ဖြိုခွဲသည့် လုပ်ရပ်အတွက် ၎င်းကို ၀တ်ကြမ္မာပြန်လည်မည်ဖြစ်ကြောင်း မြန်မာပြည်သူ များကြားတွင် ကောလာဟလ ပြောဆိုမှုများလည်း ပျံ့နှံ့နေခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်သည်လည်း ပြီးခဲ့သည့် မေလ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် မဲထည့်သည့် ဓာတ်ပုံကို အစိုးရသတင်းစာများတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်း ဆက်လက် ဖော်ပြသည်ကို မတွေ့ရှိ ရသောကြောင့် ကျန်းမာရေး ဆိုးဝါးနေကြောင်း ကောလာဟလများလည်း ထွက်ပေါ်ခဲ့သည်။ [Top]
http://www.irrawaddy.org/bur/news2008/October/Oct_03e_08.html

No comments:

 
/* EOT ----------------------------------------- */