Saturday, October 11, 2008

မျိုးဆက်သစ်လူငယ်များအစည်းအရုံးက စစ်အစိုးရဆန့်ကျင်စာများ ဖြန့်ဝေ

အေးလဲ့ | အောက်တိုဘာ ၁၀၊ ၂၀၀၈

“စစ်အာဏာရှင်အဆုံးသတ်၂၀၀၈” ဟုရေးသားထားသော တလက်မခွဲပတ်လည်ရှိ စာရွက်ပိုင်းများကို မျိုးဆက်သစ်လူငယ် များအစည်းအရုံး (Generation Wave-GW) က ၎င်းတို့ဖွဲ့စည်းသည့် တနှစ်ပြည့်သည့်နေ့တွင် ဖြန့်ဝေခဲ့ကြောင်း GW အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက ဧရာဝတီကို ပြောသည်။

၎င်းစာရွက်များကို ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့များအပါအ၀င် ဧရာဝတီတိုင်းတွင် မအူပင်မြို့၊ ပဲခူးတိုင်းတွင် ပြည်နှင့် တောင်ငူမြို့၊ ရခိုင်ပြည်နယ်ရှိ တောင်ဂုတ်နှင့် ဂွမြို့တို့နှင့် အဝေးပြေးကားလမ်း၊ ရထားလမ်းများတွင် အဆိုပါစာရွက်ပေါင်း တသိန်းကျော်ဖြန့်ဝေခဲ့သည်ဟု ကိုမိုဃ်းသွေးက ပြောသည်။

“ဖြန့်ဝေရခြင်းရဲ့ ရည်ရွယ်ချက်က ဘယ်လောက်ပဲဖိနှိပ်ဖမ်းဆီးနေပါစေ၊ အာဏာရှင်ကို ရဲရဲဝံ့ဝံ့ဆန့်ကျင်နေတဲ့ လူငယ်တွေ ရှိတယ်။ လူထုဟာမျှော်လင့်ချက်မမဲ့ဘူး ... လူထုတွေ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်တယ်။ ပူးပေါင်းပါဝင်ကြဖို့လည်း တောင်းဆိုချင်တယ်” ဟု ကိုမိုဃ်းသွေးက ပြောသည်။

GW အဖွဲ့ကို လွန်ခဲ့သည့်နှစ် စက်တင်ဘာလကပေါ်ပေါက်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးအပြီး လူငယ်များ နိုးကြား တက်ကြွရန်ရည်ရွယ်ချက်ဖြင့် အောက်တိုဘာလ ၉ ရက်နေ့တွင်ဖွဲ့စည်းခဲ့သည်။

GW အဖွဲ့ဝင်များသည် လူငယ်များဖြစ်ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအပြင် စစ်အစိုးရကို ဆန့်ကျင်သည့် တေးသီချင်းများကိုလည်း အသံသွင်းဖြန့်ဝေခဲ့သည်။ ၎င်းလှုပ်ရှားမှုများကြောင့် GW အဖွဲ့ဝင် များကို စစ်အစိုးရက စုံစမ်း ဖော်ထုတ်ကာ ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

ထင်ရှားသည့် ရက်ပ်အဆိုတော် ကိုဇေယျာသော်သည် GW အဖွဲ့ကို စတင်တည်ထောင်ခဲ့သူတဦးဖြစ်ပြီး ၎င်းအား စစ်အစိုးရ က ဖမ်းဆီးထိမ်းသိန်းထားသည်။ ထို့အပြင် GW အဖွဲ့ဝင်များဖြစ်ကြသည့် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင်၊ ကိုကျော်ဦးနှင့် ကိုစောမောင်အပါအ၀င် ၁၀ ဦးကျော်ကို စစ်အစိုးရက မတရား ဖမ်းဆီး ထားသည်။

“ကျနော်တို့ ခေါင်းဆောင်တွေကိုဖမ်းရုံနဲ့ လှုပ်ရှားမှုဟာရပ်တန့်မသွားနိုင်ဘူး။ မျိုးဆက်သစ်တွေဆက်ပြီး တော်လှန်နေတယ်။ ရပ်ချင်ရင်လူငယ်အားလုံးဖမ်းမှပဲရမယ်” ဟုလည်း ကိုမိုဃ်းသွေးက ပြောသည်။ http://www.irrawaddy.org/bur/news2008/October/Oct_10a_08.html

No comments:

 
/* EOT ----------------------------------------- */