Wednesday, October 8, 2008

လျို့ဝှက်- နအဖ ပြည်ထဲရေးဝန်ကြီး၏ မိန့်ခွန်း ကောက်နုတ်ချက်များ

မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 08 2008 12:29 - မြန်မာစံတော်ချိန်

လျှို့ဝှက်မှတ်တမ်းတခု ဖြစ်သော်လည်း ပြင်ပသို့ ပေါက်ကြားမှု ဖြစ်ခဲ့သည့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ဌာနတွင်း မိန့်ခွန်းများမှ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအပေါ် သူ၏ အမြင်၊ မြန်မာနိုင်ငံတွင်း အတိုက်အခံများအပေါ် သဘောထား၊ ဝန်ကြီး၏ လုံးချာလိုက်နေသော တာဝန်ဝတ္တရားများ၊ စီးပွားရေး ပိတ်ဆို့မှု၊ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ အကြောင်းများအား ရွေးချယ်ကောက်နုတ်ကာ ဖော်ပြလိုက်ပါသည်။

ရှေ့တန်းရောက်လာတဲ့ ရဲ
စက်တင်ဘာ အရေးအခင်း နောက်ပိုင်း ဘာလုပ်သလဲဆိုလျှင် ဖြစ်လာသည့် Riot အားလုံးကို စစ်တပ်ဖြင့် နှိမ်နင်းခြင်းသည် International Law အရ တရားမဝင်ဟု ကမ္ဘာ့အသိုင်းအဝိုင်းက ထောက်လာခြင်း ဖြစ်ကြောင်း၊ International တွင် ယခင်က တပ်မတော်က အုပ်ချုပ်နေသည်မှာ ပါကစ္စတန်၊ ဆူဒန်၊ မြန်မာ စသည့် ၃ နိုင်ငံသာ ကျန်တော့သည့် အနေအထားမှ ယနေ့ အခြေအနေတွင် မြန်မာနိုင်ငံတခုသာ ကျန်တော့သည့် အနေအထားဖြစ်ကြောင်း၊ ထိုအနေအထား အခြေအနေတွင် Riot ကြောင့် နိုင်ငံတွင်းမှာ ဆူပူမှုအားလုံးကို တရားဥပဒေစိုးမိုးမှု လုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် တာဝန်ယူပြီး ရှင်းရမည်ဆိုသည့် အနေအထားကြောင့် ရဲတပ်ရင်းများကို ပြန်လည် ဖွဲ့စည်းရသည့် အနေအထားနှင့် လက်နက်များ ပြန်လည် တပ်ဆင်ခြင်း၊ လိုအပ်သည့် အကြမ်းဖက်ဆိုင်ရာ ပစ္စည်းများ၊ လက်နက်ခဲယမ်းများကအစ ပြင်ဆင်၍ စက်ပစ်ကွင်းသို့ မိမိကိုယ်တိုင် သွားရောက်ပြီး ပြင်ဆင် လုပ်ကိုင်ရသည့် အနေအထား ဖြစ်ကြောင်း။

နောက်အနာဂတ်
မကြာမီ ရောက်တော့မည့် ၂ နှစ်ကာလအတွင်းတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရသည့် အပိုင်းတွင် မိမိဝန်ကြီးဌာန အနေဖြင့် မိမိတို့ ရှေ့တန်းရောက်လာပြီဟု ပြော၍ရကြောင်း၊ ထို့အတူ တာဝန်ပိုင်းနှင့် ပတ်သက်ပြီး အရာရာသည် တရားဥပဒေ စိုးမိုးရေးအပိုင်းကို ရဲ၊ ထွေ/အုပ်တို့ဖြင့် ဖြေရှင်း၍၊ တရားဥပဒေကြောင်းအရ စီးပွားရေးအပိုင်းတွင် ရှင်းပြီး ဥပဒေလမ်းကြောင်းကို ရှေ့ကတင်ကာ လုပ်မည်ဆိုသည့် အနေအထား၊ အခြေအနေမျိုး ဖြစ်ကြောင်း။

အမျိုးသမီးတွေ မသိ
ဌာနကြီး ၄ ခုက လုပ်သည့် လုပ်ငန်းအားလုံးတို့သည် တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ညီရမည်ဖြစ်ကြောင်း၊ အစွန်းထွက်၍ မရသည်ကို ဌာနမှူးများက သိကြောင်း၊ ဌာနမှာရှိသည့် အမျိုးသမီးများက မသိကြောင်း။

လုံးချာလည်တဲ့ ဝန်ကြီးဘဝ
မိမိသည်ပင်လျှင် ရုံးခန်းထဲမှာနေပြီး တပတ်အတွင်း လုပ်ခဲ့သည့် လုပ်ငန်းတစ်ခုကို ပြန်ပြီး ပြောရလျှင် မနက် (၅) နာရီခွဲခန့်ထပြီး ဝင်လာသည့် စာများကို ပြတ်အောင် ရှင်းရကြောင်း၊ မြန်မာပြည်ကို တခုလုံး ဘာထူးသည်ကို ကြည့်ရကြောင်း၊ ပြီးလျှင် Briefing သွားလုပ်ရကြောင်း၊ ၁ နာရီခွဲ ၂ နာရီခန့်မှ ပြန်လာရကြောင်း၊ နေ့ခင်းပိုင်း Briefing ပြန်လုပ်ပြီး စာများ ရှင်းရကြောင်း၊ ထိုကြားထဲ အစည်းအဝေးခေါ်လျှင် သွားရကြောင်း၊ Cabinet တွင်လည်း ၁၂ နာရီခွဲ၊ ၁ နာရီ ပုံမှန်ဖြစ်နေကြောင်း။

နိုင်ငံတကာမှသည် မြန်မာ
ယနေ့ နိုင်ငံတကာ အခြေအနေ ဆက်ဆံမှု အားလုံးသည် ပြည်တွင်းသို့ ရောက်လာကြောင်း၊ ပြည်တွင်းမှာ လှုပ်ရှားဆက်ဆံမှု အားလုံးသည် နိုင်ငံရေးအရ လှုပ်ရှားမှု၊ စီးပွားရေးအရ လှုပ်ရှားမှု၊ လူမှုရေးအရ လှုပ်ရှားမှု၊ အုပ်ချုပ်ရေးအရ လှုပ်ရှားမှု၊ အားကစားရေးအရ လှုပ်ရှားမှု စသည့် လှုပ်ရှားမှုများ အားလုံးသည် ပြည်တွင်းကိုလာပြီး နိုင်ငံတကာ၏ Idea, Philosophy၊ နိုင်ငံတကာ၏ စွပ်စွဲချက်အားလုံးသည် ပြည်တွင်းသို့ ရောက်လာသည့်အခါ အရပ်သားအားလုံးသည် ထိုအတိုင်းစီ၍ လှုပ်ရှားလာကြခြင်း ဖြစ်ကြောင်း၊ အရပ်သားဟုဆိုရာတွင် သာမန် ယောက်ျား၊ မိန်းမ၊ ဘုန်းကြီး၊ မယ်သီလ၊ အလုပ်သမားများ ပါကြောင်း၊ မြန်မာနိုင်ငံတွင်း နေထိုင်ကြသည့် လူဦးရေ ၅၄ သန်းလုံးသည် ၎င်းကိုမှီပြီး လှုပ်ရှားလာသည့်အတွက်ကြောင့် နိုင်ငံတကာအခြေအနေ မည်သို့ရှိသည်ကို အကြမ်းဖျင်းသိရန် လိုအပ်ကြောင်း။

အမေရိကန်လား၊ တရုတ်လား
ယနေ့ကမ္ဘာကိုကြည့်လျှင် အမေရိကန် ကြီးစိုးရေးဝါဒသည် အမြဲတမ်း ရှိနေကြောင်း၊ ပေါင်းထားသည်မှာ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ် ဖြစ်လာသည့် အခြေအနေ ဖြစ်ကြောင်း၊ ယခင်က အမေရိကန်၊ အင်္ဂလိပ်၊ သြစတြီးယား ဦးစီးသည့် အနောက်အုပ်စု၊ ဂျာမဏီ စသည်ဖြင့် ဦးစီးခြင်းမျိုး ရှိနေသကဲ့သို့ EU ကလည်း သပ်သပ်ရှိကြောင်း၊ ယနေ့ EU သည် ထိုပုံစုံမျိုး မဟုတ်ဘဲ ၂၇ နိုင်ငံသည် ဥရောပတွင် Union ခေါ်သည့် ၂၇ နိုင်ငံမှ၎င်း သွားကပ်ကြောင်းကို နားလည်ရန် လိုအပ်ကြောင်း၊ ယနေ့ နိုင်ငံများကို ပြန်ကြည့်ပါက အမေရိကန် ဦးစီးသည့် အနောက်အုပ်စု၊ ရုရှအုပ်စု၊ ကျန်သည့် ၁၅ ပြည်နယ် အုပ်စု၊ ရုရှထဲက တပိုင်းကွဲပြီး NATO Series ထဲဝင်သွားပြီးတော့မှ EU ခေါ်သည့် အုပ်စုဆိုပြီး ဥရောပ Union နှင့် ပေါင်းသွားသည့် နိုင်ငံများ၊ အာဖရိကနိုင်ငံတွင်လည်း အာဖရိကယူနီယံဆိုပြီး တဖွဲ့ရှိကြောင်း၊ ထို့အပြင် အရှေ့အလယ်ပိုင်း အာရပ်များဖြစ်သော အနောက်ကုလား အုပ်စုတစုရှိကြောင်း၊ ဒီဘက်မှ ပြန်ကြည့်ပါက အန္ဒိယ၊ တရုတ်၊ ရုရှား၊ စသည့်ဖြင့် အုပ်စုတစုရှိကြောင်း၊ ဂျပန်သည် အမေရိကန် အုပ်စုဖြစ်ကြောင်း၊ ၎င်းတို့မှာ အုပ်စုအနေအထား အကြမ်းဖျင်းဖြစ်ကြောင်း၊ အမေရိကန် အုပ်စုအပြင် EU အုပ်စုက သွားပြီးပေါင်းနေသည့် အနေအထားဖြစ်ကြောင်း သူ့ဟာသူ ပေါင်းနေခြင်းသည် အကြောင်းမဟုတ်သော်လည်း မြန်မာနိုင်ငံသည် ပစ်မှတ်ဖြစ်နေကြောင်း။

တစ်အချက်သည် စစ်အစိုးရ အုပ်ချုပ်သည့် နိုင်ငံဖြစ်ခြင်းနှင့် မြန်မာသည် တွန်းလှည်းလေးကဲ့သို့ သူတို့အနေဖြင့် မြင်နေကြကြောင်း၊ Issue တင်လိုက်ပါက လူအားလုံးသည် စိတ်ဝင်စားနေကြကြောင်း၊ တနည်းအားဖြင့် မြန်မာနိုင်ငံကို အကြောင်းပြပြီး International မှာ လူများနိုင်ငံကို လုပ်စားလာကြသည့် အနေအထားဖြစ်ကြောင်း၊ အာဆီယံ၊ တရုတ်၊ အန္ဒိယတို့၏ အနေအထားတွင် တပိုင်းက ပြန်ကြည့်ပါက အမေရိကန်သည် အားကြီးလာသဖြင့် စီးပွားရေးအရ စစ်ရေးအရ အားကြီးလာသည့် နိုင်ငံဖြစ်သဖြင့် ယနေ့ အနေအထားအရ ရုရှားကလည်း သီးခြားမယှဉ်နိုင်၊ တရုတ်ကလည်း သီးခြားမယှဉ်နိုင်၊ ကုလားကလည်း သီးခြားမယှဉ်နိုင်ကြသည့် အနေအထားဖြစ်သဖြင့် အမေရိကန်ကို ယှဉ်ရန် ရုရှား၊ တရုတ်၊ အိန္ဒိယပေါင်းပြီး အမေရိကန်၏ လွှမ်းမိုးမှုကို ပြန်ပြီး ယှဉ်နိုင်အောင် လုပ်ရသည့်ကာလ ဖြစ်ကြောင်း။

အမေရိကန်အပိုင်းကို ပြန်ကြည့်ပါက ၎င်းသည် အမေရိကန်အုပ်စု၊ EU အုပ်စု၊ ဂျပန်အုပ်စု၊ ကိုရီးယားအုပ်စု စသည်ဖြင့် အမေရိကန် အုပ်စု ဖြစ်ကြကြောင်း၊ ပတ်ဝန်းကျင် ကြည့်သည့်အခါ အမေရိကန် ဘက်လိုက်သားများ ဖြစ်နေကြသည်ကို မြင်အောင် ကြည့်တတ်ဖို့ ဖြစ်ကြောင်း၊ နားလည်အောင် ပြန်ကြည့်လိုက်ပါက အာဆီယံ အုပ်စုထဲတွင် စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဒီဘက်က ကြားထဲက လွတ်နေတာက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံလောက်သာ မြန်မာနိုင်ငံနှင့် In Line ဖြစ်သည်ကို တွေ့ရမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်ကို ကပ်ရမှာဖြစ်ကြောင်း၊ တရုတ်ကို ကပ်ရသည့် အကြောင်းရင်းမှာ လက်ရှိ အစိုးရအနေဖြင့်လည်း တရုတ်က မျက်နှာသာပေးနေလို့၊ တရုတ်နှင့် ပေါင်းစည်းနေလို့ တရုတ်ကို Back ကစ လုပ်ပြီးတော့ ဝန်ကြီးကပြောသည်ဟု ခင်ဗျားတို့ စိတ်ထဲမှာ ထင်ကောင်းထင်ကြလိမ့်မည် ဖြစ်ကြောင်း၊ အမှန်မှာ မဟုတ်ကြောင်း။

လက်ရှိ ယနေ့ ကမ္ဘာတွင် တဦးတည်း ရပ်တည်၍ မရတော့ကြောင်း၊ တပိုင်းက လုပ်လာသည့် Plan ကို ပြန်ပြောရမည်ဆိုပါက အမေရိကန်သည် မြန်မာနိုင်ငံကို ထိန်းချုပ်ရန်အတွက် မြန်မာနိုင်ငံသည် ကမ္ဘာမှာ တနိုင်ငံတည်း ရပ်တည်၍ မရသည့်အတွက် ASEAN Group, EU Group၊ နောက် ရုရှား Group ဟိုဘက်က အမေရိကန် Group တွင် အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ စသည့် နိုင်ငံများပါကြောင်း၊ ထိုကဲ့သို့ အုပ်စုများကွဲနေကြရာ မြန်မာနိုင်ငံသည် မည်သည့်အတွက်ကြောင့် တရုတ်ကို ကပ်ရသနည်းဆိုသည်ကို အနည်းငယ် ရှင်းပြလိုကြောင်း၊ နိုင်ငံတနိုင်ငံသည် မည်မျှပင်ကြီးကြီး၊ မည်မျှပင်ငယ်ငယ်၊ မည်မျှပင် ချမ်းသာချမ်းသာ တိုက်ရိုက် ကျူးကျော်ချင်သလို ကျူးကျော်၍ မရကြောင်း၊ ၎င်းးကို မည်သို့ ချုပ်သည်ဆိုလျှင် ယနေ့ ကုလသမဂ္ဂနှင့် ကုစားရမည်ဖြစ်ကြောင်း၊္က္ဒ တွင် ၁၉၂ နိုင်ငံရှိရာ ထိုအထဲတွင် ကော်မတီအလိုက်၊ ကဏ္ဍအလိုက် လုံခြုံရေးကို ကိုင်သည့် UN လုံခြုံရေးကောင်စီ ရှိကြောင်း၊ လူမှုရေးကို ကိုင်သည့် ကောင်စီရှိကြောင်း၊ အလုပ်သမားကို ကိုင်သည့် ကောင်စီရှိကြောင်း၊ ပညာရေးကို ကိုင်သည့် UNESCO ရှိကြောင်း၊ တနည်းအားဖြင့် ပြောရလျှင် ယနေ့ International တွင် သုံးခုသာရှိကြောင်း၊ တစ်အချက်က နိုင်ငံရေးနှင့် လုံခြုံရေးကို ကိုင်သည့် Motion တခု၊ စီးပွားရေးကိုင်သည့် Motion တခု၊ လူမှုရေးကိုင်သည့် Motion တခု ရှိလာကြပြီဖြစ်ကြောင်း၊ ထိုကဲ့သို့ ကဏ္ဍ ၃ ရပ်နှင့် ကိုင်သည့်အပိုင်းတွင် အမေရိကန်သည် မြန်မာနိုင်ငံကို တိုက်ရိုက် တက်လာသည်မှာ ဘာလဲဆိုလျှင် လေ့လာသည့် လူများ သိလိမ့်မည် ဖြစ်ကြောင်း။

ထိုင်ဝမ်နှင့် တရုတ်
ထိုင်ဝမ်သည် အမေရိကန်ရေတပ် Base ထားပြီးလျှင် တရုတ်ကို ပိတ်ထားသည့် အနေအထား ဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်းသည် ယနေ့ တရုတ် ပြည်မကြီး၏ အနေအထားအရ နှစ်နိုင်ငံမရှိဘဲ One China ဖြစ်ရမည်ဟု မြန်မာကလည်း ထောက်ခံထားကြောင်း၊ ၎င်းက ပင်မသည်လည်း ထိုအရာပင် ဖြစ်ကြောင်း၊ ထို Issue သည် အမြဲရှိနေမည့် Issue ဖြစ်ကြောင်း၊ အမေရိကန် တပည့်များနောက် သူ့ဘေးကို ပြန်ကြည့်လျှင် ဂျပန်သည် အမေရိကန် ရေတပ် ခံထားကြောင်း၊ Pro အမေရိကန် ဖြစ်ကြောင်း၊ အမေရိကန်က ဖြူလျှင်ဖြူပြီး အမေရိကန်က မဲလျှင် မဲသည် ဆိုသည့် အနေအထားဖြစ်ကြောင်း၊ အောက်ဘက်ကို ပြန်ဆင်းလာလျှင် တရုတ်ပြည်နှင့် ဆက်နွယ်သည့် မြောက်ကိုရီးယား၊ တောင်ကိုရီးယား ရှိကြောင်း၊ တောင်ကိုရီးယားတွင် မြို့လယ်တွင် Base လုပ်ပြီး အမေရိကန်စခန်း ဌာနချုပ်ကြီး ဖွင့်ထားသည့် အခြေအနေဖြစ်ကြောင်း၊ ၎င်းနောက် ပြန်လည့်လျှင် စင်္ကာပူကို တွေ့ရမည်ဖြစ်ကြောင်း၊ စင်္ကာပူကလည်း အမေရိကန်၏ တပည့်ပင်ဖြစ်ကြောင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း စသည့် နိုင်ငံများအားလုံးသည် အမေရိကန်နှင့် ပတ်သက်ပြီး Base လုပ်ထားသည့် နိုင်ငံများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်သွားပြီဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်သည် အမေရိကန် ရေတပ်၏ ထောက်ပံ့မှု၊ အမေရိကန်၏ ပံ့ပိုးမှုဖြင့် နေလာသည့် နိုင်ငံဖြစ်ကြောင်း။

အိန္ဒိယဆိုတာနှင့် စီအိုင်အေ
ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံသည် လက်ဝဲလည်း မဟုတ်၊ လက်ယာလည်း မဟုတ်သည့် နိုင်ငံဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံ ဖြစ်သော်လည်း မည်သည့် NGO အဖွဲ့မှ မရှိကြောင်း၊ အိန္ဒိယပြီးလျှင် ပါကစ္စတန် နိုင်ငံသည်လည်း လုံးဝ အမေရိကန်တပည့် ဖြစ်ကြောင်း၊ အနုမြူလက်နက် ပိုင်ကြသည့် အနေအထား အခြေအနေမျိုး ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန် နိုင်ငံသည် စစ်ရေးကို အကြောင်းပြုပြီး အမေရိကန်ခြေကုပ် ရရှိသွားသည့် နိုင်ငံဖြစ်ကြောင်း၊ ထိုအနားတွင် ဆက်နေသည့် တိဘက်သည်လည်း တရုတ်က ခေါင်းဆောင် ဒလိုင်းလားမား ထွက်ပြေးသွားသည့် အတွက်ကြောင့် လက်ရှိတရုတ်က အုပ်ချုပ်မှု ယူထားပြီး အမေရိကန်က လက်ရှိ အမြဲတမ်း ထိုးဖောက်နေသည့် အနေအထားဖြစ်ကြောင်း၊ တရုတ်ကို ပတ်ထားသည့် မွန်ဂိုလီးယားတွင် ဆန္ဒပြမှု လက်ရှိဖြစ်နေပြီ ဖြစ်ကြောင်း၊ C.I.A ဝင်နေသည့် အနေအထား အခြေအနေမျိုး ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ China Containment Policy စီးပွားရေးအရ၊ နိုင်ငံရေးအရ တရုတ်ကို ထိန်းချုပ်ရမည် ဆိုသည့်အခါမှာ လွတ်ပေါက်သည် မြန်မာနိုင်ငံ တခုတည်းသာ ရှိကြောင်း၊ ထို့ကြောင့် Gas ဝယ်ယူနေခြင်းများမှာလည်း အလကားဝယ်နေခြင်း မဟုတ်ကြောင်း။

မိမိတို့ဘက်ကို ယူနန်-မန္တလေး၊ အိန္ဒိယကို ဖောက်မည်၊ ကျောက်ထုဆိပ်ကမ်းကို ဖောက်မည်ဆိုသည့် ကိစ္စများမှာ ထိုပင်လယ် ထွက်ပေါက်ကို လာနေကြသည့် အနေအထားဖြစ်ကြောင်း၊ ထိုင်းကနေ ဖောက်ပြီးလျှင် ထားဝယ်ရေတပ် ဆိပ်ကမ်းကို ဖောက်ရန်အတွက် ဆင်ဖြူတိုင်၊ မင်းသမီးကို ဖောက်ပြီး ဆိပ်ကမ်းကြီး လုပ်ရန်အတွက် သဘောတူလိုက်ပြီ ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ ပင်လယ်ထွက်ပေါက်ရှိနေခြင်း၊ သဘာဝဓာတ်ငွေ့ ထွက်နေခြင်းများသည် ၎င်းတို့အတွက် ပစ်မှတ်ဖြစ်ကြောင်း၊ လောင်စာဆီက အမေရိကန်ကြောင့် ယနေ့အချိန်တွင် လောင်စာဆီ Crisis ဖြစ်ကြသည့် အနေအထားဖြစ်ကြောင်း၊ လောင်စာဆီ Crisis ဖြစ်နေခြင်းမှာ အမေရိကန်ကြောင့် ဖြစ်နေခြင်း ဖြစ်ကြောင်း။

အာရှ အရှေ့အလယ်ပိုင်းက အိုပက်တို့ မည်မျှပင်ထွက်ထွက် ရေနံနှင့် ပတ်သက်လာလျှင် ရေနံကို ရှာသည်မှာလည်း အမေရိကန်ပင် ဖြစ်ကြောင်း၊ ရေနံထုတ်ခြင်းနှင့် ချက်ခြင်းမှာလည်း အမေရိကန် ကုမ္ပဏီများမှပင် ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ ရောင်းသည့် ကုမ္ပဏီများ အားလုံးသည် အမေရိကန် ကုမ္ပဏီများက ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း၊ ရှင်းရှင်းပြောရလျှင် ၎င်းတို့ ဈေးကစားနေခြင်းဖြစ်ကြောင်း၊ ထို Crisis ကိုယူပြီး နိုင်ငံရေး စီးပွားရေး လူမှုရေးကိုပါ အဖွဲ့ဖွဲ့ပြီးမှ လုပ်နေကြသည့် အနေအထားဖြစ်ကြောင်း၊ ယနေ့ အမေရိကန် ကျင့်သုံးနေသည်မှာ ဘာလဲဆိုလျှင် Humanitarian သည် လူတဦးချင်းကို ပြောခြင်းဖြစ်ကြောင်း၊ လူတဦးချင်းကို ၎င်းတို့၏ သဘောထားနှင့် ပြောသည့်အခါမှာ လူ့အခွင့်အရေးကို ရှေ့တန်းတင်ရန်အတွက် လုပ်လာသည့် ကာလမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုသည် အဓိကမှာ နိုင်ငံတကာမှာ ရှိနေသည့် ၎င်းတို့မကြိုက်သည့် အစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်း၊ တရားဝင် မြှောက်ပေး၍ ရအောင် လုပ်ထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း။

စီးပွားရေးပိတ်ဆို့မှု
အမေရိကန်က သတ်မှတ်သည့် ဥပဒေက မိမိတို့ နိုင်ငံခြားမသွားရ၊ ဘဏ်များတွင် ဒေါ်လာမရှိ၊ Section မရှိ၊ ဒေါ်လာဖြတ်ပိုင်ခွင့်မရှိ၊ စီးပွားရေးနှင့် ပတ်သက်၍ သွင်းကုန်ထုတ်ကုန်များ ပိတ်ကြောင်း၊ မည်မျှပိတ်ပိတ်၊ ၎င်းနိုင်ငံတခု၏ ဥပဒေနှင့် လုပ်တာဖြစ်ကြောင်း၊ မိမိတို့ မလိုက်နာ၍ ရကြောင်း၊ ဒေါ်လာဖြတ်ပိုင်ခွင့် မရှိကြောင်း၊ စီးပွားရေးနှင့် ပတ်သက်၍ သွင်းကုန်၊ ထုတ်ကုန်များ ပိတ်တာတွေ ရှိကြောင်း၊ မည်မျှပိတ်ပိတ် ၎င်းနိုင်ငံ၏ ဥပဒေနှင့် လုပ်တာဖြစ်ကြောင်း၊ မိမိတို့ မလိုက်နာ၍ ရကြောင်း၊ သို့သော် UN ကို ၎င်း ၂ ခု Issue တင်သည့် အချိန်မှာ တပိုင်းက လုံခြုံရေးကောင်စီမှာ လေ့လာသူများ သိလိမ့်မည်ဖြစ်ကြောင်း၊ Presidential Statement လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံရှိကြောင်း။

ကျန်သည့် ၁ဝ နိုင်ငံသည် နိုင်ငံ သေးသေး-ကြီးကြီး ၁၉၂ အနုတ် ၅ ထဲက နိုင်ငံများသည် အလှည့်ကျ၊ အနှစ် ၅ဝ ကို တကြိမ် ပါဝင်နိုင်အောင် သက်တမ်း ၂ နှစ်ရှိသည့် အမြဲတမ်းမဟုတ်၊ ၎င်းတို့က အမြဲတမ်း ၅ နိုင်ငံ။ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ရုရှား၊ တရုတ် ဟူ၍ရှိကြောင်း၊ အမြဲတမ်း မဟုတ်တဲ့နိုင်ငံ ၁ဝ နိုင်ငံရှိကြောင်း၊ ၎င်း ၁၅ နိုင်ငံတို့သည် ဥက္ကဋ္ဌ တစ်လ တာဝန်ယူရကြောင်း၊ ၎င်း တစ်လ Timing ယူပြီးမှ အဆိုတင်ရကြောင်း၊ လူ့အခွင့်အရေးကောင်စီ၊ ILO/ UNESCO တို့နှင့် ချိတ်ပြီး သွင်းကြောင်း၊ Presidential Statement သည် ယခု နှစ်ကြိမ်ထုတ်ပြီးကြောင်း၊ Presidential Statement သည် Non Binding သည် ဘာမျှမလုပ်လည်း ရကြောင်း ပုံစံအားဖြင့် ရှိကြောင်း၊ ၎င်းတွင် တိုက်တွန်းချက်၊ နှိုးဆော်ချက်၊ သတိပေးချက်များရှိကြောင်း။

သိုးမည်းလေးနှင့် ယူအန်
ယခုလုပ်နေသည်မှာ မပြင်းထန်သော်လည်း နောက်တွင် မြန်မာကို သိုးမည်းလေးတကောင်လို လုပ်ရန် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံမှာ UN ၏ အားကိုးယူ၍ လုပ်တော့မည့် အနေအထားဖြစ်ကြောင်း၊ မိမိတို့သွားမည့် Seven Step သည် ၂ဝ၁ဝ နှစ်စမှာ ဖြစ်ကြောင်း၊ တနှစ်ခွဲခန့် အချိန်သာကျန်တော့ကြောင်း၊ ၎င်းအချိန်အတွင်း အရပ်သားအစိုးရကို အာဏာလွဲရမည် ဖြစ်ကြောင်း၊ UN Site နှင့်လာပြီး ၎င်းကိစ္စကို လုပ်ကိုလုပ်တော့မည့် အနေအထား အခြေအနေမျိုး ကြုံနေရပြီး ဖြစ်ကြောင်း၊ International ပတ်သက်၍ ယနေ့ လုပ်ကြမည်ဆိုတာ မည်သို့ဖြစ်မလဲဟု ပြောကြရရင် နိုင်ငံတော်အစိုးရမှာလည်း အကြပ်အတည်း ဆိုသည်မှာရှိကြောင်း၊ မိမိတို့သည် ယနေ့ လုပ်နေကြသည့် ရည်မှန်းချက်မှာ မီးစင်ကြည့် ကကြရမည် ဖြစ်ကြောင်း၊ သို့သော် မိမိတို့၏ မူကိုတော့ မပြောင်းနိုင်ကြောင်း။

အန်ဂျီအိုအပေါ် ဒီလို သဘောထားတယ်
ယနေ့ မြန်မာနိုင်ငံတွင် NGO အဖွဲ့ စုစုပေါင်း အားလုံး ၄၂ ဖွဲ့ခန့် ရှိကြောင်း၊ မည်သည့် ပစ္စည်းများကို သုံးမှန်း မသိကြောင်း၊ ထိုပစ္စည်းများ သွင်းလာသည့်အခါ မည်သူမျှ မသိလိုက်ကြောင်း၊ လင်ခရုဇာကဲ့သို့ ကား ၆ စီး ပါလာကြောင်း၊ မည်သည်က ရသည့် ငွေဖြင့် သွင်းမှန်းလည်း မသိကြောင်း၊ ပိုဆိုးသည်မှာ နိုင်ငံတကာမှာ ဆက်သွယ်ရန်အတွက် ဆက်သွယ်ရေး ပစ္စည်းများ သုံးလာကြောင်း၊ ဆက်သွယ်ရေးပစ္စည်း ဆိုသည်ကို အသိမခံကြောင်း၊ TC ဖြတ်ရမည် ဖြစ်ကြောင်း၊ TC ဆိုသည်မှာ နိုင်ငံတော် အစိုးရက ခွင့်ပြုမှသာ ဖြတ်ရမှာဖြစ်ကြောင်း၊ ကားများ၊ ဆက်သွယ်ရေးပစ္စည်းများ ပါလာကြောင်း၊ အကုန်လုံးသိမ်းသည့်အခါ မပေးဘဲ အကုန် ပြန်ယူသွားကြကြောင်း၊ Diploma ဆိုသည့် လူများသည် နိုင်ငံတော်အနေဖြင့် တာပေါ်လင်လိပ်များ သွင်းရန် လုပ်သည့်အခါ TC မတင်သည်များလည်း ရှိကြောင်း၊ တင်သည်များလည်း ရှိကြောင်း၊ လာသည့် ပစ္စည်းများအားလုံးကို ကိုယ့်သဘောနှင့်ကိုယ် ထုတ်သွားပြီး ဝေသည်များလည်း ရှိကြောင်း၊ အပြင်သို့ ရောင်းစားသည်များလည်း ရှိကြောင်း၊ ထိုကဲ့သို့ ရောင်းစားသည်များကို အစိုးရရောင်းစားသည်ဟု လေသံဖြင့် စပြီး ပစ်ထိုးလိုက်ကြောင်း။

တကယ်တမ်း လက်ရှိ နောက်ဆုံး အခြေအနေမှာ မိမိတို့သည် ပြည်တွင်း ဆန်လုံလောက်ကြောင်း၊ မိမိစာရင်းအရ အောက်မှ တက်သည့် စာရင်းအရ လူဦးရေ ၆၁၆၉၉ ဦး လူဦးရေ ၆ သောင်းကျော်ကို နိုင်ငံတော်အစိုးရက နေ့စဉ် ဆန်ကျွေးနေကြောင်း၊ ထိုကိစ္စများကို ၎င်းတို့ အသိအမှတ် မပြုကြောင်း၊ Instant Food များ၊ ဘီစကွပ်များ မပေးရန်နှင့် သောက်ရေသန့်များ လုံလောက်ပြီဆိုသော်လည်း မရကြောင်း၊ လိုချင်သည့် အိမ်ဆောက်ပစ္စည်းများ ပေးပါ ဆိုသည့်အခါမှာ မည်သူမျှ မလာကြောင်း၊ အားလုံးသည် ၎င်းတို့ NGO နှင့် သူ့သဘောနှင့် သူ သုံးပြီး စာရင်းပြသွားသည့် သဘောဖြစ်ကြောင်း၊ တကယ် လိုအပ်နေသည်ကို နိုင်ငံတော်အစိုးရမှ အိမ်ဆောက်ပစ္စည်း လိုသည်ဆိုသည့်အခါ တာပေါ်လင်များသာ ပေးကြောင်း ပြောကြားသွားသည်။

ကေအင်ယူဆိုတာ
KNU ကို တပ်မတော်ဖွဲ့ပါက အချိန်မရွေး ရှိနိုင်သည့် အနေအထားဖြစ်ကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံကို ခိုးပြီး ဆွဲထားပြီး ဖြစ်ကြောင်း၊ တရားဝင်ကြေငြာပြီး ဖက်ဒရယ်မူကြီး ထုတ်ပြီး အင်တာနက်က တင်ထားသည့် ဖက်ဒရယ်မူကို ဆွဲထားပြီး ဖြစ်ကြောင်း၊ အဝေးရောက် အစိုးရဆိုပြီး ပြည်ပြေးစိန်ဝင်းတို့ အဖွဲ့နှင့် ဆွဲထားခြင်းရှိကြောင်း၊ သူတို့တွင် မရှိသည်မှာ နယ်မြေတခုသာဖြစ်ကြောင်း၊ ၎င်းတို့၏ စစ်ရေး အင်အားတက်အောင် လုပ်နေခြင်း ဖြစ်ကြောင်း။

ပြည်ထဲရေးပိုင် ထောက်လှမ်းရေး
မိမိတို့ သတင်းကို တင်လျှင်လည်း မှန်သလား၊ မှားသလား ဘေးမှ စရဖ (စစ်ဘက်ဆိုင်ရာ လုံခြုံရေးဌာန) က ကြည့်နေကြောင်း၊ ကြံ့ခိုင်ရေးလည်းရှိကြောင်း၊ ထို့ကြောင့် ဘာလုပ်လုပ် မလွတ်နိုင်ကြောင်း၊ ဘေးမှ စောင့်ကြည့်နေသည်ဟူသော စကားတခွန်းကို မှာလိုက်လိုကြောင်း၊ ထို့အပြင် ထောက်လှမ်းရေး Source ၄ ခုအပြင် ကုန်သည်ပွဲစား အားလုံးသည်လည်း မကင်းရာ မကင်းကြောင်းများ ရှိနေကြမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရာ ဆက်သွယ်ကြောင်းများ ရှိနေကြမည်ဖြစ်ကြောင်း၊ Cover ယူရာယူကြောင်းများ ရှိနေကြမည်ဖြစ်ကြောင်း၊ ထိုမှ သတင်းများလည်းပေး နေကြမည်ဖြစ်ကြောင်း။

အန်အယ်လ်ဒီဆိုတာ
ပြည်တွင်းမှာ ဖြစ်ပေါ်နေသည့် အနေအထား အခြေအနေ ထပ်ပြီး ပြောရလျှင် လက်ရှိ လုပ်ပေးနေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံဘူးဟု ဆန့်ကျင်ဘက် နိုင်ငံရေးပါတီ ဖြစ်သည့် NLD က ကိုင်စွဲနေခြင်း ဖြစ်ကြောင်း၊ NLD ကို ကြောက်စရာ မရှိသော်လည်း ၎င်းတို့ နောက်ကွယ်တွင် အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ် သံရုံး ၃ ရုံးရှိကြောင်း၊ သင်တန်းများ ပေးခြင်း၊ ငွေများ ထောက်ပံ့ခြင်း၊ လိုချင်သည့် သတင်းများပေးခြင်း၊ UN နှင့် ဆက်သွယ်၍ရအောင် လုပ်ပေးနေကြောင်း၊ ထို့ကြောင့် ၎င်းတို့သည် စင်ပြိုင်ပါတီ ထောင်ရန်နှင့် ၁၉၉ဝ ခုနှစ် ဥပဒေကို လက်ရှိ စည်းမျဉ်းနှင့်အညီ ပါတီထောင်မည်ဆိုသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနှင့်အညီ ပါတီထောင်မည် ဆိုသည်က တအုပ်စု၊ ၁၉၉ဝ ခုနှစ် ၎င်းတို့ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားပြီး မြွေမသေ ဒုတ်မကျိုး၊ ဆန့်ကျင်ဘက်အတိုင်း ရပ်တည်မည့် အုပ်စုက တအုပ်စု၊ ဘာမှ မဆက်သွယ်ဘဲ အမြဲတမ်း တသက်လုံး Anti လုပ်မည့်သူက တအုပ်စု၊ ဘာများဖြစ်လာမည် ဆိုသည်ကို နောက်တနှစ်ခွဲပဲ ကျန်ကြောင်း၊ နိုင်ငံရေးသမားသက်သက် အစိုးရဖြစ်လာမည့် အချိန်မှာ မကြိုက်သူများကို ဖြုတ်မည်ဖြစ်ကြောင်း၊ မကြိုက်သည့်သူ အနားပေးမည် ဖြစ်ကြောင်း။

http://www.mizzimaburmese.com/songpa/1794-2008-10-08-06-16-16.html

No comments:

 
/* EOT ----------------------------------------- */