Wednesday, October 8, 2008

ကုန်ဈေးနှုန်း ကျဆင်းရေး ဦးဆောင်ဆန္ဒပြခဲ့သူ ကိုထင်ကျော်အား စွဲဆိုထားသည့် ပုဒ်မကို ပြောင်းလဲစွဲဆို

ဖနိဒါ အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 20:15 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကုန်ဈေးနှုန်း ကျဆင်းရေး ဦးဆောင်ဆန္ဒပြခဲ့သူ ကိုထင်ကျော်အား စွဲဆိုထားသည့် ပုဒ်မကို အာဏာပိုင်များက ယခုလဆန်းပိုင်းတွင် ပြောင်းလဲစွဲဆိုလိုက်သည်။

ယမန်နှစ် သြဂုတ်လက လောင်စာဆီဈေးကျဆင်းရေး ဆန္ဒပြပွဲများ ကျင်းပရန် လှုံ့ဆော်ခဲ့သူ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့မှ ကိုထင်ကျော်အား ယခုလ ၂ ရက်နေ့က ရုံးထုတ်ရာတွင် နိုင်ငံတော် လုံခြုံမှုကို ထိခိုက်ရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) ဖြင့် ပြောင်းလဲစွဲဆိုလိုက်ခြင်းဖြစ်သည်။

"တရားသူကြီးက အမိန့်က ချတယ်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးရဲ့ အမိန့်နဲ့ ချထားတယ်။ သူ့ကို စွဲထားတဲ့ ပုဒ်မတွေကို ဖြုတ်လိုက်ပြီးတော့ ၅၀၅(ခ)အမှုကို ပြောင်းလဲ လိုက်တယ်ဆိုတာ စာကို ဖတ်ပြတယ်" ဟု မနေ့က ထောင်ဝင်စာသွားခဲ့သည့် ကိုထင်ကျော်၏ လုပ်ဖော်ကိုင်ဘက်ဖြစ်သူ ကိုသိန်းအောင်မြင့်က ပြောသည်။

ယခင်က မြို့နယ် ၃ ခုတွင် တမှုစီ စွဲဆိုထားသော နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) တို့်ကို နိုင်ငံတော် လုံခြုံမှုကို ထိခိုက်ရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) သို့ ပြောင်းလဲကြောင်း တရားသူကြီးများမှ ပြည်ထဲရေး ၀န်ကြီးပေးပို့ခဲ့သည့် အမိန့်စာကို ဖတ်ပြခဲ့သည်။

ကိုထင်ကျော်သည် ရုံးထုတ်လာစဉ် တရားရုံးတော်သို့ မတက်ရောက်ဟု ငြင်းဆန်သော်လည်း ထောင်အာဏာပိုင်များမှ အတင်းခေါ်ထုတ်လာရာတွင် တရားသူကြီးအား လေးစားသောအားဖြင့် အမိန့်စာကို နားထောင်ခဲ့သည်ဟု ကိုသိန်းအောင်မြင့်က ပြောသည်။

၂ဝဝ၇ ခုနှစ် မတ်လ ၂၂ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၌ ဘုန်းကြီးဝတ်ခွင့် ဆန္ဒပြမှု၊ ဧပြီလ ၂၂ ရက်နေ့က သင်္ကန်းကျွန်းမြို့နယ် စံပြဈေးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှု၊ သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန် သိမ်ကြီးဈေးတွင် ဆန္ဒပြမှု စသည့် အမှုတမှုစီအတွက် အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် သူ့အား တရားစွဲဆိုထားခြင်း ဖြစ်သည်။

အမှုများကို အနောက်ပိုင်းခရိုင် တရားရုံးက တာဝန်ယူ စစ်ဆေးနေရာ ပန်းပဲတန်းမြို့နယ် ဆန္ဒပြမှုနှင့် ပတ်သက်ပြီး တမှုကိုသာ စစ်ဆေးပြီးခဲ့သေးကြောင်း ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။

ကိုထင်ကျော်က ယနေ့ တရားဥပဒေ စိုးမိုးရေးသည် တရားရုံး၏ ဆုံးဖြတ်ချက်ပေါ်မရှိဘဲနှင့် ပြည်ထဲရေး ၀န်ကြီး၏ လက်အောက်တွင်သာ ရှိနေသည်မှာ သိသာထင်ရှားကြောင်းနှင့် သူ့အနေဖြင့် တရားရုံးအား ကန့်ကွက်ရခြင်းသည် တကမ္ဘာလုံးသို့ သိစေရန် သက်သေပြလိုက်ခြင်းဖြစ်ကြောင်း ရုံးတော်သို့ ပြောဆိုခဲ့သည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် သူက လိုက်ပါဆောက်ရွက်နေသည့် ရှေ့နေနှင့် တွေ့ခွင့်ပေးရန်၊ သူ့အား ဖမ်းဆီးခဲ့သည့် အထူးရဲသတင်းတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့နှင့် တွေ့ခွင့်ပေးရန်၊ မိသားစုဝင်များနှင့် တွေ့ခွင့်ပေးရန်နှင့် သူ့ကို တရားစွဲဆိုမည်ဆိုလျှင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အတွက် သူ့အား အာဆီယံတွင် ချမှတ်ထားသည့် ဥပဒေအတိုင်း ဆောက်ရွက်ပေးရန်တို့ တောင်းဆိုခဲ့သည်။

သူ၏ရှေ့နေ ဦးအောင်သိန်းက ဒဒအန်ကယ်တို့ မသိရတော့ဘူး။ ပြည်ထဲရေးက ၁၂၄ ကို ပြန်ရုပ်သိမ်းလိုက်ပြီဆိုတော့ အမှုကတော့ ပြတ်သွားတာပဲ။ အန်ကယ်နဲ့ အဆက်ပြတ်သွားပြီဆိုတော့ ဘာမှ မသိတော့ဘူး။ စက်တင်ဘာလ ပထမပတ်ကနေ ရုံးထုတ်တာ၊ ၀င်လို့မရတော့ဘူး" ဟု ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် မြန်မာစစ်အစိုးရက လောင်စာဆီဈေးနှုန်း အဆမတန် တိုးမြှင့်သည့်အပေါ် ဈေးနှုန်းပြန်ချပေးရန် သြဂုတ်လ ၂၂ ရက်တွင် အများပြည်သူက တောင်းဆိုဆန္ဒပြရန် ကိုထင်ကျော်က တိုက်တွန်းနှိုးဆော်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့တွင် သူကိုယ်တိုင်လည်း ရန်ကုန် သိမ်ကြီးဈေးရှေ့တွင် ဆန္ဒပြသဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

သူက အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြခဲ့သလို အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများ လမ်းလျှောက်ခွင့် ရရေးအတွက်လည်း ဆန္ဒပြရာ၌ တတိယအကြိမ်တွင် တိုက်ပိတ်ခံခဲ့သည်။

ထို့အပြင် မိသားစုဝင်နှင့် ရှေ့နေများနှင့် တွေ့ခွင့် မရသလို၊ မည်သည့်နေ့တွင် ထပ်မံ ရုံးချိန်းသည်ကိုပင် မသိရှိရပေ။http://www.mizzimaburmese.com/news/inside-burma/1790-2008-10-07-13-58-18.html

No comments:

 
/* EOT ----------------------------------------- */