Tuesday, September 30, 2008

စစ်အစိုးရက မြန်မာသမိုင်းအဖွဲ့ဥပဒေကို ပြင်ဆင် ပြဌာန်း

ကိုစိုး | စက်တင်ဘာ ၂၉၊ ၂၀၀၈

စစ်အစိုးရက မြန်မာသမိုင်းအဖွဲ့ကို ပညာရေး ၀န်ကြီးဌာန လက်အောက်မှ ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်သို့ ပြောင်းလဲလိုက်သည့် ဥပဒေ ပြင်ဆင်ချက်ကို လွန်ခဲ့သည့် အပတ် စက်တင်ဘာ ၂၅ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ မြန်မာသမိုင်းအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ကြေညာချက်အား စက်တင်ဘာ ၂၄ ရက်စွဲဖြင့် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် လက်မှတ် ထိုး၍ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းမြန်မာသမိုင်းအဖွဲ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သိလိုသည့် ရှေးခေတ်မြန်မာမင်းများ၏ အုပ်ချုပ်ပုံနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ရှာဖွေဖော်ထုတ်ပေးရသည်ဟု သမိုင်းပညာရှင်များက ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူ့ကိုယ်သူ ရှင်ဘုရင် တံပါးကဲ့သို့ မှတ်ယူကျင့်သုံးနေကာ ၎င်း၏ အိမ်သို့ သွားရောက်လည် ပတ်သူများကိုလည်း အဆင့်နိမ့်ရာတွင် နေရာထိုင်ခင်းပေးသည့် ဆက်ဆံမှုများရှိကြောင်း မန္တလေး တက္ကသိုလ် သမိုင်း ပါမောက္ခ ဟောင်းတဦးက ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကိုယ်သူ ဘုရင်လို့ ထင်နေတာ၊ ဒါကြောင့် ရှေးခေတ်ရှင်ဘုရင်တွေ ကျင့်ကြံ နေထိုင် ပုံတွေကို သိချင်နေတာဖြစ်မှာပေါ့”ဟု ၎င်း က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၂ ခု ဧပြီလ ၂၃ ရက် ခန့်က စတင်၍ စစ်အစိုးရ အဖွဲ့ဝင်များအတွင်း သူ့ကိုယ်သူ အဆင့် အမြင့်ဆုံး ပုဂ္ဂိုလ်တဦးအဖြစ် ကျင့်ကြံနေထိုင်ခဲ့ကြောင်းလည်း သိရသည်။

၁၉၈၈ ခု နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် သမိုင်းအမှန် ပြန်လည်ပြုစုရေးအတွက် ဟု ဆိုကာ စစ်အစိုးရက သမိုင်းကော်မတီ တရပ်ကိုလည်း ဖွဲ့စည်းခဲ့သေးသည်။

“ဒါဟာ စစ်အာဏာရှင်က သမိုင်းအမှန်ကို ဖုံးကွယ်ပြီး တိုင်းပြည်ကို လိမ်ဖို့ ကြိုးစားတာပဲ၊ သူတို့က စစ်တပ်ကို တိုင်းပြည်ရဲ့ စံပြပုံစံမျိုးလုပ်ချင်နေတာ”ဟု တခြားသော မြန်မာ သမိုင်းပညာရှင်တဦးကလည်း ပြောဆိုသည်။

မြန်မာသမိုင်းအဖွဲ့အား ၀န်ကြီးချုပ်ဟောင်း ဦးနု၏လက်ထက် ၁၉၅၅ ခုနှစ်တွင် မြန်မာသမိုင်းဆိုင်ရာ အချက် အလက် များကို စနစ်တကျပြုစုရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့ကို ၀န်ကြီးချုပ်ရုံးမှ တိုက်ရိုက် ကြီးကြပ် ကြောင်း သိရသည်။

၁၉၆၂ - ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်၌ မြန်မာသမိုင်းအဖွဲ့သည် ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်တွင်ရှိခဲ့သော်လည်း ၁၉၈၅ ခုနှစ်၌ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ် များ သမိုင်းသုတေသန ဦးစီးဌာနနှင့်တွဲဖက်ကာ ပြောင်းလဲထားခဲ့ခြင်းဖြစ်သည်။
မြန်မာသမိုင်း အဖွဲ့ဝင်များဖြစ်သော စစ်အာဏာရှင် သမ္မတဟောင်း ဦးနေ၀င်း၏ ဇနီး ဒေါ်နီနီမြင့်၊ ရန်ကုန် တက္ကသိုလ် သမိုင်းပါမောက္ခဟောင်း ဦးထွန်းအောင်ချိန်နှင့် ရန်ကုန် နိုင်ငံခြားဘာသာသင် တက္ကသိုလ်မှ ဦးစိုင်းအောင်ထွန်းတို့အပါအ၀င် အဖွဲ့ဝင် ၁၄ ဦး ကို စစ်အစိုးရက ထုတ်ပယ်လိုက်ကြောင်း ရန်ကုန် တက္ကသိုလ် သမိုင်းဌာနမှ တဆင့် သိရသည်။
http://www.irrawaddymedia.com/bur/news2008/September/Sep_29b_08.html

No comments:

 
/* EOT ----------------------------------------- */