Sunday, September 21, 2008

မြန်မာနိုင်ငံကိစ္စ ကုလကိုယ်စားလှယ် စိစစ်ရေး ကော်မတီ ဆုံးဖြတ်မည်

ဆော်လမွန် စနေနေ့၊ စက်တင်ဘာလ 20 2008 20:37 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကုလသမဂ္ဂတွင် မြန်မာစစ်အစိုးရက အဖွဲ့ဝင်အဖြစ် ပါဝင်နေမှုကို စိန်ခေါ်ထားသည့် တင်ပြချက်သည် ဤကမ္ဘာ့ အဖွဲ့အစည်းကြီး၏ အကြီးအကဲက အထွေထွေ ညီလာခံသို့ ဆက်လက် ပေးပို့လိုက်ပြီ ဖြစ်သဖြင့် ချောမောစွာ ရှေ့တဆင့် တက်သွားပြီ ဖြစ်ကြောင်းဖြင့် ပြည်ပရောက် မြန်မာ့ အတိုက်အခံ အုပ်စုများက ပြောကြားလိုက်ပါသည်။
"ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ကျနော်တို့ ပန်ကြားလွှာကို သူ့စာနဲ့အတူ အထွေထွေ ညီလာခံကို လက်ခံဘို့ ဆက်လက် ပေးပို့လိုက်ပါပြီ။ ဘာကန့်ကွက်မှုမှ မရှိပါဘူး၊ ဒါကြောင့် ပထမအဆင့်တော့ အောင်မြင်ပါပြီ" ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ဦးမျိုးဝင်းက ပြောဆိုသွားပါသည်။ NCUB သည် ဤလှုပ်ရှားမှုကို ဦးဆောင်နေသည့် မြန်မာ အတိုက်အခံတို့၏ ထီးရိပ်အဖွဲ့အစည်း တခု ဖြစ်ပါသည်။

"ကျနော်တို့ ပန်ကြားချက်ကို အထွေထွေ ညီလာခံက လက်ခံလိုက်ပါပြီ။ ဒါကို ကိုယ်စားလှယ် စိစစ်ရေး ကော်မတီက ဆွေးနွေးပါလိမ့်မယ်" ဟု သူက ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ပြည်ပရောက် မြန်မာအတိုက်အခံ အဖွဲ့အစည်းများ ဖြစ်ကြသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၊ ပါလီမန် အမတ်များအဖွဲ့ (MPU) ၊ နှင့် အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ သာသနာ့မောလိ (IBMO) တို့က မြန်မာ စစ်အစိုးရ၏ ကိုယ်စားလှယ်ဖြစ်မှုကို စိန်ခေါ်သည့် ပန်ကြားချက် တရပ်ကို ကုလသမဂ္ဂသို့ စက်တင်ဘာ ၉ ရက်နေ့က တင်သွင်းခဲ့ကြပါသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က စတင် ကျင်းပသည့် ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံက အဖွဲ့ဝင် ၉ ဦး ပါ ကိုယ်စားလှယ် စိစစ်ရေး ကော်မတီကို အဖွင့်နေ့တွင် ဖွဲ့စည်း တာဝန်ပေးလိုက်ရာ ထိုကော်မတီတွင် ဘော့ဆွာနာ၊ တရုပ်၊ ဆိုက်ပရပ်၊ အမေရိကန်၊ ရုရှ၊ လူဇင်းဘာ့ခ်၊ မက္ကဆီကို၊ မိုဇမ်းဘစ်၊ စိန့်ကစ်၊ နှင့် နီဗစ်စ် တို့ ပါဝင်ကြပါသည်။

ဤတင်ပြချက်အပေါ် ဆုံးဖြတ်ချက် မချမီ အဆိုပါ ကော်မတီက ဤစိန်ခေါ်သည့် ပန်ကြားလွှာကို သုံးသပ် ဆွေးနွေးကြမည် ဖြစ်ပြီး ကော်မတီက ဆက်လက် ပေးပို့ရန် ဆုံးဖြတ်မှသာ အထွေထွေ ညီလာခံက အပြီးသတ် အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

"ကိုယ်စားလှယ်စိစစ်ရေး ကော်မတီမှာပါတဲ့ နိုင်ငံတချို့က လွဲရင် အဖွဲ့ဝင်အများစုက ကျနော်တို့အပေါ် သွေးစည်း ညီညွတ်မှု ရှိကြပါတယ်။ ဒါကြောင့် ကျနော်တို့ အကောင်းမြင်ပါတယ်" ဟု ဦးမျိုးဝင်းက ပြောသွားပါသည်။

"ဒါပေမဲ့ တရုတ်နဲ့ ရုရှတို့က ကျနော်တို့ ပန်ကြားချက်ကို ကန့်ကွက်ကြလိမ့်မယ်လို့ သိထားပါတယ်။ ဒါပေမဲ့ ဒီကော်မတီ ထဲမှာ ဗီတိုအာဏာ သုံးစွဲခွင့် မရှိပါဘူး" ဟု ဦးမျိုးဝင်းက ပြောပါသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး၊ မြန်မာ သံတမန်တဦး ဖြစ်သော ဦးသန့်က ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးအဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ ယာယီမျှ ပါလီမန် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ခဲ့ပါသည်။ သို့သော် ၁၉၆၂ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော စစ်တပ်မှ အာဏာ သိမ်းယူခဲ့ပြီး တိုင်းပြည်ကို ဆိုရှယ်လစ် နိုင်ငံအဖြစ် ပြောင်းလဲ အုပ်ချုပ်ခဲ့သည်။

သို့သော် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ ပြည်သူများက ဆိုရှယ်လစ်စနစ်ကို ပယ်ချခဲ့ပြီး ဦးနေဝင်း၏ တပါတီ အာဏာရှင်စနစ်ကို လူထုလှုပ်ရှားမှုဖြင့် ဖြုတ်ချခဲ့ပါသည်။ သို့သော် စစ်အုပ်စု၏ အမွေသည် လက်ရှိ ဗိုလ်ချုပ်ကြီးများ ၁၉၈၈ ခုနှစ် စက်တင်ဘာတွင် အာဏာ သိမ်းသည့်အခါ ဆက်လက် တည်ရှိနေခဲ့ပါသည်။

စစ်အစိုးရက ၁၉၉ဝ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး ထိန်သိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပါသည်။ သို့သော် စစ်အစိုးရက အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ပြီး၊ တိုင်းပြည်ကို တင်းကြပ်စွာ ဆက်လက် အုပ်ချုပ်ခဲ့ပါသည်။

စစ်အစိုးရကို ကုလသမဂ္ဂမှ ဖယ်ရှားရန် ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများက ကိုယ်စားလှယ်ဖြစ်မှုကို စိန်ခေါ်သည့် လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ ပန်ကြားချက်တွင် ဗိုလ်ချုပ်ကြီးများသည် အာဏာကို မတရား အတင်းအကြပ် ရယူထားခဲ့ကြပြီး၊ တရားမဝင် အုပ်ချုပ်လျက် ရှိသည်၊ ထို့ကြောင့် စစ်အစိုးရ၏ ကိုယ်စားလှယ်ဖြစ်မှုကို ကုလသမဂ္ဂက ပြန်လည် စဉ်းစား သုံးသပ်သင့်ပါသည်ဟု ဖေါ်ပြထားခဲ့ကြပါသည်။

"ဒီ လှုပ်ရှားမှုက မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခကို မီးမောင်းထိုးပြနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်" ဟု ဦးမျိုးဝင်းက ပြောသွားပါသည်။
http://www.mizzimaburmese.com/news/regional/1712-2008-09-20-14-26-16.html

No comments:

 
/* EOT ----------------------------------------- */