Tuesday, September 9, 2008

ရဲချုပ်စွပ်စွဲချက်ကို အတိုက်အခံက ငြင်း

ဇာနည်
တနင်္လာနေ့၊ စက်တင်ဘာလ 08 2008 23:45 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ တိုင်းပြည်တွင်း ဖြစ်ပွါး ပေါ်ပေါက်ခဲ့သော ဗုံးပေါက်ကွဲမှုများနှင့် စပ်လျဉ်း၍ သူတို့ အဖွဲ့ဝင်များအား ဖမ်းဆီးထားသည် ဆိုသည့် သတင်းအပေါ် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တနင်္လာနေ့က ငြင်းဆိုသွားခဲ့ပါသည်။

တနင်္ဂနွေနေ့က ရှားရှားပါးပါး ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ် ခင်ရီက NLD အဖွဲ့ဝင်များ အပါအဝင် အတိုက်အခံ အများအပြားကို ဗုံးပေါက်ကွဲမှုများ၊ အခြား အဖျက် အ မှောင့် ကိစ္စ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဖမ်းဆီးထားသည်ဟု သတင်းထောက်များကို ပြောကြား သွားခဲ့ ပါသည်။

NLD အဖွဲ့ဝင်များ ဖြစ်ကြသော ရန်ရွှေ၊ ဇော်ဇော်အောင် နှင့် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ရက် (HRDP) အဖွဲ့ဝင်တဦးလည်း ဖြစ်သူ ကိုမြင့်အေး တို့သည် ရွှေပြည်သာရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) ရုံးတို့ကို ဗုံးဖေါက်ခွဲ ဖျက်ဆီးခဲ့သူများ ဖြစ်ကြပြီး ယင်းတို့ကို ဖေါက်ခွဲရေး ပစ္စည်းများ နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်ဟု ရဲချုပ်ခင်ရီက စွပ်စွဲ ပြောကြားသွားခဲ့ပါသည်။ USDA သည် စစ်အစိုးရက ကျော ထောက် နောက်ခံ ပြုပေးထားသည့် အရပ်သား အဖွဲ့အစည်းတရပ် ဖြစ်သည်။

သို့သော် NLD ကမူ မိမိတို့ အဖွဲ့အစည်းသည် အကြမ်းမဖက် လှုပ်ရှားမှု မူဝါဒကို လိုက်နာ ဆောင်ရွက်နေသည့် အဖွဲ့အစည်း တရပ်ဖြစ်ပြီး ယခု ရဲချုပ်ခင်ရီ ထုတ်ဖေါ် ပြောဆိုထားသည့် သူများမှာ မိမိတို့ ပါတီမှ ထုတ်ပယ် ထားသည့် အဖွဲ့ဝင် ဟောင်းများသာ ဖြစ်သည်ဟု ပြောကြားသွားခဲ့ပါသည်။

ပြည်ပအခြေစိုက် NLD လွတ်မြောက်နယ်မြေ၊ မြန်မာ့ဒီမိုကရေစီရေး ဖိုရမ်အဖွဲ့ (FDB) တို့သည် အမေရိကန် အခြေစိုက် အလှူရှင် အဖွဲ့အစည်းများ ဖြစ်ကြသော OSI, NED တို့ထံမှ ရံပုံငွေများ တောင်းခံရယူကာ ပြည် တွင်းရှိလှုပ်ရှား တက်ကြွသူများထံသို့ ပေးပို့၍ ဗုံးဖေါက်ခွဲမှုများနှင့် အကြမ်းဘက် လုပ်ရပ်များကို လုပ်ဆောင် စေလျက် ရှိသည်ဟုလည်း ရဲချုပ်ခင်ရီက စွပ်စွဲ ပြောဆိုသွားခဲ့ပါသည်။

ပြည်ပရောက် အတိုက်အခံ အဖွဲ့အစည်းများနှင့် အဓိက ဆက်သွယ်သူ တဦးဖြစ်သည့် ကိုမြင့်အေးသည် ရန်ကုန် တွင် အကြမ်းဘက်မှုများ ကျူးလွန်နိုင်ရန် ဆုငွေများ ထုတ်ပေးမည်ဟု ကမ်းလှမ်း ပြောကြားခဲ့ကြောင်း ဝန်ခံ ဖြောင့်ချက် ပေးခဲ့သည် ဟုလည်း ရဲချုပ်ခင်ရီက စွပ်စွဲ ပြောဆိုသွားခဲ့ပါသည်။

ရဲချုပ်ခင်ရီ၏ အဆိုအရ အဆိုပါ ဆုငွေများသည် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးရာ နေရာဒေသကို လိုက်၍ ကွဲပြား ခြားနားမှုရှိကြောင်း၊ မြို့တော်ခန်းမကို ဖေါက်ခွဲနိုင်လျှင် ကျပ် ၁ဝ သန်း၊ စင်တာများကို ဖေါက်ခွဲနိုင်လျှင် ကျပ် ၇ သန်း၊ အစိုးရရုံးများကို ဖေါက်ခွဲ ဖျက်ဆီးနိုင်လျှင် ကျပ် ၅ သန်း၊ မြို့နယ် မယက ရုံးများကို ဖေါက်ခွဲ ဖျက်ဆီးနိုင်လျှင် ကျပ် ၂ သန်း၊ မြို့နယ် USDA ရုံးများနှင့် ရန်ကုန်ဘူတာကြီးတို့ကို ဖေါက်ခွဲ ဖျက်ဆီးနိုင်လျှင် ကျပ် ၁.၅ သန်း၊ လူသွားလူလာ ရှုပ်ထွေးသော မီးပွိုင့်များကို ဖျက်ဆီးနိုင်လျှင် ကျပ် ၁ သန်း၊ လမ်းဆုံ လမ်း ခွများတွင် ဖေါက်ခွဲနိုင်လျှင် ကျပ် ၅ သိန်း နှင့် အခြား အရေးမပါသော နေရာများကို ဖေါက်ခွဲ ဖျက်ဆီး နိုင်လျှင် ကျပ် ၂ သိန်းစသည်ဖြင့် သတ်မှတ်ထားသည်ဟု ဆိုပါသည်။

ရန်ရွှေသည် ဖေါက်ခွဲရေး ပစ္စည်းများကို မြင့်အေးထံမှ တိုက်ရိုက်ရယူခဲ့ပြီး ဂျူလိုင်လ ၁ ရက်နေ့က ရွှေပြည် သာရှိ USDA ရုံးကို ဖေါက်ခွဲဖျက်ဆီးခဲ့သော်လည်း ရရှိရမည့် ဆုငွေ ငွေမရဘဲ အလိမ်ခံခဲ့ရသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ခင်ရီက ပြောဆိုသွားပါသည်။

ဤရဲချုပ်ခင်ရီ၏ ပြောကြားချက်နှင့် ဆန့်ကျင်၍ လက်နက်ကိုင် အဖွဲ့အစည်း တရပ်ဖြစ်သော စွမ်းအားမြှင့် စစ်သည်တော်များ အဖွဲ့ (VBSW) က ရွှေပြည်သာ USDA ရုံးဗုံးကွဲမှုသည် သူတို့ လက်ချက်ဖြစ်ကြောင်း ဂျူလိုင်လ ၂ ရက်နေ့က ထုတ်ဖေါ် ကြေငြာသွားခဲ့ပါသည်။

အဆိုပါ ဗုံးဖေါက်ခွဲမှုကို မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများလုပ်ရန် စစ်အစိုးရကို တိုက် တွန်း တောင်းဆိုနေသည့် မိမိတို့ အဖွဲ့ဝင်များက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းဖြင့် VBSW က ပြည်ပအခြေစိုက်ဘ လော့တခုမှတဆင့် ထုတ်ဖေါ် ကြေငြာခဲ့ခြင်း ဖြစ်ပါသည်။

ဧပြီလ (၂ဝ) ရက်နေ့က ဖြစ်ပွါးခဲ့သော အေဘီစီစားပွဲရုံ ဗုံးပေါက်ကွဲမှု၊ USDA အဖွဲ့ပိုင်ကားများအား ဗုံး ဖေါက်ခွဲ မှုများ တို့ကိုလည်း မိမိတို့ အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းဖြင့် VBSW က ဝန်ခံကြေငြာခဲ့ပါသည်။

ဤလှုပ်ရှားမှုများကို သူတို့အနေဖြင့် ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပြီး၊ အပြစ်မဲ့ ပြည်သူများကိုလည်း ထိ ခိုက်ခြင်း မရှိစေရအောင် ဆောင်ရွက်သွားမည်၊ ဤသို့ ပြုလုပ်ရခြင်းမှာ အစိုးရအနေဖြင့် သူတို့၏ အာဏာရှင် အုပ်စိုး မှုကို အဆုံးသတ်ပြီး၊ အမျိုးသား ရင်ကြားစေ့ရေး လမ်းကြောင်းပေါ် ပြန်ရောက်လာနိုင်စေရန် ရည်ရွယ် သည်ဟုလည်း အဆိုပါ အဖွဲ့က ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

ထိုအတောအတွင်း ထိုင်းနိုင်ငံအခြေစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - လွတ်မြောက်နယ်မြေ (NLD-LA) က အစိုးရ၏ စွပ်စွဲချက်များကို ငြင်းဆို ပြောကြားသွားခဲ့ပြီး၊ ဤလုပ်ရပ်သည် NLD သည် အကြမ်းဘက် လုပ်ရပ် များ လုပ်ကိုင်နေသည့် အကြမ်းဘက် အဖွဲ့အစည်းတရပ်အဖြစ် ပုံဖေါ်ကာ ခြိမ်းခြောက် အကြပ်ကိုင်သည့် လုပ်ရပ်သာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသည်။

NLD-LA ၏ နိုင်ငံခြားရေး တာဝန်ခံ ကိုညိုအုန်းမြင့်ကလည်း “ကျနော်တို့က အကြမ်းမဘက် မူဝါဒကို အမြဲတမ်း ထိန်းသိမ်း ကာကွယ် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းပါ၊ ဒါသက်သက် NLD ကို ခြိမ်းခြောက် အကြပ်ကိုင်ဘို့လုပ် လိုက်တာပါ။ ကျနော်တို့သာ အကြမ်းဘက်လမ်းကို လိုက်မယ်ဆိုရင်၊ ရွေးမယ်ဆိုရင် ဒီလောက် အဝေး ကြီးကို တောင် လာစရာ မလိုပါဘူး” ဟု ပြောကြားသွားခဲ့ပါသည်။

မကြာသေးခင်လများအတွင်း တက်ကြွ လှုပ်ရှားသူများကို တိုးမြှင့် ဖမ်းဆီးနေမှုများသည် ၂ဝဝ၇ ခုနှစ် စက် တင်ဘာလ အတွင်းက ဖြစ်ပွါးပေါ်ပေါက်ခဲ့သည့် ဗုဒ္ဓဘာသာ သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲမျိုး နောက်တကြိမ် ထပ်မံ ဖြစ်ပွါးလာမည်ကို ဟန့်တားရန်အတွက် ရည်ရွယ် ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်းဖြင့် အ တိုက်အခံများက ရှုမြင်နေကြပါသည်။

“ကျနော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်ကို မသိပါဘူး။ သေချာတာ တခုကတော့ ကျနော်တို့ ပါတီဝင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကို ပိုမို ဖမ်းဆီးမှုတွေ လုပ်နေတယ် ဆိုတာဘဲ ဖြစ်ပါတယ်” ဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ် ဝင်းက ပြောဆိုသွားပါသည်။
သတင်း
http://www.mizzimaburmese.com/news/inside-burma/1647-2008-09-08-22-02-10.html မှ

No comments:

 
/* EOT ----------------------------------------- */