Tuesday, September 23, 2008

အင်တာနက် အသုံးပြုသူ များကို စစ်အာဏာပိုင်များက ပိုမို တင်းကျပ်

ဧရာဝတီ | စက်တင်ဘာ ၂၂ ၊ ၂၀၀၈
မြန်မာပြည်တွင်း၌ အင်တာနက် ဆက်သွယ်ရေး အမြန်နှုန်းများနှင့် အင်တာနက် အသုံးပြုသူ များကို စစ်အာဏာပိုင်များက ပိုမို တင်းကျပ်မှုများပြုလုပ်နေကြောင်း အသုံးပြုသူများနှင့် အင်တာနက်ကဖီးဆိုင် လုပ်ငန်း ရှင်များက ပြောသည်။

အင်တာနက် အမြန်နှုန်းများကို သက်ဆိုင်ရာက လျှော့ချထားသည့်အတွက် ၎င်းတို့ အနေနှင့် ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများ အပါအ၀င် ဆိုဒ်ကြီးဖိုင်များ ပေးပို့၍ မရကြကြောင်း ရန်ကုန်မြို့တွင်းရှိ အင်တာနက် အသုံးပြုသူများ က ပြောဆိုသည်။

ပြီးခဲ့သည့် သောကြာနှင့် စနေနေ့များအတွင်း အင်တာနက်အမြန်နှုန်းများမှာ ၁၀ မိနစ် တကြိမ်ခန့် သိသာစွာ လျော့ကျခဲ့ကြောင်း၊ အင်တာနက်ကဖီးဆိုင်များတွင် အင်တာနက်အသုံးပြုသူများအား အစိုးရ ဆန့်ကျင်သည့် ပြည်ပ သတင်းမီဒီယာ ၀က်ဘ်ဆိုက်များ အသုံးပြုမပြုကို အရပ်ဝတ် ရဲများက စောင့်ကြည့်မှုများပြုလုပ်နေကြောင်း လည်း သိရသည်။

အင်တာနက် အသုံးပြုသူများ၏ မှတ်ပုံတင်မှတ်တမ်းနှင့် အင်တာနက် အသုံးပြုမှုမှတ်တမ်းများကို ၂ ပတ်တကြိမ် ပေးပို့ရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ရဲ ထောက်လှမ်းရေးများက ညွှန်ကြားထားသည်ဟု ရန်ကုန်မြို့လယ်ရှိ အင်တာနက် ကဖီးဆိုင် လုပ်ငန်းရှင်များကလည်း ပြောပြသည်။

ယင်းကဲ့သို့ သတင်းပေးပို့ အကြောင်းကြားခြင်း မပြုလုပ်ပါက ပြဿနာ တစုံတရာဖြစ်ပေါ်လာလျင် ကိုယ့်တာဝန် ကိုယ်ယူရမည် ဖြစ်ကြောင်း အာဏာပိုင်များက မကြာသေးခင်က အမိန့်ထုတ်ပြန်ညွှန်ကြားသည်ဟုလည်း အင်တာနက် ကဖီးဆိုင် လုပ်ငန်းရှင် တဦး ကပြောသည်။

အင်တာနက်ဆိုင်များတွင် နိုင်ငံရေး လှုပ်ရှားသူများအပါအ၀င် ပြည်ပသတင်းဌာနများသို့ သတင်းပေးပို့သူများကို စောင့်ကြည့် စုံစမ်းရန် အရပ်ဝတ်ရဲများကို ချထားကြောင်း ရန်ကုန်မြို့ခံများကလည်း ပြောသည်။

စစ်အစိုးရက မကြာမီ အကြီးဆုံး အင်တာနက်ဆက်သွယ်ရေးလုပ်ငန်း တခုဖြစ်လာနိုင်သည့် ဟံသာဝတီ အင်တာနက် ဆယ်သွယ်ရေး ဌာနတခုကို လွန်ခဲ့သည့် ဇူလိုင်လအတွင်းက တည်ဆောက်ခဲ့သော်လည်း အများပြည်သူ သိရှိရန် ထုတ်ဖော်ကြေညာခြင်းမပြုကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း တာဝန်ရှိသူတဦး က ဆိုသည်။

ယင်းဟံသာဝတီ အင်တာနက်ဌာနသည် ရန်ကုန်တိုင်းအပါအ၀င် နိုင်ငံတ၀န်း အသုံးပြုလိုသူများအတွက် ၀န်ဆောင်မှုပေးရန် ရည်ရွယ်ထားကြောင်းနှင့် လတ်တလောတွင် စစ်တပ် ဦးစားပေး အသုံးပြုနေကြောင်းလည်း သိရသည်။

ဟံသာဝတီ ဌာန တည်ဆောက်ရာတွင် တရုတ်နိုင်ငံ ရှန်ဟဲ ဘဲလ် ကုမ္ပဏီနှင့် နာမည်ကြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးတေဇ တို့က ထောက်ပံ့ကူညီခဲ့ကြောင်း၊ ဟံသာဝတီကို မန္တလေး ရတနာပုံ တယ်လီပို့နှင့် ချိတ် ဆက်ထားကြောင်း၊ နိုင်ငံတကာ အင်တာနက် ၀န်ဆောင်မှုဌာနများနှင့် အချိန်အဆက်ရှိသည့် ဟောင်ကောင် နိုင်ငံနှင့်ပါ ချိတ်ဆက်မှုရှိကြောင်းလည်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း တာဝန်ရှိသူက ပြောဆို သည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး၊စာတိုက်နှင့် ကြေးနန်း(MPT)၊ အစိုးရနှင့် ဖက်စပ်လုပ်သည့် ယခင် ပုဂံနက် ကို ပြောင်းလဲထားသော မြန်မာတယ်လီပို့ နှင့် ယခု ဟံသာဝတီ ဟူ၍ အင်တာနက် ဆက်သွယ်ရေးဌာနတို့ လက်ရှိ လည်ပတ်လျှက် ရှိကြောင်း သိရသည်။

No comments:

 
/* EOT ----------------------------------------- */