Friday, September 26, 2008

ရန်ကုန်မြို့လယ် ဗုံးကွဲပြီးနောက် လုံခြုံရေး ထပ်မံတင်းကျပ်


အေးချမ်းမြေ့ | စက်တင်ဘာ ၂၅၊ ၂၀၀၈
ယနေ့နံနက် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးများ ကို ထပ်မံ တိုးမြှင့်ချထားလိုက်ပြီ ဖြစ်ပြီး ယနေ့ညတွင် ရှာဖွေရေးများတင်းကျပ်စွာ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရဲ အသိုင်းအဝန်းမှ ကြားသိ ရသည်။

လက်ရှိရန်ကုန်တွင် လုံခြုံရေးအနေဖြင့် ရဲ တပ်ဖွဲ့ဝင် ၇၀၀၀ ကျော်ကို နေရာအနှံ့ ချထားပြီး အဝေးပြေးကားဂိတ်များတွင် ရှာဖွေရေးများ တင်းကျပ်စွာ ပြုလုပ်လျှက် ရှိသည်ဟု ရဲ ဝန်ထမ်းတဦးကပြောသည်။ ထို့ပြင် ရန်ကုန်မြို့ထဲတွင်လည်း ကားလမ်းများ ကိုပိတ်ကာ ရှာဖွေရေးများ ပြုလုပ်လျှက်ရှိကြောင်း ကြားသိရသည်။

“ယုဇန ပလာဇာရှေ့မှာ ကားလမ်းကို ပိတ်ပြီး ရှာနေတာ။ ရဲတွေကတော့ အများကြီးပဲ။ မှတ်ပုံတင်မပါရင် အပြင်သွားဖို့ တောင်မလွယ်ဘူး” ဟု မြို့တွင်း ခရီးသွား တဦးက ပြောသည်။
ရန်ကုန်တွင် နံနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် အစိုးရရုံးဌာနများရှိဝန်ထမ်းများမှာ အထိတ် တလန့်ဖြစ်ပြီး စောစီးစွာ ပြန်ရန် စီစဉ်ကြကြောင်း ဒေသခံများကပြောပြသည်။ ပတ်စ်ပို့စ် ရုံးကို ဗုံးခွဲမည်ဟူသော သတင်း ဖြစ်ပေါ်နေသောကြောင့်လည်း ရုံးကို စောစီးစွာ ပိတ်လိုက် ကြောင်းလည်း ကြားသိရသည်။

“အခု ဗုံးကွဲတဲ့ ကိစ္စကို အန်အယ်လ်ဒီ လူငယ်ကိုပဲစွပ်စွဲချင်ပုံရတယ်” ဟု ရန်ကုန် ရဲ အသိုင်း အဝန်းနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ဗုံးပေါက်ကွဲမှု တမှုဖြစ်ပွားလျင် စစ်အစိုးရက အတိုက်အခံများကို စွပ်စွဲသကဲ့သို့ ပြည်သူ လူထုကလည်း အစိုးရဟုသာ ထင်မြင်ယူဆကြောင်း တွေ့ရှိရသည်။

“လုံခြုံရေးတွေ များနေကတည်းက တခုခုဖြစ်တော့မယ်လို့ ထင်နေတာ။ အမြဲတမ်း အဲလိုပဲ လေ။ ဒါမျိုးက ရိုးတောင်နေပြီ” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းတဦးက ပြောသည်။

အခြားမြို့ခံတဦးကလည်း ယခုကဲ့သို့ ဗုံးခွဲသည့် လုပ်ရပ်ကို လုပ်မည့်သူမှာ အစိုးရသာ ဖြစ်နိုင်သည်ဟု ဆိုသည်။

“အဲဒီနေရာတွေမှာ ရဲတွေချည်းပဲ။ သူတို့ပဲဖြစ်မှာပဲ” ဟု ၎င်းကသုံးသပ်သည်။

လုံခြုံရေး ရဲများကို ယခုကဲ့သို့ တိုးမြှင့်ချထားခြင်းမှာ နောက်တကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားဦးမည်ဟူသော ကောလာဟလ သတင်းထွက်ပေါ်နေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံ တချို့က ပြောဆို နေကြသည်။

ယနေ့သည် စက်တင်ဘာ ၂၅ ရက်နေ့ဖြစ်ပြီး စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်များမှာ သံဃာ တော်များနှင့် ပြည်သူတို့ သွေးမြေ ကျခဲ့ရသည့် နှစ်ပတ်လည် နေ့များဖြစ်နေသည်။ ရန်ကုန်မြို့တွင် သြဂုတ်လကုန်ပိုင်းမှစ၍ လုံခြုံရေးများ တင်းကျပ်စွာ ချထားလျှက်ရှိရာ တဖြည်းဖြည်းနှင့် တိုးမြှင့်သည်ထက် တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ရန်ကုန် ဒေသခံများက ပြောသည်။

ကြားနေရသော ကောလာဟလစကားများအရ နက်ဖြန် စက်တင်ဘာ ၂၆ ရက်နေ့တွင် သံဃာနှင့် ပြည်သူများ သွေးမြေကျခဲ့ ရသည့် အထိမ်းအမှတ်အဖြစ် ဆန္ဒပြ၊ လမ်းလျှောက် ရန် စီစဉ်မှုများရှိနေကြောင်း ကြားသိရသဖြင့် အစိုးရအနေနှင့် လုံခြုံရေး များကို တိုး၍ ချထားခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက ဆိုသည်။

ယမန်နှစ် စက်တင်ဘာ အရေးတော်ပုံအတွင်း သံဃာတော်နှင့် မယ်သီလရှင်များ အပါအဝင် ပြည်သူလူထု ၃၁ ဦး သေဆုံးခဲ့ ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ရန်ကုန်တွင်သာမက ရခိုင်ပြည်နယ်နှင့် ပခုက္ကူမြို့များတွင်လည်း စက်တင်ဘာ လဆန်းကတည်းက လုံခြုံရေးများ တင်းကျပ်စွာ ချထားလျှက်ရှိကြောင်း ကြားသိရသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့ပေါ်နှင့် အခြားဒေသများရှိ လူထုအုံကြွမှုများကို စစ်တပ်က မနှိမ်နင်းတော့ဘဲ ရဲကသာ နှိမ်နင်း တော့မည် ဖြစ်သောကြောင့် ရဲ အင်အားကို ထပ်မံ တိုးချဲ့မည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးက ၆/ ၂၀၀၈ ပြည်ထဲရေး ဝန်ကြီးဌာန စည်းရုံးရေး ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ရဲအပြည့်နဲ့ ကားတွေ တခါ တခါ ဖြတ်သွားရင် ၅ စီး ၆ စီးပဲ။ မြို့ထဲမှာ အဲလိုတွေ မြင်နေရ တော့ မလုံခြုံသလို ခံစားရတယ်။ မနှစ်က စက်တင်ဘာအရေးအခင်း ပြီးခါစကလည်း အဲလိုပဲ။ နေရတာ ဘယ်လိုမှမပျော်ဘူး” ဟု ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တဦးက ပြောပြသည်။

ယနေ့နံနက် ဗုံးပေါက်ကွဲမှုတွင် လူ ၈ ဦးဒဏ်ရာ ရရှိခဲ့ပြီး ၄ ဦးမှာ အသေးစား ထိခိုက်မှုသာ ရှိခဲ့ကြောင်း မျက်မြင်တဦးထံမှ သိရှိရသည်။

No comments:

 
/* EOT ----------------------------------------- */