Saturday, September 20, 2008

ဒေါ်စု အားဆေး သွင်းပေးရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့

ဧရာဝတီ-ကိုထွေး | စက်တင်ဘာ ၁၉၊ ၂၀၀၈

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ လတ်တလော ထွက်ပေါ်နေသော သတင်းများသည် ခန့်မှန်း ပြောဆိုနေသော သတင်းများသာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အားအင်နည်းပါး နေသည့်အတွက် မိသားစု ဆရာဝန်က အားဆေး သွင်းပေးရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုသတင်းများနှင့် ပတ်သက်၍ အန်အယ်လ်ဒီ ပြောခွင့်ရ ဦးဥာဏ်ဝင်းက “လက်ရှိထွက်ပေါ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေက ခန့်မှန်းပြောဆိုနေတဲ့ သတင်းတွေလို့ ထင်ပါတယ်၊ ကျန်းမာရေးနဲ့ ပတ်သက် ပြီးတော့ တကယ့် အဖြစ်အပျက်ကို ကျနော်မသိဘူး၊ ဒေါက်တာ တင်မျိုးဝင်းနဲ့လည်း ကျနော်တို့ အဆက် အသွယ်မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း အန်အယ်လ်ဒီ ပါတီဝင်များအား ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေသည် ဟူသော သတင်းများ ထုတ်လွှင့်ပြီး ပြည်တွင်းပြည်ပ တုံ့ပြန်မှုများအပေါ် သွေးတိုး စမ်းသည့် အနေအထားမျိုး ဖြစ်ကြောင်း ရေးသားထားသည်။

စက်တင်ဘာ ၁၆ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပြင်ပအစားအစာ လက်မခံခြင်းသည် အစာငတ်ခံ ဆန္ဒပြနေခြင်း မဟုတ်ဘဲ ၎င်းနှင့်အတူနေပြီး စောင့်ရှောက်ပေးနေသည့် ကျန်းမာရေး ချိုတဲ့နေသော ဒေါ်ခင်ခင်ဝင်းအား ငဲ့ညှာသည့် အနေဖြင့် အစားအစာကို ခြိုးခြံချွေတာ စားသောက်ခဲ့သည့်အတွက် အားအင် နည်းနေခြင်း ဖြစ်ကြောင်း အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ပမှပေးပို့သော အစားအစာများကို ရက်သတ္တ ၄ ပတ်ခန့် ငြင်းပယ်ခဲ့ပြီးနောက် အဟာရချို့တဲ့နေကြောင်း ၎င်း၏ မိသားစုဆရာဝန် သွားရောက် တွေ့ဆုံ ချက်အရ သိရှိရသည်ဟု ရှေ့နေကြီး ဦးကြည်ဝင်းကလည်း စက်တင်ဘာ ၁၅ရက်နေ့က ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြင်ပ အစားအစာများကို ယခုသီတင်းပတ် တနင်္လာနေ့က စတင်လက်ခံ ခဲ့ကြောင်း၊ တိုင်း မဂ္ဂဇင်း(Time magazine)၊ နယူးစ်ဝိခ် မဂ္ဂဇင်း (Newsweek magazine) စသော မဂ္ဂဇင်းကြီး များနှင့် မြန်မာ သတင်းစာများ အပါအ၀င် နိုင်ငံရပ်ခြားရှိ သားထံမှ ပေးပို့စာများကို ၎င်းထံပေးပို့ရန် အစီအစဉ် များလည်း ပြုလုပ်နေကြောင်း အန်အယ်လ်ဒီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလ တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၂ နှစ် ကျော် ပြီ ဖြစ်သည်။
http://soneseayar.blogspot.com/2008/09/blog-post_2496.html

No comments:

 
/* EOT ----------------------------------------- */