ထောင်ထဲမှာ အထူးဝင်းဆိုတာ ရှိတယ်။ နိုင်ငံရေး အကျဉ်းသားတွေထဲက အရေးကြီးသူတွေကို ထားတာ တစ်ယောက်ထဲနေရတာပေါ့လေ။ ဘယ်သူနဲ့မှ စကားပြေလို့မရ ဘယ်သူ့ကိုမှ မတွေ့ရ၊ အသံတွေတော့ ကြားရတာပေါ့၊ လေယာဉ်ပျံကြီးလဲတွေ့ရတယ် (တစ်ခါတစ်ခါ) ငှက်တွေလဲ တွေ့ရတယ် (ညနေတိုင်း) ကြည့်စရာ အပေါက်တစ်ပေါက်ထဲရှိတယ်၊ အဲဒီကနေ တစ်လောက်ကလုံးကို မိတ်ဆက်နေရတာ ဒီလိုအချိန်မှာ ရေးဖြစ်တဲ့ ကဗျာလေးပါ။
အိမ်ပြန်ချိန်
ခဲသားဖျော့ဖျော့ မိုးကောင်းကင်
တောင်စွယ် နေကွယ် ငုံ့လျှိုးပြီ
အိမ်ပြန်ချိန် အိမ်ပြန်ချိန် ခွန်းဆင့်ခေါ်
ငှက်ကလေးတွေ အိပ်တန်းဝင်။
လူသံ သူသံ ဆူညံပူညံ အော်သံတွေ ကြားရပြန်
ခွဲခွာသံလား နှုတ်ဆက်သံလား ခွဲခြားမရသေးချိန်
အရှိန်ပြင်းပြင်း နဲ့
လေယာဉ်ကြီးတစ်စီးဟာ
မီးခိုးတန်း နဲ့အရုပ်ရေးနေ
အိမ်ပြန်ချိန် အိမ်ပြန်ချိန် ခွန်းဆင့်ခေါ်
ငှက်ကလေးတွေ အိပ်တန်းဝင်။
အခိုးအငွေ့တို့အလယ်မှာ
မျောလွင့်လို့နေကာ
ဝေးခဲ့တဲ့တစ်နေရာ
တွေးတောရင်းအဖြေရှာ
ပါဝင်ခွင့်မရတဲ့လောကကို
သတိရရုံမျှသာ။
အိမ်ပြန်ချိန် အိမ်ပြန်ချိန် ခွန်းဆင့်ခေါ်
ငှက်ကလေးတွေ အိပ်တန်းဝင်။
အိပ်မက်အိမ် မှ စာရေးသူ တစ်ဦး
Friday, August 24, 2007
အိမ်ပြန်ချိန်
Posted by Peaceful Walking at 10:34 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment