Thursday, December 4, 2008

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ တောင်းဆို


[ကုလသမဂ္ဂ အစည်းအဝေး တခုတွင် ပြောဆို ဆွေးနွေးနေသော မစ္စတာ ဘန်ကီမွန်း (ဓာတ်ပုံ - ရိုက်တာ)]

Wednesday, 03 December 2008 18:37 အေးလဲ့

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် မစ္စတာ ဘန်ကီမွန်းအား ယခု နှစ်ကုန်ပိုင်း အတွင်း မြန်မာပြည်သို့ သွားရောက်ပြီး ဖမ်းဆီး ထိန်းသိမ်း ထားသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးအတွက် စစ်အစိုးရကို ဖိအားပေးရန် ကမ္ဘာ့ထိပ်တန်း နိုင်ငံ ခေါင်းဆောင်ဟောင်း ၁၀၀ ကျော်က စာရေး၍ တောင်းဆိုလိုက်သည်။


အဆိုပါ ခေါင်းဆောင်ဟောင်းများက ယနေ့ရက်စွဲဖြင့် မစ္စတာ ဘန်ကီမွန်းထံ တောင်းဆိုလိုက်သည့်စာထဲတွင် “အကယ်၍ ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို စစ်အစိုးရ က ငြင်းပယ်ခဲ့လျှင် လုံခြုံရေး ကောင်စီတွင် တင်သွင်း အရေးယူရန် တိုက်တွန်းတောင်းဆိုကြောင်း” လည်း ရေးသားထားသည်။

၂၀၀၇ ခုနှစ် အောက်တိုဘာလ အတွင်းက လုံခြုံရေး ကောင်စီ ဥက္ကဌ၏ ထုတ်ပြန်ချက်သည် ထိရောက်မှုမရှိ ကြောင်းနှင့် မြန်မာနိုင်ငံတွင် ယခင် နိုင်ငံရေး အကျဉ်းသား ၁၂၀၀ ရှိရာမှ ၂၀၀၇ ခုနှစ် ဇွန်လမှ စတင်၍ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ကျော် ရှိလာပြီး စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီးနှိမ်နင်း ခြင်း၊ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်းများ ပြုလုပ်နေဆဲဖြစ်သည်ဟုလည်း အဆိုပါစာတွင် ပြောဆိုထားသည်။

ယင်းစာကို အင်္ဂလန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ၊ အမေရိကန် သမ္မတဟောင်း မစ္စတာ ဂျော့ ဒဘလျူ ဘုရှ်၊ ဂျပန် ၀န်ကြီးချုပ်ဟောင်း မစ္စတာ ကိုအိဇုမိ၊ ဖိလစ်ပိုင် သမ္မတဟောင်း မစ္စ ကိုရာဇန် အကွီနို ၊ နော်ဝေး ၀န်ကြီးချုပ်ဟောင်း မစ္စတာ ကဂျီး မဂ္ဂနဲ ဘွန်ဒီဗစ် တို့အပါအ၀င် ကမ္ဘာ့နိုင်ငံပေါင်း၅၀ကျော်မှ သမ္မတဟောင်း နှင့် ဝန်ကြီးချူပ်ဟောင်း ၁၁၂ ဦး က သဘောတူညီချက်ဖြင့် ရေးသားပေးပို့ခြင်းဖြစ်သည်။

ယင်းစာပေးပို့ခြင်း အစီစဉ်ကို နော်ဝေးနိုင်ငံ နှင့် အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးနှင့်ငြိမ်းချမ်းရေး အဖွဲ့(Oslo Center for Peace and Human Rights) ဥက္ကဌနှင့် နော်ဝေးနိုင်ငံဝန်ကြီးချူပ်ဟောင်း မစ္စတာ ကဂျီး မဂ္ဂနဲ ဘွန်ဒီဗစ်(Kjell Magne Bandevik) က ပထမဆုံးမြန်မာပြည်အရေးနှင့်ပတ်သက်ပြီး ဦးစီးဆောင်ရွက်ခြင်း လည်း ဖြစ်သည်။

နော်ဝေးဝန်ကြီးချူပ်ဟောင်း မစ္စတာ ဘွန်ဒီဗစ်က“ဒီနေ့မှာပဲ ကျနော်တို့ တညီတညွတ်တည်း မြန်မာ့အရေးကို ကမ္ဘာ့ကုလသမဂ္ဂက အထူးကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်၊ မြောက်များစွာသောဂုဏ်သရေ ရှိသူများက ကျနော်နဲ့အတူ ပူးပေါင်းပြီး အရေးကြီးတဲ့ မြန်မာ့အရေးကို မီးမာင်းထိုးပြတာလည်းဖြစ်ပါတယ်”ဟု ၎င်းတို့ ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ဖော်ပြထားသည်။

“အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ပထမခြေလှမ်းအနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို အရင်ဆုံးလွှတ်ပေးရပါမယ်”ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်အစိုးရအနေနှင့် လွန်ခဲ့သည့်လက ထောင်ဒဏ် အမြင့်ဆုံး ၆၈ နှစ် ချခံရသည့် စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ နာဂစ် လေဘေးကူညီကယ်ဆယ်ရေး လုပ်သူများ၊ သံဃာတော်များ၊ ရှေ့နေများနှင့် နိုင်ငံရေး လှုပ်ရှားသူ ၂၁၅ ဦးကျော် အပါအ၀င် နိုင်ငံရေး အကျဉ်း သား ၂၁၀၀ ခန့်ကို ပြန်လည်လွှတ်ပေးရန် မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရကို ဖိအားပေးရေး တိုက်တွန်း တောင်းဆိုခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးလှုပ်ရှားသူများကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များချမှတ်၍ အရေးယူမှု များ ပြုလုပ်နေချိန်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှုတ်ဆိတ်နေသည် ဟု မြန်မာ့ အရေးလေ့လာသူများက သုံးသပ်ဝေဖန်နေကြသည်။

ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) အဆိုအရ စစ်အစိုးရ က နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအဝင် ကျောင်းသား ခေါင်းဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင် များ၊ သံဃာတော်များ ၊ နိုင်ငံရေးလှုပ်ရှားသူများ စသည့် စုစုပေါင်း ၂၁၅ ဦး ကို လွန်ခဲ့သည့်လအတွင်း နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး ၎င်းတို့အထဲမှ ၁၃၀ကျော်ကို နယ်စွန် နယ်ဖျားရှိ အကျဉ်းထောင်များသို့ ရွှေ့ပြောင်း ခဲ့ကြောင်းလည်း သိရသည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=471:2008-12-03-11-39-32&catid=1:news&Itemid=2

No comments:

 
/* EOT ----------------------------------------- */