Sunday, December 21, 2008

မြန်မာအမျိုးသမီးတွေကို လူကုန်ကူးသူ ဂျပန်အမျိုးသား ၂ ဦး အဖမ်းခံရ

ဒီဇင်ဘာ ၂၀၊ ၂၀၀၈

မြန်မာအမျိုးသမီး ၅ ဦးကို ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ စားသောက်ဆိုင်များတွင် အလုပ်လုပ်ကိုင်စေခဲ့သည့်အတွက် လူကုန်ကူးမှုဖြင့် ဂျပန်အမျိုးသား ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း တိုကျိုမြို့တော်ရဲများက ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ကြေညာလိုက်သည် ။

Wellness Network 21 အမည်ရှိ ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ မစ္စတာ ဟီဒဲ့အို ခိုဘုနဲ့ (အသက် ၆၉ နှစ်) နှင့် စာရွက်စာတမ်း မှတ်ပုံတင်ရုံးမှ မစ္စတာ အီဇုမိ အိုမိုးရိ (အသက် ၅၈နှစ်)တို့အား လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဂျပန်နိုင်ငံတွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည် ။ အသက် ၂၇ နှစ်အရွယ် ကြံရာပါ မြန်မာအမျိုးသမီး ပွဲစားတဦးကိုပါ ဖမ်းမိထားပြီဖြစ်သည်။

မစ္စတာ ခိုဘုနဲ့သည် မြန်မာနိုင်ငံရှိ ဂျပန်စာသင်တန်းကျောင်းတကျောင်းမှ အောင်လက်မှတ် အတုများ၊ ၄င်း၏ ကွန်ပျူတာဆော့ဖ်ဝဲနှင့် ရောင်းဝယ်ရေးကုမ္ပဏီမှ အလုပ်လုပ်ပိုင်ခွင့် လက်မှတ်အတုများကို အသုံးချကာ၊ မြန်မာအမျိုးသမီး ၅ ဦး ဂျပန်နိုင်ငံတွင် တရားဝင် နေထိုင်ခွင့်ရရေး ကြံစည်ခဲ့သဖြင့် ယခုကဲ့သို့ ဖမ်းဆီးရခြင်းဖြစ်ကြောင်း ဂျပန်ရဲများက ထုတ်ဖေါ်ပြောဆိုသည် ။

မြန်မာအမျိုးသမီးများသည် တဦးလျှင် ဂျပန်ငွေ ယန်း ၁ သန်းခွဲစီ မစ္စတာခိုဘုနဲ့အား ပွဲခအဖြစ် ပေးရသည်ဟု ဂျပန်ရဲများ၏ စစ်ချက်က ဆိုသည် ။ မစ္စတာခိုဘုနဲ့နှင့် မစ္စတာအိုမိုးရိတို့ နှစ် ဦးသည် ၂ဝဝ၆ခုနှစ် ဖေဖေါ်ဝါရီလပိုင်းမှစ၍ လူကုန်ကူးသည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ ၄င်းလုပ်ငန်းမှ ဂျပန် ယန်းငွေ သန်း ၁၆ဝ ခန့် ရရှိခဲ့သည်ဟု ဂျပန်ရဲများက ယုံကြည်နေကြသည်။

မစ္စတာခိုဘုနဲ့သည် ၄င်းကုမ္ပဏီ၏ စာရွက်စာတမ်းများကိုအသုံးပြု၍၊ တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ် ဂွမ်ဇိုးမြို့ရှိ ဂျပန်ကောင်စစ်ဝန်ရုံးကို အားကိုးအားထားပြုကာ တရုတ်နိုင်ငံသား ၁၃၅ ဦးအတွက် ဂျပန်ဗီဇာ တက်သုတ်ရိုက် လျှောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ဤနည်းဖြင့် ဂျပန်နိုင်ငံတွင်းသို့ တရားမဝင် လူကုန်ကူးခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်ရဲများကဆိုသည် ။

“ကျနော်ကတော့ စားသောက်ဆိုင်တွေမှာ အလုပ် လိုက်သွင်းပေးရုံ သက်သက်ပါ၊ အိုမိုးရိကသာ ဂျပန်နိုင်ငံထဲကို တကယ် လက်တွေ့ ခေါ်လာသူ ဖြစ်တယ်” ဟု မစ္စတာခိုဘုနဲ့က ဂျပန်စုံစမ်းရေးရဲများရှေ့ ထွက်ဆိုခဲ့သည်။

မစ္စတာအိုမိုးရိကမူ ၄င်းအပေါ်ချမှတ်သည့်ပြစ်ဒဏ်ကို ငြင်းဆန်လိုက်ပြီး

“ဒါကတော့ လူအလုံးအရင်းနဲ့ လူမှောင်ခိုကုန်ကူးတာမှ မဟုတ်တာ …”

ဟု ငြင်းဆိုသည် ။

၂ဝဝ၃ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Wellness Network 21 ကုမ္မဏီသည် တိုကျိုအခြေစိုက် ရာဇဝတ်ဂိုဏ်းတခုနှင့် ချိတ်ဆက်၍ စီးပွားရေးလုပ်ကိုင်နေကြောင်း ဂျပန်ရဲများက ထုတ်ဖေါ်နိုင်ခဲ့သည်။

( သတင်းမူရင်း - ဂျပန်နိုင်ငံထုတ် “မိုင်းအိနိချိ” နေ့စဉ်သတင်းစာ)

No comments:

 
/* EOT ----------------------------------------- */