Friday, January 16, 2009

မြန်မာ့ ရွှေဈေးကွက် အေးစက်

Thursday, 15 January 2009 19:12 အောင်သက်ဝိုင်း
မြန်မာ နိုင်ငံတွင် ရွှေဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေ သော်လည်း ၀ယ်လက် မရှိသောကြောင့် အရောင်း ဈေးကွက် အေးနေကြောင်း သိရသည်။ ရွှေဈေးကွက်တွင် ယခုလ ဆန်းပိုင်းက အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၅၂၅၀၀၀ နှုန်းဖြင့် ရွှေဈေးများ တန့်ခဲ့ကြောင်း၊ ဇန်န၀ါရီ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၅၀၄၅၀၀ နှင့် ၅၀၆၀၀၀ အကြားသို့ ရုတ်တရက် ဈေးကျဆင်း ခဲ့ကြောင်း၊ ဈေးများ ကျဆင်းသော်လည်း ရွှေရောင်း ၀ယ်မှုမှာ မရှိသလောက် ပါးလှကြောင်း ရန်ကုန် ရွှေစီးပွားရေး သမားများက ပြောသည်။
“ရွှေဈေး ကျတယ်။ ရွှေမိုင်းတွေက ရွှေအ၀င်များတယ်။ ရွှေမိုင်းတွေက ဒီဇယ်ဈေး ကျတော့ ထုတ်လုပ်မှု ပိုတယ်။ ဈေးကွက်မှာလည်း ရွှေရောင်းတဲ့သူ များတယ်။ Supply များပြီး Demand နည်းနေတယ်။ ဒါကြောင့် ဈေးထပ်ကျ ဦးမယ်” ဟု မန္တလေးမှ ရွှေမှော် စီးပွားရေး သမားတဦးက ပြောဆိုသည်။

နိုင်ငံတကာ ရွှေဈေးနှုန်းများ ကျဆင်း နေချိန်တွင် အမေရိကန် ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်း တန်ဖိုး တည်ငြိမ်နေသည့် အတွက်လည်း မြန်မာ့ရွှေဈေး ပိုမိုကျဆင်းရခြင်း ဖြစ်ကြောင်း၊ ယခင်က နိုင်ငံတကာ ရွှေဈေးနှုန်းကျလျှင် မြန်မာငွေတန်ဖိုး လိုက်ကျလေ့ ရှိသည့်အတွက် ရွှေဈေး အလွန်ကျဆင်းခြင်း မရှိကြောင်း၊ သို့သော်လည်း ယခုအခါတွင် မြန်မာငွေ တန်ဖိုး အလွန် တည်ငြိမ်သည့် အတွက် ရွှေဈေးနှုန်းများ ဆက်တိုက် ကျဆင်းရန် ရှိကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။

“ပြည်တွင်း ရွှေကုန်သည် တွေက ဒေါ်လာရော၊ ရွှေရော အရောင်းအ၀ယ် လုပ်ကြတယ်။ ကမ္ဘာ့ ရွှေဈေးကျလာရင် မြန်မာငွေ တန်ဖိုးကိုချပြီး ရွှေဈေးကို မကျအောင် ထိန်းတယ်၊ အခု အဲဒီလို လုပ်လို့ မရတော့ဘူး၊ ပြည်တွင်း ဈေးကွက်မှာ ဒေါ်လာ ရောင်းချင်တဲ့ သူများပြီး အရောင်းအ၀ယ် သိပ်မရှိဘူး၊ နိုင်ငံတကာ ရွှေဈေးက တအားကျပေမယ့် အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁၁၅၀ နဲ့ ဈေးငြိမ်နေတယ်၊ ဒါကြောင့် ရွှေဈေးတွေ အရမ်းကျတာ” ဟု ရန်ကုန်မြို့မှ ဒေါ်လာနှင့် ရွှေအရောင်းအ၀ယ် လုပ်သည့် ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

ရန်ကုန် တရားမ၀င် ငွေကြေး အရောင်းအ၀ယ် ဈေးကွက်တွင် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၄ ရက်နေ့က အမေရိကန် တဒေါ်လာ ရောင်းချလျှင် မြန်မာငွေ ၁၁၄၅ ကျပ်သာ ရရှိပြီး ၀ယ်လိုပါက အမေရိကန် တဒေါ်လာ မြန်မာငွေ ၁၁၅၀ ဖြင့် ၀ယ်ယူရကြောင်း၊ FEC တယူနစ် ရောင်းလျှင် မြန်မာငွေ ၁၀၃၀ ရရှိကာ ၀ယ်ယူမည် ဆိုပါက မြန်မာငွေ ၁၀၄၀ ပေးရပြီး ဈေးကွက်၌ အရောင်း အ၀ယ်မရှိ အေးနေကြောင်း သိရှိရသည်။

ရန်ကုန် ရွှေဈေးကွက်မှ စီးပွားရေး သမားတဦး၏ အဆိုအရ ပြီးခဲ့သော လများအတွင်း ပဲအရောင်းအ၀ယ် လုပ်ကိုင်ရင်း ငွေကြေး ဆုံးရှုံးခဲ့သည့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့သည့် အေးရှားကင်း၊ ရတနာဝင်း (သုံးဆယ်)၊ KB၊ သီဟရာဇာ၊ Crown စသည့် ကုမ္ပဏီများ ကလည်း အရင်းအနှီး သစ်များဖြင့် လုပ်ငန်းလုပ်ကိုင်ရန် ၎င်းတို့ပိုင် ရွှေတုံး ရွှေခဲများကို ပြန်လည် ရောင်းချရာတွင် အရောင်းအ၀ယ် မဖြစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ငွေလိုသော တောင်သူ လယ်သမား များကလည်း စပါးသစ်များ အရှုံးခံ ရောင်းချခြင်း မပြုဘဲ စပါးဈေး ကောင်းစဉ်က ရရှိသည့် အမြတ်ငွေများဖြင့် ပြုလုပ်ခဲ့သော ရွှေထည် ပစ္စည်းများ ပြန်လည် ရောင်းချခြင်းဖြင့် ငွေဖော် နေရသည့် အတွက် ရွှေဈေးကွက်တွင် ရောင်းလိုအား ပိုမိုများပြား စေခဲ့သည်။

ယခု လက်ရှိတွင် မြို့နေ လူလတ်တန်းစား များမှာ ငွေကိုသာ ကိုင်ထားလိုကြပြီး၊ စပါးပေါ်ချိန် ရွှေဝယ်စုကြသည့် ကျေးလက်နေ လယ်သမား အများစုမှာလည်း အကြွေး တင်နေကြသည့် အတွက် ရွှေဆိုင်များ စီးပွားရေး လည်ပတ်မှုမရှိ ဖြစ်နေကြောင်း ရန်ကုန် ရွှေအရောင်းဆိုင်များက ပြောပြသည်။

“လူတွေက ငွေရှားတော့ တော်တော် တန်တန်ငွေ မသုံးဘူး၊ ငွေပိုရှိတဲ့ သူကလည်း ငွေကိုစုပြီး ကျစ်ကုတ်နေတယ်၊ တောင်သူ လယ်သမား ကလည်း ရှုံးတော့ ရွှေမလုပ်နိုင်ဘူး၊ ဆိုင်မှာ ရွှေဝယ်တဲ့ သူထက် ရွှေပြန်ရောင်းတဲ့သူက များတယ်”ဟု မန္တလေးမြို့နှင့် ရန်ကုန်မြို့တွင် ရွှေဆိုင်များ ဖွင့်လှစ်ထားသည့် စီးပွားရေး သမားတဦးက ဆိုသည်။

ယခု ရွှေဈေးကွက်တွင် ရွှေအရောင်းအ၀ယ် ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းနေပြီး ရောင်းချင်သူ အများဆုံး ရှိနေကြောင်း၊ ထို့ကြောင့် ပြည်တွင်း ရွှေဈေးကွက်တွင် ရွှေဈေးနှုန်းများ ဆက်လက် ကျဆင်းမည်ဟု ရွှေဆိုင်များက သုံးသပ်ကြပြီး ၂၀၀၉ ခုနှစ် တနှစ်လုံးသည် ရွှေဆိုင်များနှင့် ရွှေကုန်သည် များအတွက် စီးပွားရေး အကြပ်အတည်း ဆုံးသော နှစ်တနှစ် ဖြစ်နိုင်ကြောင်း ရွှေစီးပွားရေး သမားကြီးများက ပြောဆိုကြသည်။

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=603:2009-01-15-12-12-58&catid=1:news&Itemid=2

No comments:

 
/* EOT ----------------------------------------- */