Saturday, August 29, 2009

အမျိုးသားဒီမိုကရေစီအဖွဲံ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လူကြီးများ နှင့်အမေရိကန် ကွန်ကရက်ရဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ။...။


ယနေ့ ညနေ၄နာရီမှ ၅နာရီ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အဖွဲ့ချုပ်CEC အဖွဲ့ဝင်လူကြီးများနဲ့ အမေရိကန်ကွန်ကရက်မှ ဝန်ထမ်းများ ၁နာရီခန့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အဖွဲ့ချုပ်ရုံးမှာ CEC အဖွဲ့ဝင် လေးဦး၊ပြန်ကြားရေးအဖွဲ့ဝင် အန်ကယ်အပါအဝင်နှစ်ဦး၊ ရုံးအဖွဲ့ဝင် တစ်ဦး တို့နဲ့ အမေရိကန်ကွန်ကရက် အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦး၊ ဒီကဋ္ဌာနေ နှစ်ဦးပေါင်းငါးဦး ၁နာရီလောက် တွေ့ဆုံခဲ့ပါတယ်။ အဓိကကတော့ သူတို့က မေးခွန်းတွေ အချက်အလက်တွေ လာရောက်မေးမြန်းတာပါ။

ပထမဦးဆုံး မေးတာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ၂၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်တဲ့။
အကျဉ်းထောင်ထဲက နိုင်ငံရေးသမားတွေရဲ့ နေထိုင်ရတဲ့အခြေနေတွေ သိချင်ပါတယ်လို့ မေးပါတယ်။ အဲ့ဒီ့မေးခွန်းကိုတော့ ဦးခင်မောင်ဆွေနဲ့ ဦးအုန်းကြိုင်တို့က ထောင်တွင်း အစားအသောက်၊ ကျန်းမာရေး လွတ်လပ်ခွင့် စတဲ့အခြေအနေတွေကို ရှင်လင်းပြောပြပါတယ်။

ဒုတိယ မေးခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ အခြေအနေကို မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေထိုင်ရတဲ့ အခြေအနေ၊ ထိန်းသိမ်းထားတဲ့ ဥပဒေကို အန်ကယ်က ရှင်းပြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုလိုနေအိမ် အကျယ်ချုပ်နေရတာ ဥပဒေအရ ထိန်းသိမ်းခံရတာ မဟုတ်ဘူး အမိန့်အာဏာအရ ထိန်းသိမ်းခံရတာ ဖြစ်ကြောင်း အန်ကယ် သေသေချာချာ ရှင်းပြတော့ သူတို့တော်တော် အံ့သြကြပါတယ်။

နောက်တခုက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ သဘောထားကို မေးပါတယ်။ လက်ရှိအခု နယ်စပ်ကတိုင်းရင်းသားတွေနဲ့ ပြဿနာဖြစ်နေတဲ့ကိစ္စ၊ ဒီရက်အတွင်းမှာ တချို့အဖွဲ့ အစည်းတွေက ရွေးကောက်ပွဲဥပဒေလည်းမရှိသေး၊ ပါတီဖွဲ့ဖို့ ကော်မရှင်ဖွဲ့ဖို့ ဥပဒေလည်း မထွက်သေးပဲနဲ့ ဆိုင်းဘုတ်တွေတင်နေတာကို အစိုးရက ဘာကြောင့်ခွင့်ပြုထား တယ်ဆိုတာ စဉ်းစားစရာတွေ ဖြစ်နေတဲ့ အကြောင်းတွေ ရှင်းပြပါတယ်။ ဒီလိုအခြေအနေတွေမှာ NLD အနေနဲ့ Yes Or No ပြောလို့မရသေးကြောင်း ဆရာဦးညွန့်ဝေက ဖြေကြားခဲ့ပါတယ်။

နောက်တချက်က လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေပေးဖို့ အချက်အလက်တွေ စုဆောင်းနေတာဖြစ်ပါတယ်။ နောက် Sanction နဲ့ပတ်သတ်တဲ့ သဘောထားကို မေးပါတယ်။ အဲ့ဒါကို NLD ရဲ့ရှိပြီးသားပေါ်လစီ ဖြစ်တဲ့ ရိုးသားပွင့်လင်းရမယ်၊ တာဝန်ယူမှုရှိရမယ် စတာတွေကို ရှင်းပြပါတယ်။

အမေရိကန် အစိုးရရဲ့မူဝါဒ အပြောင်းအလဲရှိမရှိ အန်ကယ်တို့က မေးပါတယ်။ သူတို့က အမေရိကန် အစိုးရနဲ့မသက်ဆိုင်ဘူး ကွန်ကရက်နဲ့တာ သက်ဆိုင်တယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံခြာရေး မူဝါဒ ပြောင်းလဲရေးအတွက် OBAMA အစိုးရက အလေးအနက်ထားတဲ့ အကြောင်း ဒါပေမယ့် အချိန်တို အတွင်းမှာတော့ ခပ်မြန်မြန် ပြောင်းလဲတဲ့မူဝါဒချစရာ မရှိသေးဘူးလို့ ပြောပါတယ်။

အဓိကကတော့ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေပေးဖို့ မြန်မာနိုင်ငံရေး အချက်အလက်တွေ စုဆောင်းနေတာဖြစ်တယ်လို့ အန်ကယ်မြင်ပါတယ်။

မစ္စတာဂျင်မ်ဝက်ဘ် ကိစ္စနဲ့ပတ်သတ်ပြီး မစ္စတာဂျင်မ်ဝက်ဘ်ဟာ အိုဘားမားအစိုးရရဲ့ ကိုယ်စားလှယ် မဟုတ်ကြောင်း၊ အစိုးရရဲ့တာဝန်ခံ ပြောနေတာမဟုတ်ကြောင်း အဲ့ဒီလိုပုံစံမျိုးပြောပါတယ်။

ဒီကနေ့တွေ့ဆုံပွဲသို့ NLD CEC မှ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်၊ ဦးခင်မောင်ဆွေ၊ ပြန်ကြားရေးမှ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင် နဲ့ ရုံးအဖွဲ့မှ ဦးလှမင်းတို့ တက်ရောက်ခဲ့ပြီး အမေရိကန်ဘက်မှ ဒီမိုကရက်တစ် ကိုယ်စားလှယ် ၂ဦး၊ ရီပါပလေကန် ၁ဦးနဲ့ ဋ္ဌာနေကိုယ်စာလှယ် ၂ဦး တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။
ဆက်သွယ်မေးမြန်းချက်......ဒီမိုဝေယံ

No comments:

 
/* EOT ----------------------------------------- */