Sunday, November 4, 2007

ပြည်တွင်းမှ..အိပ်ဖွင့်ပေးစာ..

အခုပြောမည့်အကြောင်းကို ပြောဖို့အတွက် ကျွန်တော်တို့ သေချာစွာ စဉ်းစားခဲ့ရပါတယ်။ ဒါပေမယ့် ဖွင့်ဟ မပြောမိခဲ့မိရင် တိုင်းပြည် နဲ့  လူမျိုးကို လိမ်လည်ရာ ကြမယ့်အဖြစ်ကို အဖြစ်မခံနိုင်တဲ့အတွက် အခုလို အသိပေးရခြင်း ဖြစ်ပါတယ်။
အခု ပြောမယ့် အကြောင်းအရာကတော့ ဆန္ဒမပါပဲ ပြုလုပ်ခဲ့ရတဲ့ နေ့ တစ်နေ့အတွက် ကျွန်တော်တို့အားလုံး စိတ်အဆင်းရဲဆုံးနေ့ ဖြစ်ခဲ့ရတာနဲ့  ပတ်သက်ပါတယ်။
ကျွန်ုပ်တို့ဟာ xxxx တက္ကသိုလ်မှာ xxxx ၀န်ကြီးဌာနက ဖွင့်လှစ်ခေါ်ယူတဲ့ စံပြအင်ဂျင်နီယာ ဆရာဖြစ် သင်တန်းကို တက်ရောက်နေသူများဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ xxxx ၀န်ကြီးဌာနကနေ ပေးအပ်တဲ့ (တိတိကျကျ ပြောရမယ်ဆိုရင် တိုင်းပြည် နဲ့  ပြည်သူလူထုက ပေးအပ်တဲ့) လစာကို စားပြီး ကျောင်းတက်နေကြသူများ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရ၀န်ထမ်းဖြစ်နေရတော့ အခြားဝန်ထမ်းများလို တစ်ခါတစ်ရံမှာ တိုင်းပြည်နှင့်လူမျိုး မျက်နှာမထောက်မိဘဲ ခိုင်းတဲ့ကိစ္စရပ်တွေကို ကိုယ်ရဲ့ ဆန္ဒမပါဘဲ လုပ်ဆောင်နေရတယ်။
ဒီလို မလုပ်ချင်ဘဲ လုပ်နေရတာကတော့ ကိုယ့်ရဲ့ အခြေအနေအရရော ကိုယ်နဲ့ ပတ်သက်နေတဲ့ မိဘများနဲ့  သွေးချင်းသားချင်းများကို အရေးယူမှာ စိုးလို့ ပါ။ သက်ဆိုင်ရာ ဌာနဆိုင်ရာလူကြီးတွေက စာချုပ်များ ချုပ်ဆိုစေပြီးတော့ ကျွန်တော်တို့ အတွက် သတ်မှတ်ပေးထားတဲ့ တာဝန် ထမ်းဆောင်မပြီးမချင်း (ဒါမှမဟုတ်) သတ်မှတ်ပေးထားတဲ့ ငွေကြေးတန်ဖိုး မပေးလျော်မချင်း သူတို့ ခိုင်းစေချက်များကို တစုံတရာ လိုက်နာခြင်းမပြုခဲ့ရင် သူတို့ အနေနဲ့  ကြိက်နှစ်သက်သလို အရေးယူခံမှာဖြစ်လို့  ဖြစ်ပါတယ်။
ပြောချင်တဲ့ အဓိက အကြောင်းအရာကိုတော့ ပြောပြချင်ပါတယ် ။
၎-၁၀-၂၀၀၇ ရက်နေ့ မတိုင်မီ ရက်တွေက ကျွန်တော်တို့အားလုံးကို သက်ဆိုင်ရာဌာနမှုးများမှတဆင့် ကျွန်တော်တို့ အနေနဲ့  နအဖအစိုးရအား ထောက်ခံပါကြောင်း၊ အနောက်နိုင်ငံများရဲ့  ၀င်ရောက်စွက်ဖက်မှုကို မလိုလားပါကြောင်း၊ တိုင်းပြည်အေးချမ်းမှု နဲ့  အေးချမ်းစွာ ပညာသင်ကြားခွင့်ရရှိနိုင်ရေးတို့ကို လိုလားပါကြောင်း၊ ပြည်တွင်းမငြိမ်မသက်မှုများကို မလိုလားပါကြောင်း တို့ကို လက်မှတ်ထိုးစေပြီး ကုလသမဂ္ဂသို့ တင်သွင်းပေးရမယ်လို့ အတင်းခိုင်းလာတာပါ။ ဒါပေမယ့် အခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနတွေကို ကျွန်တော်တို့ အားလုံး ကောင်းကောင်း နားလည်လို့  စံပြအင်ဂျင်နီယာ ဆရာဖြစ်သင်တန်းကိုတက်ရောက်နေကြတဲ့ ကျွန်တော်တို့  သင်တန်းသား သင်တန်းသူအားလုံး တစ်ယောက်မျှ ဒီအတင်းခိုင်းစေတောင်းဆိုချက်တွေကို လက်မှတ်ထိုးတာ မလုပ်ခဲ့ပါဖူး။
ကျွန်တော်တို့ စိတ်တွေထဲမှာ တစ်ဘက်ကလည်း မြန်မာ့ပြည်အရေးအတွက် ကုလသမဂ္ဂကနေ အကူအညီပေးရေး တောင်းဆိုချက်များကို အင်တာနက်မှာ ၀င်ရောက်လက်မှတ်ထိုးပေးချင် စိတ်များ ပေါက်ဖွားနေပေမယ့် ကျွန်တော်တို့ တစ်တွေ မည်သူတစ်ဦးတစ်ယောက်မျှ မပြုလုပ်ရဲဖြစ်နေကြပါတယ်။
ဒါနဲ့ အပြင်ကျောင်းများတွင် တက်ရောက်နေကြတဲ့၊ ကျွန်တော်တို့ လို အစိုးရ၀န်ထမ်းမဟုတ်တဲ့ ပုံမှန်ကျောင်းသားများကို မေးမြန်းကြည့်ရာတဲ့အခါမှာ သူတို့ တို့အားလုံးကို လည်း သက်ဆိုင်ရာဌာနဆိုင်ရာအာဏာပိုင်တွေက အလားတူခိုင်းစေမှုတွေ ရှိနေကြောင်း၊ ဒါပေမယ့် ဘယ်သူမှ လက်မှတ်မထိုးကြကြောင်း၊ စာမေးပွဲဖြေဆိုခွင့်ပိတ်ပင်မယ်လို့  ချိမ်းခြောက်လာလို့ သာ ကျောင်းသားအချို့ တောင်းဆိုချက်များကို မလုပ်ချင်ဘဲနဲ့  လက်မှတ်ထိုးပေးလိုက်ရကြောင်း သိရပါတယ်။။
ဒါနဲ့  ၄-၁၀-၂၀၀၇ နေ့ရောက်တော့ xxxx တက္ကသိုလ် ပါမောက္ခချုပ် xxxx က xxxx တက္ကသိုလ် ပင်မဘွဲ့နှင်းသဘင် ခန်းမမှာ ကျွန်တော်တို့ ၀န်ထမ်းသင်တန်းသား အားလုံးကို ခေါ်ယူပြီးတော့ "တိုင်းပြည်ကို မချစ်ဘူးလား၊ ချစ်ရင် လက်မှတ်ထိုးကြရမယ်" လို့  ဆွဲဆောင်စည်းရုံးပြီးတော့ ကျွန်တော့်တို့အား အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပါတယ်။ ကျွန်တော်တို့အားလုံး လက်မှတ်ထိုးဖို့  ဆန္ဒမရှိလို့  ဘယ်သူမှ လက်မှတ်မထိုးကြသေးပါ။ ဒါပေမယ့် ကျွန်တော်တို့ လက်မှတ်တွေ မရရင် ဆရာမကြီးအတွက် ဒုက္ခရောက်မှာကို စိုးရိမ်ကြတာရော၊ ဆရာမကြီးကိုယ်တိုင် က ဒီိပြဿနာတွေကို သိလို့  ကျောင်းသားတွေကို ငိုယိုတောင်းပန်ခြင်းလာလို့ ရော။ ကျွန်တော်တို့အားလုံးရဲ့ ရှေ့ရေး၊ မိသားစုရှေ့ရေးကို ထိခိုက်မှာ စိုးရိမ်ရလို့ ရော ကျွန်တော်တို့တွေ နောက်ဆုံးမှာ အလုပ်ချင်ဘဲ ဆန္ဒမပါဘဲ လက်မှတ်ထိုးခဲ့ကြရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့အားလုံး ချက်ချင်းတိုင်ပင်ပြီးတော့ အသင့်လာပေးထားတဲ့ စာရွက်တွေပေါ်တွင် မယုတ်မလွန် အခုလိုဘဲ ဖော်ပြလက်မှတ်ထိုးပေးခဲ့ကြပါတယ်။
၁။ မိမိတို့အားလုံးသည် တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးပါသဖြင့် တိုင်းပြည်အေးချမ်းမှုကို လိုလားပါသည်။
၂။ မိမိတို့သည် အေးချမ်းစွာပညာသင်ကြားခွင့်ရရှိမှုကို ချစ်မြတ်နိုးပါသည်။
လို့ ဘဲ နအဖအစိုးရအတွက်မဟုတ်ဘဲ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့  အခုလို လက်မှတ်ရေးထိုးဖော်ပြချက်များ၊ တစ်တိုင်းပြည်လုံးရှိ ၀န်ထမ်းများစွာ၊ ကျောင်းသားများတို့ လည်း ကျွန်တော်တို့နဲ့ အလားတူ ဖိအားပေးခံရမှု ကြောင့် ဆန္ဒရင်းမှန်မပါဘဲ လက်မှတ်ထိုးပေးခဲ့ရသော ဖော်ပြချက်များကို နအဖက လက်ရှိ မြန်မာ့နိုင်ငံမှာ စေ့စပ်ညှိနှိုင်းရေး ဖော်ဆောင်ဖို့  ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကို ကြွားလုံးထုတ်ပြီး တင်ပြလိမ့်မယ်လို့  သိရှိရပါတယ်။
ဒါကြောင့်မို့  ကျွန်တော်တို့ ရင်ထဲက မလာဘဲ၊ ဖိအားပေး မှုကြောင့် ရေးသားခဲ့ရတဲ့ ဒီ လက်မှတ်ထိုး ဖော်ပြ ချက်တွေကို အမှန်အတိုင်း သိကြဖို့  မြန်မာတစ်ပြည်လုံး၊ တစ်ကမ္ဘာလုံး သိရအောင်၊ အထူးသဖြင့် ကုလ သမဂ္ဂ ကိုယ်စားလှယ်တော် နဲ့  ကုလသမဂ္ဂ နဲ့  အခြား အရေးပါတဲ့ အဖွဲ့အစည်း တွေ၊ မြန်မာ့ အရေးလှုပ် ရှားသူတွေအားလုံးကို မီဒီယာများကနေ တဆင့် မစ္စတာ ဂမ်ဘာရီ မပြန်မီ အလျှင်အမြန် အရေးတကြီး အချိန်မီ တင်ပြပေးစေလိုပါတယ်။ အားလုံးဝိုင်းဝန်း လုပ်ပေးကြပါ။ မစ္စတာ ဂမ်ဘာရီကို နအဖကပေးမယ့် လက်မှတ် ထိုးစာရွက်စာတမ်းတွေဟာ ကျွန်တော်တို့  ၀န်ထမ်းတွေ ကျောင်းသားတွေ ပြည်သူတွေကို အတင်းဖိအားပေးခိုင်းပြီး ခြိမ်းခြောက်ပြီးထိုင်းခိုင်းတဲ့ စာရွက်စာမ်းတွေပါလို့ ။ ကျွန်တော်တို့  ရင်ထဲ ကတကယ်ဖြစ်စေချင်တာက မြန်မာပြည်အရေးကို ကုလသမဂ္ဂကနေ ထိထိရောက်ရောက် ၀င်ရောက် ဆောင်ရွက်စေချင်တာပါ။
ဤမှန်သော ကျွန်တော်တို့ရဲ့  သစ္စာစကားကြောင့် မြန်မာပြည် အနာဂတ်ခရီး ချောမွေ့ပြီး အသက်သွေးချွေးများ မပေးလှူရပဲ တိုင်းပြည် အေးချမ်းမှုဖွံ့ဖြိုးမှု ကို အချိန်တိုအတွင်း ရရှိပါစေသား။

No comments:

 
/* EOT ----------------------------------------- */