Saturday, March 28, 2009

ဂုဏ်ပြုထိုက်သည့်တပ်မတော်ဖြစ်ရန် မြန်မာအမျိုးသမီးများတောင်းဆို

ဇော်ကြီး။
မတ်လ ၂၇ ရက်၊ ၂၀၀၉ ခုနှစ်။
http://www.nmg-news.com/nmg/news270309.html

လွတ်လပ်ရေးကြိုးပမ်းစဉ် တပ်မတော်ကဲ့သို့ ပြန်လည်ဖြစ်လာစေရန် ရည်ညွန်းပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ဦးဆောင်၍ “အမှာင်လွှမ်းစေသောတပ်မတော်မှ ဂုဏ်ပြုထိုက်သောတပ်မတော်သို့” အမည်ရှိ ဗွီဒီယိုမှတ်တမ်းခွေ ဖြန့်ချီလိုက်သည်။

ယနေ့ကျရောက်သည့် (၆၄) နှစ်မြောက်တပ်မတော်နေ့တွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင် ၍ “အမှောင်လွှမ်းစေသော တပ်မတော်မှ ဂုဏ်ပြုထိုက်သော တပ်မတော်သို့” အမည်ရှိ ဗွီဒီယိုမှတ်တမ်း ခွေ ဖြန့်ချီသည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလက အစဉ်လာကောင်းသည့်တပ်မတော်သည် ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူထုနှင့်သွေဖီသည့် လမ်းကြောင်းပေါ် ရောက်ရှိသွားသည့်အတွက် အထက်ပါ ခေါင်းစဉ် ကို ရွေးချယ်ရခြင်းဖြစ်သည်ဟု အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ အတွင်းရေးမှူး(၁) ဒေါ်တင်တင်နွယ်က ယခုလိုပြောသည်။

“ဒါကြောင့် ကျမတို့ကဒီကနေ့မှာ ဒီအမှောင်လွမ်းနေတဲ့ တပ်မတော်ကနေပြီးတော့ ကျမတို့ ပြည်သူ တွေ အားကိုးဂုဏ်ယူရလောက်တဲ့ တပ်မတော်ဖြစ်အောင်ပြုလုပ်ဖို့ မြန်မာနိုင်ငံရဲ့ တိုင်းပြည်အပြောင်း အလဲကို ရှေ့ရှုတဲ့လုပ်ငန်းစဉ်တွေမှာ မြန်မာ့တပ်မတော်သားတွေ အနေနဲ့ ပြည်သူတွေဖက်က နေပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ တိုက်တွန်းအကြံပြုခြင်းကနေပြီးတော့ ဒီခေါင်းစဉ်ကို ရွေးချယ်ပြုလုပ်တာဖြစ်ပါတယ်။”

ယနေ့ဖြန့်ချီသည့် ဗွီဒီယိုမှတ်တမ်းခွေ၌် မြန်မာ့တပ်မတော်မှ အမျိုးသမီးများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အဓမ္မပြုကျင့်မှုများနှင့် ပါတ်သက်၍ မှတ်တမ်းတင်ဖော် ပြထားပြီး တပ်မတော်၏ မှားယွင်းသည့် လုပ်ရပ်များ လျော့ပါးသွားရန် ရည်ရွယ်၍ထုတ်ဝေ ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) စာရင်းဇယားများအရ တိုင်းရင်းသားဒေသများတွင် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုများ တိုးတက်များပြားနေဆဲဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုအရ လူတိုင်းအားမှတ်တမ်းကောက်ယူ၍ မရနိုင်သဖြင့် အတိအကျဖော်ပြနိုင်ရန် ခက်ခဲသည်ဟု အချက်အလက်ရှာဖွေစုဆောင်းသူ နန်းဆိုင်နောင့်က ပြောသည်။

“လူတယောက်ရဲ့ဘ၀မှာ ဆိုးဝါးတဲ့ ခါးသီးတဲ့အခြေအနေတွေကိုကြုံတွေ့ရပြီဆိုရင် အဲတာမျိုးတွေကို မပြောချင်ကြဘူးပေါ့နော် အထူးသဖြင့် အမျိုးသမီးတွေ မတရားကျင့်ခံရ ပြီဆိုရင်လည်း သူတို့ပြောပြတဲ့ စကားတခွန်းကိုတော့ အမြဲတန်းမှတ်မိနေတယ်၊ အဲဒီ စကားကဘာလည်းဆိုတော့ ဒီအကြောင်းကိုပြန်ပြောရင်တဲ့ နောက်ထပ်တခါထပ်ပြီးတော့ မုဒိန်းကျင့်ခံရသလိုပဲ ခံစားရတယ်တဲ့။”

အခမ်းအနား၌ပြသသည့် မှတ်တမ်းဗွီဒီယိုပါ အချက်အလက်များနှင့် ပါတ်သက်၍ အခမ်းအနား သို့တက်ရောက် လာသည့် အမျိုးသမီးတဦး၏ ရင်တွင်းခံစားချက်ကို မေးမြန်းခဲ့ရာ သူမက ယခုလို ထုတ်ဖော်ပြောခဲ့သည်။

“ဒါတောင်မှ အင်တာဗျူးက နည်းနည်းပဲပါတယ် ကျမတို့ကြည့်တာ၊ ဒီထက် လက်တွေ့မှာ တကယ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေထဲမှာဆို အမျိုးသမီးတွေ ဘယ်လောက်ထိရှိ နေမယ်ဆိုတာ ကျမမှန်းကြည့်ရင်းနဲ့ သူတို့အတွက်ဝမ်းနည်းမိတယ်၊ တဆက်တည်းမှာပဲ ဒီဟာကိုပြုလုပ်နေတဲ့သူတွေ၊ ကျူးလွန်နေတဲ့သူတွေကိုလည်း ခုနကခွေထဲက ပြောသွားတဲ့ ညီမတစ်ယောက်လိုပဲ တတ်နိုင်ရင် ကျူးလွန်တဲ့သူတွေကို ထိုက်တန်တဲ့ အပြစ်ဒဏ်ပေး စေချင်တာပေါ့။”

စစ်အစိုးရ၏ ယခုကဲ့သို့ အမျိုးသမီးများအပေါ်ကျူးလွန်မှုများအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်၏ နှစ်ပါတ်လည်အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသော်လည်း စစ်အစိုးရက ငြင်းဆိုထားသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများသည် မမွေးခင်ကတည်းက အခွင့်အရေးအပြည့်အ၀ ရနေပြီး ခွဲခြားဆက်ဆံမှုမရှိဟု CEDAW ကော်မတီသို့ စစ်အစိုးရမှ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

CEDAW ခေါ် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံးပပျောက်ရေးဆိုင်ရာ သဘောတူ ညီချက်စာချုပ်ကို ၁၉၉၇ ခုနှစ်ကချုပ်ဆိုခဲ့ပြီး အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံက လက်မှတ် ရေးထိုးခဲ့သည်။

No comments:

 
/* EOT ----------------------------------------- */