Thursday, March 20, 2008

တို့ခေါင်းဆောင်တွေ အိပ်ပျော်နေသလော

တို့ခေါင်းဆောင်တွေ အိပ်ပျော်နေသလော
စတိတ်မန့်ချစ်သူ

တလောက မြန်မာပြည်က ထွက်လာကာစ လူငယ်တချို့နဲ့ ဆုံဖြစ်ပါတယ်။ တိတိကျကျပြောရရင်တော့ အသက် ၂၀ ကျော် ၃၀ ၀န်းကျင် လူငယ် ၅ ယောက်နဲ့ပါ။ မြန်မာပြည်နိုင်ငံရေးကို စိတ်ပါဝင်စား တတ်ကြွနေတဲ့သူတွေ ဆိုပါ တော့။ ပြည်တွင်းက အခြေအနေတွေ မေးမြန်းပြောဆိုရင်း လွန်ခဲ့တဲ့ စက်တင်ဘာလ သံဃာ့အရေးတော်ပုံအကြောင်း ရောက်သွားပါတယ်။ သူတို့တတွေကလည်း အဲဒီကာလမှာ ထိပ်ဆုံးက မဟုတ်ပေမယ့် အနည်းနဲ့အများဆိုသလို ပါဝင်ခဲ့ကြ သူတွေချည်းဆိုတော့ အားတတ်သရော ပြောကြ ဆိုကြပေါ့လေ။
ပြောဖြစ်ကြတာက မမျှော်လင့်ပဲ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖြစ်ပေါ်ခဲ့တဲ့ အရေးတော်ပုံကြီးဟာ မထင်မှတ်ပဲ အရှိန်ထိုးကျသွားတဲ့အကြောင်းပါ။ ပြောကြဆိုကြရင်း တယောက်ကအဲဒီတုန်းကဗျာ.. အစောပိုင်းတုန်းက ကျနော်တို့ကြားတာက တိုင်းရင်းသားတပ်က လာကူမယ်ဆိုတော့ တော်တော်မျှော်လင့်ခဲ့တာဗျတဲ့။
နောက်တယောက်ကလည်း ဟုတ်တယ်ဗျ။ နောက်တော့ နောင်တော်တွေတပ်ကလည်း လာကူမယ်ကြားတော့ ကျနော်တို့ တော်တော်ဝမ်းသာခဲ့ကြတာဗျလို့ ဆိုပြန်တယ်။ ကျန်တယောက်ကလည်း..
ဟုတ်တယ်ဗျ။ တချို့ကလည်း ပြည်ပနိုင်ငံရောက် အင်အားစုတွေက စုပေါင်းပြီး ပြည်တွင်းအထိ လာကူကြ တော့မယ်လို့လည်း ကြားရတာကိုးတဲ့။ သူတို့စကားတွေအတွက် အံ့သြလို့ မဆုံးခင် တခြားတယောက်က..
နောက်ဆုံးတော့ဗျ.. ကုလကြီးက လာကူညီဖို့ ရောက်လာတယ်ဆိုတော့ ကျနော်တို့လည်း လုံးဝမျှော်လင့်ပြီး ထ တောင် ခုန်မိသေးတယ် အကိုရယ်တဲ့။
သူတို့တွေဟာ အရေးတော်ပုံမှာ ထိပ်တန်းက လှုပ်ရှားသူတွေ မဟုတ်တဲ့ လူငယ်တွေ ဖြစ်လေတော့ ဘယ်က ဘယ်လို ထွက်လာတယ်မသိတဲ့သတင်းတွေနဲ့ အားတတ်ခဲ့ကြတာကိုတွေးမိပြီး စိတ်ထဲ အံ့သြတာထက် စိတ်မကောင်း ဖြစ်လိုက်မိတယ်။ ရေနစ်သူအတွက် ကောက်ရိုးမြက်တပင်ကိုတောင် အားကိုးမိသလို သူတို့ဖက်က အားကိုးတာကို သိရတော့ ဘာမှ မယ်မယ်ရရ မလုပ်ပေးခဲ့နိုင်တဲ့ ကိုယ့်ဖက်က အနေအထားအတွက် ရှက်မိတာ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် နောက်တကြိမ်ကျရင် ဒီလိုမဖြစ်ဖို့ သင်္ခန်းစာ ယူရုံပဲ ရှိတော့တာပေါ့။
အတွင်းဖက်က အားကိုးသလောက် အပြင်ဖက်က လုပ်နိုင်ကူနိုင်တဲ့အခြေအနေတွေ ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတဲ့အခါ ကိုယ့်ဖက်က လုပ်နေကိုင်နေတာတွေအတွက် အားမလိုအားမရ ဖြစ်မိတယ်။ ကိုယ်တိုင်က နောက်လိုက်ငယ်သားဆိုတော့လည်း ခေါင်းဆောင်ကြီးတွေကိုပဲ တိုက်တွန်း ရတော့မယ်ပဲ ထင်ပါရဲ့။
ခေါင်းဆောင်ကြီးများခင်ဗျား...။
ပရောဂျက်များ ရေးတင်စားခြင်းထက် ပရောဂျက်များ အကောင်အထည်ဖေါ်နိုင်ကြပါစေ။
စတိတ်မန့်တွေထုတ်နေခြင်းထက် လှုပ်ရှားစည်းရုံး ဆောင်ရွက်နိုင်ကြပါစေ။
လူထုအတွက်စွမ်းဆောင်လိုသူများ လူထုနဲ့ နီးစပ်နိုင်ကြပါစေ။

မှတ်ချက်။ ။ ကိုယ့်တုန်းက ကိုယ့်ဖက်က ကူပြီး ပြောဆိုဆောင်ရွက်ပေးတဲ့ ဒလိုင်းလားမားတို့ အခုလို အရေးတော်ပုံ ဖြစ်နေချိန်မှာ စတိတ်မန့်လေးလောက်ဖြစ်ဖြစ် ထုတ်ပြီးတော့ အားပေးဖို့တော့ သင့်တဲ့အကြောင်း စတိတ်မန့်ခေါင်းဆောင်များ ကို တင်ပြတိုက်တွန်း လိုက်ပါတယ်။

စတိတ်မန့်ချစ်သူ
Rest of your post

No comments:

 
/* EOT ----------------------------------------- */