Thursday, March 20, 2008

စက်ကလေး တစ်ဆယ့်နှစ်ပါး

စက်ကလေး တစ်ဆယ့်နှစ်ပါး
သြောင်း… နမော။

(ဗုဒံ္မ သရဏံ ဂစ္ဆာမိ၊ဓမံ္မ သရဏံ ဂစ္ဆာမိ၊ သံဃာ သရဏံ…ဂစ္ဆာမိ)


{၁၃၇၀ ခုနှစ်အတွက် စက်ကလေးတစ်ဆယ့်နှစ်ပါး အထူးဟောကြားချက်}

ဗိုလ်မှူးဗိုလ်ချုပ် တရုတ်လောပန် ရသမျှဖန်ကာ အီစီကလီထုတ် မယားငယ်လုပ်လျက် ပြီတီတီနှင့် အရှက်မငဲ့ကွက် မော်ဒယ်လ်မလေးစက်။

ငါးရက်တပတ် အပြီးသတ်ကာ ထုတ်ဝေပါသည်။ ချစ်ကြိုက်ကွဲငြား မဲပြာပုဆိုး၊ ထိုးကြကြိတ်ကြ၊ရန်ဖြစ်ကြနှင့် အနှစ်မပါ ဖန်တရာတေလျက် ဗွီဒီယိုလောကစက်။

တနှစ်လုံးမှာ ဆယ်ကားသော်မှ မရိုက်အားသည့် ဖလင်ကရှား စက်အိုကြားက ချိနဲ့နဲ့နှင့် ထွက်ပင်ထွက်ငြား ပေါ်လစီကားမှ အကယ်ဒမီရသည့် ခေတ်ဆိုးခေတ်ပျက် ရုပ်ရှင်လောကစက်။

သူ့ဟာကိုယ့်ဟာ ပြန်ကာဆိုကြ၊ အသစ်မထွက်ရဲ၊ အဟောင်းထဲမှာ တလည်လည်နှင့်၊ တချို့ကလည်း အသစ်ဆိုကြ ဟစ်ဟော့ပ် ကြသည် ရန်ဖြစ်နေသလား တေးသံလားဟု ထင်ယောင်မှားလျက် ဂီတလောကစက်။

လူထုကိုကြောက်၊တရားကြောက်ကာ အတွေးခေါင်ခေါင် အူကြောင်ကြာင်တို့ မြို့ကိုရွှေ့ပြောင်း တောခိုအောင်းလျက် ပြည်သူ့နှိပ်စက် နေပြည်တော်စက်။

တိုးတိုးတိတ်တိတ် စိတ်ကြိုက်ရေးကာ သူတို့ဟန်ဖို့ လိမ်ညာလုပ်ကြံ မဟုတ်မှန်သည့် အခြေခံဥပဒေ ရေးဆွဲလေကာ အတင်းအကျပ် ထောက်ခံစေလျက် ကျွန်သက်ရှည်မည့် လိမ်ညာယုတ်ညံ့ ဆန္ဒခံယူပွဲစက်။

နာရေးသာရေး နိုင်ငံအရေးမှာ စတိတ်မန့်ထုတ် ဘာမှမလုပ်ပဲ ပရောဂျက်ရေးကာ ကိုယ်ကျိုးရှာသည် လူထုနှင့်ကင်း မျက်နှာထားတင်းသည့် ငါသိငါတတ် ပြည်ပထွက်သည့် လွှတ်တော်အမတ်ကြီးစက်။

အထက်ကိုဖား၊ အောက်ကိုစားလျက် ရသမျှခွင် ကိုယ်ကျိုးဆင်လျက် စိန်ရွှေငွေသား အိမ်ကားမကျန် ရသမျှဖန်ကာ မယားကြီးငယ် အသွယ်သွယ်နှင့် ဂုတ်သွေးစုတ်လျက် တိုင်းမှူးဝန်ကြီးများစက်။

နိုင်ငံဘဏ္ဍာ ကိုယ့်ဟာမှတ်၍ ရသမျှဘုံး လူတိုင်းမုန်းကာ လေအခါခါဖြတ် ပေါသွပ်ချက်က ဘုရင်စိတ်ဝင် လူတိုင်းချဉ်သည် အာဏာရူးမက် ဗိုလ်ချုပ်မှူးကြီးစက်။

နွေဆိုမီးလောင်၊ မိုးတွင်းရေကြီး လုပ်စားမိုးခေါင် ခွေးကဟောင်လျက် မီးကပျက်နှင့် ခိုးဆိုးလုယက် အထက်ကဖိ အောက်ကပိကာ ၀မ်းရေးလည်းခက် တိုင်းရေးခက်နှင့် ခေတ်ဆိုးခေတ်ပျက် နအဖစက်။

လူထုခံစား သောကများကြောင့် ဘုရားသားတော် သံဃာတော်တို့ လမ်းမပေါ်ထက် ငြိမ်းချမ်းအေးဖို့ မေတ္တာပို့စဉ် ဖမ်းကာ ရိုက်ကာ ပစ်ခတ်ကာနှင့် ရေမှာပေါလော မျှောချခံရ ယုံးကြုံးမရလျက် သံဃာတော်စက်။

နှစ်၂၀ ကြာ သင်ခန်းစာမို့ သူ့အမှား ကိုယ့်အမှား ဘေးဖက်ထားလျက် ရှေ့ဆက်ခရီး အောင်ပွဲနီးရန် အားစိုက်မာန်သွန် ခွပ်ဒေါင်းတွန်ပြီ ရဲစိတ်မွန်ဖြင့် လုံ့လထကြွ ညီညွတ်ကြလော့ ဘာမလျော့လျက် ခွပ်ဒေါင်းစက်။

စက်ကလေးတစ်ဆယ့်နှစ်ပါး ရွတ်သံကြားက အများလူတတွေ နိုးကြားစေဟု နတ်သံဆော်နှိုး ခွပ်ဒေါင်းအိုးဝေ ဆုတောင်းပဏ္ဍာချွေ တင်ပြပေသည် နတ်လူသာဓုခေါ်စေသော်ဝ်….။

(သံပြိုင်) ယခုပြောတာ မှန်ပါလေသဗျ။ ယခုပြောတာ ဟုတ်ပါလေသဗျ။ ယခုပြောတာ ထိပါပေသဗျ။ ယခုပြောတာ …။ (Fade out)

ဆြာသူရိန်ထက်

Rest of your post

No comments:

 
/* EOT ----------------------------------------- */